အိမ်မလွမ်းတလွမ်းသူ30-12-2009 | 07:00:03 | 14 Comments

ဖုန်းကတ်ကလေးကို စက်ထဲသို့ ထိုးထည့်လိုက်သည်.. ပြီးတော့ ဂဏန်းပေါင်းများစွာကို နှိပ်ရပြန်၏.. ပြီးမှ အိမ်က ဖုန်းနံပါတ်လေးကို နှိပ်ခွင့်ရသည်.. 951+…. .. .. …. ဂဏန်းများနှိပ်ပြီးသည်နှင့် စက်က မိန်းကလေးသံဖြင့် သတိပေးပြီ.. `You have 26 Miniutes Left´.. သြော် ဒုက္ခပါလား.. ဖုန်းကဖြင့် ၀င်သည် မ၀င်သည် မသိသေး.. ဖုန်းကတ်က မိနစ်စဖြတ်နေပြီ..

ဖုန်းကတ်လေး တစ်ခုကို ၀မ် ၁ သောင်းပေးရသည်.. ဒေါ်လာအားဖြင့်ဆိုလျှင် ၁၀ ဒေါ်လာ.. ထိုကတ်လေးဖြင့် ထိုင်းကိုဆိုလျှင် ၁ နာရီကျော် စကားပြောလို့ရသည်.. အိန္ဒိယကိုတော့ မိနစ် ၉၀ ရသည်ဟုဆိုသည်.. အခန်းဖော်သူငယ်ချင်းဖြစ်သူ မွန်ဂိုသူလေးကတော့ ရောက်ကတည်းက သူ့ handset လေးထဲ ဖုန်းကတ်ဝယ်ထည့်ပြီး အသုံးပြုတာတွေ့သည်.. မြန်မာပြည်ကိုခေါ်လျှင်တော့ ဖုန်းကတ်တစ်ကတ်ကို နာရီဝက်ပဲ အသုံးပြုလို့ရသည်.. ဒါတောင် ရန်ကုန်ကုဒ်ရိုက်ထည့်ပြီးသည်နှင့် မိနစ်စဖြတ်ခြင်းဖြစ်သည်.. ဖုန်းခေါ်တာလာမကိုင်လို့ ကြာနေလျှင် ထပ်ဖြတ်.. ဖုန်းမ၀င်လျှင် မအားလျှင်ဖြတ်.. တကယ်တမ်း အိမ်က ဖုန်းကိုင်ပြီဆိုလျှင် စကားပြောချိန်က ၁၅ မိနစ် ၂၀ မိနစ်စာသာကျန်သည်.. အမေ့အသံ အဖေ့အသံ ကြားရရုံလေးတင်.. ဘာစကားမှ မပြောအားပါ.. မလွယ်ဘူးနော်..

Korea Asia Youth Camp အစီအစဉ်က အာရှ ၁၈ နိုင်ငံမှ လူငယ် ၂၀၀ ကို ၁ လတိတိ တွေ့ဆုံပွဲ camp လုပ်ခြင်းဖြစ်သည်.. မြန်မာတစ်နိုင်ငံလုံးရှိ လူငယ်များကို အင်္ဂလိပ်အက်ဆေးပြိုင်ခိုင်းပြီး စကာတင်ရွေး.. ထိုထဲကမှ လူတွေ့ထပ်ဖြေပြီး မြန်မာလူငယ် ၁၀ ယောက်ကို ကိုရီးယားသို့ ရွေးချယ်စေလွှတ်လိုက်သည်.. အက်ဆေးခေါင်းစဉ် ၅ ခုပေးထားသည့်ထဲကမှ Globalization and Youth ကိုရေးရမလား.. Cultural Exchanges in Asia ကို ရေးရမလား အတော်စဉ်းစားပြီးမှ Cultural Exchange ကိုရေးမည်ဟု ဆုံးဖြတ်ပြီး ရေးခဲ့တာ.. အရွေးခံရမယ်လို့တောင် မထင်ထား.. တကယ်တမ်း သွားရမည်လည်းဆိုရော အတော်လေး ပျော်သွားခဲ့သည်.. ကိုရီးယားသို့ တစ်လတိတိတောင် သွားနေရတော့မည်..

Continue reading »

ကလေးဘဝ ဘာညာကွိကွများ28-12-2009 | 09:57:48 | 27 Comments

ကိုဟိဏ်း..မမရီတာ.. မမVista တို့ကို ဆက်တဂ်ချင်ပါတယ်.. ငယ်စဉ်တောင်ကျေး ကလေးဘဝရဲ့ အမှတ်တရများတဲ့.. အင်မတန်ပြဿနာရှာတတ်သော အစ်ကိုတော်အိမ်က တဂ်ထားတာလေး.. အမှတ်တရဆိုတာ ကြာတော့လည်း မေ့တာပါပဲလို့တော့ ခံယူထားတော့ကာ.. အဖြစ်အပျက် အမှတ်တရရယ်လို့ ဘာပြောရမယ်မှန်း စဉ်းစားမရဘူး.. ဒါပေမယ့် အကျင့်ဆိုးလေးတွေကြောင့် ဖြစ်ရတဲ့ အဖြစ်အပျက် ပေါက်စိပေါက်စလေးတွေကိုတော့ လူကြီးတွေကလည်း ပြန်ပြောပြောပြလို့ သိနေတယ်လေ.. အဲ့ဒါလေးတွေကိုပဲ ပြောပြလိုက်တော့မယ်..

နန်းညီသည် ငယ်ငယ်က အူကြောင်ကြောင်နှင့် အင်မတန်ပေကပ်ကပ်နိုင်သော ကလေးမဖြစ်၏.. ကြီးလာတော့ကျတော့ ခေါင်းကြောမာတယ်.. ကိုယ်ပိုင်အယူအဆရှိတယ်လို့ လူကြီးတွေက ပြောင်းသုံးကြသည်.. ငယ်ငယ်ကတော့ ပေကပ်ကပ် ဂျစ်တစ်တစ်လို့ သတ်မှတ်ကြခြင်းပေါ့လေ.. ထားပါတော့.. ထိုအကျင့်ဆိုးကြီးကြောင့်ပဲ သင်္ချာစာမေးပွဲလည်းကျဖူး၏.. ကျောင်းမှာလည်း မကြာခဏ ဒဏ်ပေးခံရတတ်၏.. အိမ်တွင်လည်း မကြာခဏ ဆော်ပလော်တီးခံရတတ်၏.. အမျိုးအဆွေများကြားတွင်လည်း လူကြီးများ၏ မြင်ပြင်းကပ်ခြင်းကို ခံရလေသည်..  ၃ တန်းတွင်လား ၄ တန်းတွင်လားတော့ မသိ. ဂျီသြမေတြီသင်္ချာတော့ သင်နေရပြီ.. ပထမအစမ်းစာမေးပွဲဖြေသောအခါ သင်္ချာတွေကိုအကုန်လည်းရ.. သေချာလည်း ကျေကျေညက်ညက် လေ့ကျင့်တွက်ချက်ထားပါလျက်နဲ့ အမှတ်ထွက်လာတော့ ၁၀၀ မှာ ၅၀ ကျော်လေးသာ ရသည်.. ဆရာမကလည်း မိဘခေါ်တွေ့သည်.. နန်းညီသည် သင်သမျှဘာသာရပ်တွေထဲတွင် သင်္ချာကို အတော်ဆုံး စိတ်လည်းအဝင်စားဆုံးဖြစ်သည်.. ဘယ်လိုဖြစ်သနည်း.. ဘာတွေဖြစ်ကုန်သနည်း.. အိမ်ကလူတွေ မျက်လုံးမျက်ဆန်ပြူးကာ ဆရာမဆီသွားကြ၏.. ထိုအခါမှ သိသည်.. ဟုတ်ကဲ့.. ဒီလိုဖြစ်ခဲ့ပါသည်..
Continue reading »

ပျက်ချင်ရာပျက်03-11-2009 | 11:55:58 | 11 Comments

ခရီးရောက်မဆိုက်ဘဲ စီပုံးမှာ ဦးငယ်က တဂ်ပါတယ်အော်ထားတာ မြင်မိတယ်.. ၂၀၁၂ မှာ တကယ်သာကမ္ဘာပျက်မယ် ဆိုရင်တဲ့လား..

ကမ္ဘာပျက်တယ်ဆိုတာ ဘယ်လိုမျိုးလဲလို့ ရုပ်ရှင်တွေထဲမှာတော့ ခဏခဏကြည့်ဖူးပါရဲ့.. တကယ်ပဲ အဲ့ဒိပုံစံမျိုးကြီးလား.. ကမ္ဘာကြီးတစ်ခုလုံး မပျက်စီးဘူးဆိုရင်တောင် လူတွေကတော့ တစ်နေ့မဟုတ်တစ်နေ့ ပျက်စီးသွားကြတာပါပဲ.. ဒီတော့ သိပ်တော့မထူးဘူးပြောရမလား.. ဒါပေမယ့် ထိတ်လန့်ကြောက်ရွံ့နေတဲ့လူတွေကို မြင်နေရမှာတော့ ထူးမယ်ထင်တယ်..

တကယ်သာ အဲလိုတွေ အလန့်တကြားဖြစ်နေချိန်ဆို..

ဘယ်သူနဲ့မှ အတူမရှိနေချင်ဘူး.. ဘာမှကိုလည်း တွေးမကြောက်တော့ဘူး.. ဘာမှလည်း မပြင်ဆင်ဘူး.. ဝမ်းနည်းခြင်း.. ဝမ်းသာခြင်းတွေလည်း ကြိုးစားဖယ်ထုတ်ထားမယ်.. ပျက်စီးသွားမယ့် လူတွေနဲ့ ကမ္ဘာကြီးကို မမြင်ချင်တဲ့အတွက် ကိုယ့်ဘာသာပဲအချိန်တစ်ခု သတ်မှတ်ပြီး အရင်ကြိုသေထားလိုက်တော့မယ်.. အနည်းဆုံးတော့ “ငါဟာငါဖြစ်တယ်” ဆိုတဲ့ အမြဲခံယူချက်နှင့် ကိုက်ညီလှစွာ.. “ငါသေမယ့်အချိန်တော့ ငါပိုင်တယ်”ဆိုတာမျိုးဖြစ်အောင် ကြိုးစားလိုက်ဦးမယ်.. ဒါပါပဲ..

ဆိုညဉ်းဖြစ်သော သီချင်းများ19-09-2009 | 10:16:45 | 16 Comments

မောင့်ကြောင့် ညစ်ညူးလေးလံနေသော စိတ်များကို ဖြေဖျောက်ဖို့အတွက် ဘယ်လိုမှ မတတ်နိုင်တော့သောအခါ ကျမ ဘတ်စ်ကားကျပ်ကျပ်ကို တိုးဝှေ့စီးပစ်လိုက်မိပါသည်.. မောင်ညာတာတွေ မောင်ဟန်ဆောင်တာတွေ မောင်ကျမအပေါ် မပွင့်လင်းတာတွေ မောင်ကျမကို မလှိမ့်တပတ်လုပ်တာတွေ..  “ဟန်ဆောင်တာတွေ ထားခဲ့ပါ.. ငါ့အသည်းကို မကစားနဲ့ ငါ့ဘဝနဲ့တော့ မကစားနဲ့ကွာ..” ဟူသော မျိုးကြီးသီချင်းက ကျမဒဏ်ရာများကို ဆွပေး၏..

ကားပေါ်မှာ ကျမအားတိုးဝှေ့နေကြသော လူများကို ဒေါနှင့်မောနှင့် ပြန်လည်တွန်းတိုက်ရင်း ကျမစိတ်က မောင့်ကို ခဏတော့မေ့သွားပါသည်.. ကျမရှေ့ကလူထသွားသောအခါ ထိုနေရာကို ကျမထိုင်ရမှာဖြစ်ပါလျက်နှင့် အဝေးကြီးမှ အတင်းတိုးကာနေရာလုထိုင်သွားသော မိန်းမကြီးကို ဒေါသဖြစ်စွာဖြင့် “shit” ဟု ခပ်တိုးတိုးဆဲရေးလိုက်မိသောအခါ ဆဲတာကိုလုံးဝမကြိုက်တတ်သည့် မောင့်မျက်နှာကို စေ့စေ့ကြည့်ရင်း မောင့်ကို ဆဲပစ်လိုက်ချင်စိတ်က ကျမကို ကြီးစိုးလာ၏.. ထိုသို့လုပ်နိုင်ဖို့ ကျမ သတ္တိတော့ အတော်မွေးရလိမ့်မည်ထင်သည်.. တချိန်ထဲပင် big bag ၏ တယ်လီပန့် သီချင်းတပိုင်းတစကို ကျမ သတိရသွားပါသည်.. “ဘယ်သူမှ ကြိုက်ကြိုက် မကြိုက်ကြိုက်ေ-ာက်ဂရုလုံးဝမစိုက်.. မင်းကြည့်လိုက်ဟေ့.. မကျေနပ်ရင် လစ်သွားလိုက်” … ပြီးတော့ ကျမ ပြုံးမိသွားပါသည်..

“အချစ်စစ်ဖြစ်ခဲ့လည်းပဲ ဘဝသစ်ထပ်စဖို့ရာ မဖြစ်တော့ဘူး တံတိုင်းတွေတစ်ယောက်တစ်ဖက်ခြား” ဟူသော သီချင်းကို ခုတလော ခဏခဏဆိုညဉ်းမိသောအခါ ဘယ်လိုတံတိုင်းတွေက ကျမတို့ နှစ်ယောက်ကို ခြားနားနေတာလဲဟု ကျမ သူငယ်ချင်းက သိချင်ပါသည်တဲ့.. သိပ်ခိုင်မာတဲ့တံတိုင်းကြီးတစ်ခု မောင်ကိုယ်တိုင်ပဲ တည်ဆောက်ထားတာပဲကွယ်.. မောင့်ဘာသာမောင် သတိထားမိသည်ဖြစ်စေ သတိမထားမိဘဲဖြစ်စေ အကာအရံအတားအဆီးများကိုတော့ မောင်တည်ဆောက်နေမိပြီ.. “ဘယ်လိုနည်းနဲ့မှ ပေါင်းစပ်ခွင့်မရှိမှန်း သေချာခဲ့တဲ့နောက်.. ငါ့ကို ချန်ရစ်ပြီးသွားတော့ အားလုံးအမှားများအောက် နောက်မကျသေးခင်” …

ကားပေါ်မှာ ခြေထောက်များ တောင့်တင်းညောင်းညာလာသည်အထိ မတ်တပ်ရပ်လျက် ကျမ လိုက်ပါလာနေပါသည်.. မောင့်အကြောင်း မတွေးမိအောင် ကြိုးစားရှောင်ဖယ်ရင်း ပူလောင်အိုက်စပ်လာ၏.. နွေရောက်တော့မှာလား.. မောင်၏ အေးမြသော ချစ်ခြင်းနှင့်ဝေးကွာနေပြီဆိုမှတော့ ကျမအတွက် ဘယ်အချိန်မဆို နွေရာသီချည်းပဲ ဖြစ်နေတော့မှာပါ.. ကျမသိပါသည်.. “ဒီနွေအပူဆုံးလိုပဲ အတူနောက်ဆုံးအချိန်က နှင်းကိုလွမ်းတယ်.. အချစ်နဲ့ မြောက်ပြန်လေဟာ ခဏလေးနဲ့ ဖြတ်ကျော်သွား မတားနိုင်” ဆိုသည့် အငဲသီချင်းက ကျမစိတ်ထဲရောက်လာပြန်၏.. မောင်နဲ့တူတူရှိခဲ့တုန်းက နှင်းစက်နှင်းပွင့်များသည် မောင့်အချစ်နှင့်တူတူပင် ဖျတ်ကနဲ ကျမဘဝထဲက ထွက်သွားခဲ့ပြီ..

ကျမ ငယ်စဉ်ကတော့ နွေရာသီကို ချစ်ခဲ့ဖူးပါသည်.. ကျောင်းရက်ရှည်ပိတ်သောကြောင့် ကျမ စာမကျက်ရဘဲ အားလပ်နေတတ်သောကြောင့် ပျော်စရာကောင်းသော သင်္ကြန်ဆိုသည့်ပွဲတော်ရှိနေသောကြောင့်.. အင်းပေါ့လေ.. ငယ်တုန်းမှာတော့ အရာရာဟာ ဒဏ္ဍာရီဆန်စွာ လှပနေလေ့ရှိတတ်ကြတာပါပဲ.. “နှင်းများကျနေတဲ့လမ်းထဲ ကလေးလေးတစ်ယောက်အပူပင်မဲ့ အဝေးက အစိမ်းရောင် မြက်ခင်းထဲ ကြီးပြင်းရင်းနဲ့.. ဒဏ္ဍာရီလိုစိတ်ကူးများ ပီပြင်လာမယ် ယုံစားတတ်တဲ့ဘဝ.. လွင်ပြင်ကျယ်ရဲ့ တစ်ဖက်စွန်းက ဘယ်လိုနေမယ် ငါမသိရ အတွေးများ.. ကလေးလေးတစ်ယောက်ရဲ့ စိတ်ကူးနဲ့ စဉ်းစားလိုက်မမှီ အဖြေမရှိ အတွေးလေးထဲ မျှော်ကြည့်ဆဲ.. စူးစမ်းစိတ်က.. မိုးကုတ်စက်ဝိုင်းရဲ့ အစွန်းတစ်ဖက်မှာ ဘာတွေရှိမယ်” .. အယ်ဖြူရေးသော “လိပ်ပြာ” သီချင်းကို ကျမ နှစ်သက်စွဲလန်းမိတာ ဆန်းသည်ဟုတော့ မထင်ပါ..

ဆင်းရမည့် မှတ်တိုင်ရောက်တော့ မနည်းတိုးခွေ့ဆင်းလာခဲ့ရင်း ကျမခံခဲ့ရသည့် ဒုက္ခကို ပြန်စဉ်းစားမိတော့ ကိုယ့်ကိုကိုယ် ရယ်မိသွားပါသည်.. ကျမဟာ ခုထိ အဓိပ္ပါယ်မရှိသည့်အလုပ်များကို လုပ်နေတုန်းပဲ.. မောင့်အကြောင်း မစဉ်းစားချင်တာနဲ့ပဲ ကျမစိတ်ကို အလုပ်ပေးချင်တာနဲ့ပဲ ဘတ်စ်ကားကျပ်ကျပ်ကို ဒုက္ခခံတိုးစီးခဲ့ပေမယ့် မောင်ကဖြင့် ဘတ်စ်ကားတောင် သိပ်စီးလေ့ရှိတာမဟုတ်ပါ.. ခုတော့ကြည့်လေ.. ဘတ်စ်ကားဂိတ်မှ အိမ်သို့ရောက်အောင် လမ်းအဝေးကြီးကိုလည်း လျှောက်ရဦးမည်.. ကျမ သိပ်ရူးပါသည်.. အေးလေ ဒါကြောင့်လည်း ကျမရဲ့ အကြိုက်ဆုံး သီချင်းက အယ်နောင်းရဲ့ “အရူး”ဆိုတဲ့ သီချင်းဖြစ်နေရတာပေါ့.. သီချင်းကို ခပ်တိုးတိုး သို့သော် အယ်နောင်းအသံလိုပဲ ကြေကြေကွဲကွဲဖြစ်အောင် သီဆိုလျက် ကျမ၏ အိမ်အပြန်လမ်းကို စတင်လိုက်ပါသည်.. “ဒီမှာရဲရင့်မှုပြိုလဲ.. နေပူမှာလိုက်မှားခဲ့ အရူး တစ်ယောက်လို မျှော်လင့်ဆဲပဲ.. တံလျှပ်များရဲ့ နောက်လိုက်ဆဲ.. လိုချင်တာကို မရခဲ့.. ငါ့ရဲ့ဘဝဟာဆုံး.. အရူး .. ကံကြမ္မာရဲ့မီးတောက်ဝိုင်းလို့ရူး.. သောကများထဲလျှောက်ခဲ့ရူး.. အနိုင်လိုချင်ခဲ့တဲ့ အရှုံးနဲ့ရူး.. တံခါးများလည်း ဖွင့်ခဲ့ရူး…”.. လမ်းမှာ ဆုံတဲ့လူများကတော့ တစ်ယောက်ထဲ သီချင်းဆိုရင်း မျက်ရည်ကျရင်း လမ်းလျှောက်လာတဲ့ ကျမကို နားမလည်နိုင်စွာကြည့်လျက် ကျန်ခဲ့ကြပါသည်.. သို့သော် ကျမဂရုမစိုက်တော့ပါ.. ကျမက အရူးတစ်ယောက်မဟုတ်လား.. ….

x  x  x  x  x  x  x  x  x  x  x  x  x

ကိုဇောင်း တဂ်ထားတဲ့ ဆိုညဉ်းဖြစ်တဲ့ သီချင်းများ ဆိုတဲ့ ပို့စ်ပါ.. အမြဲတမ်း သီချင်းနားထောင် သီချင်းညဉ်းနေတတ်တော့ အများကြီးရေးနေရမှာ.. အဲ့ဒါနဲ့ပဲ ခုတလော အရမ်းကြိုက်နေတဲ့ သီချင်းတွေနဲ့ ဇာတ်လမ်းလေးဆင်ပြီးရေးဖြစ်သွားတယ်.. ဆက်ပြီးတော့ အိဖူးနဲ့ အဒေါ်ကြီးမေရာကိုပဲ တဂ်တော့မယ်.. ထုံးစံအတိုင်း ဒုက္ခနည်းနည်းပေးလိုက်တာပေါ့နော့.. ကိုဇောင်းရေ တာဝန်ကျေပြီ..

အယ်ရှား စွယ်တော်ပင်နှင့် နန်းညီ24-08-2009 | 09:58:02 | 14 Comments

ကိုရွာသားက တဂ်လို့ ပန်းတွေအကြောင်း အပြေးအလွှားစဉ်းစားမိတယ်.. ငယ်ငယ်ကတည်းကပဲ ပန်းဆိုရင် ဒေလီယာနဲ့ မေမြို့ပန်းတောင် ခွဲခြားသိတာမဟုတ်ဘူး.. နှင်းဆီတို့ ပိတောက်ပန်းတို့ စံပယ်ပန်းတို့ဘာတို့တော့ သိတာပေါ့.. သစ်ပင်တွေကို ချစ်တတ်ပေမယ့် ပန်းကိုကျတော့ စိတ်လည်း မဝင်စားဘဲ ကြိုက်လှချည်ရဲ့ဆိုတဲ့ပန်းလည်း မရှိခဲ့ပါဘူး.. ဒါပေမယ့် ခု အသက်တော်တော်လေးကြီးလာမှ သဘောကျမိသွားတဲ့ ပန်းတော့ရှိတယ်..

အယ်ရှားဆိုတဲ့ကောင်လေးအကြောင်းကို သိကြမယ်နဲ့တူတယ်နော်.. နန်းညီရဲ့အမြွှာလို့ကို ပြောလို့ရတဲ့ကောင်လေးလေ.. သူ ရန်ကုန်ရောက်ကာစတုန်းက  တစ်ရက်မှာပြောတယ်.. စွယ်တော်ပင်တွေအကြောင်းပါ.. သူ သဘောကျတယ်ဆိုတဲ့အကြောင်းပေါ့.. ညီညီကလည်း ထောက်ခံလိုက်တယ်.. ဟုတ်တယ်.. စွယ်တော်ပင်ဟာ သဘောကျဖို့ကောင်းတယ်.. သူ့ရဲ့အဓိပ္ပါယ်အရရော.. သူ့ပုံစံအရရော သူက နှစ်သက်စရာတွေချည်းပဲ.. “ဗန်းမော်မှာဆို စွယ်တော်ပင်တွေ တန်းစီပေါက်နေတဲ့ လမ်းတစ်လမ်းရှိတယ်.. စွယ်တော်ပင်တွေဟာ အကြီးကြီးမှ အကြီးကြီးတွေချည်းပဲ.. လှလိုက်တာတအားပဲ” လို့ သူ့ကိုပြောပြတော့ အဲ့ဒိလမ်းကိုလျှောက်ဖူးချင်စိတ်နဲ့ လမ်းကလေးကို ပုံဖော်နေလိုက်တာ သူ့မျက်လုံးတွေ တလက်လက်တောင် တောက်လာတယ်..

စွယ်တော်ပင်အကြောင်းတွေ သူနဲ့ပြောရင်းမှ စွယ်တော်ပွင့်ကို သတိထားမိသွားတယ်.. တချို့အပင်တွေက အဖြူရောင်ပွင့်ပြီး တချို့အပင်တွေက ခရမ်းရောင်လေးတွေပွင့်တတ်တယ်.. တချို့အပွင့်လုံးဝမပွင့်တဲ့ စွယ်တော်ပင်တွေလည်း ရှိတာပဲ.. ဘာကွာတာလဲတော့မသိဘူး.. ဒါပေမယ့်လည်း ပွင့်ဖတ်ချွန်ချွန်ရှည်ရှည်လေးတွေနဲ့ စွယ်တော်ပွင့်လေးတွေဟာ လှတယ်လို့ ခံစားရတာတော့အမှန်ပဲ.. အနံ့လည်းမရှိပဲနဲ့ ရိုးရိုးရှင်းရှင်းလေး.. စွယ်တော်ကိုင်းက ရှည်ရှည်လေးကွေးညွတ်နေတဲ့ အပေါ်မှာ သူက အလိုက်သင့်လေး ပွင့်နေတတ်တာ.. နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တယ်ဆိုတဲ့ အသည်းပုံစွယ်တော်ရွက်တွေနဲ့ လိုက်ဖက်ညီညီလေး..

“အပင်ကိုကြိုက်တာလည်း ကြိုက်ပေမယ့် ငါကတော့ အပွင့်တွေလည်း လှတယ်ထင်တာပဲဟ.. သူ့အပွင့်လေးတွေကြောင့် သူ့အပင်က ပိုလှနေတာလိုပဲ” လို့ ပြောလိုက်တော့.. အဲ့ကောင်က မျက်လုံးကြီးပြူးပြီး ညီညီ့ကို ကြည့်ပါလေရော.. “စွယ်တော်ပင်က အပွင့်ဘယ်မှာ ပွင့်လို့လဲ”တဲ့.. “အမ်”.. သူပြောကာမှ နည်းနည်းကြောင်သွားတယ်.. ငါ့မျက်စိထဲပြေးမြင်မိနေတာ စွယ်တော်ပန်းတွေမှ ဟုတ်ရဲ့လား လို့ပေါ့.. “စွယ်တော်ပင်က အပွင့်မပွင့်ဘူးလေ မယ်ညီရ” တဲ့.. သူက ထပ်ပြောတော့ ပိုပြီး အူကြောင်ကြောင် ဖြစ်သွားတယ်.. ငါပဲ အမှတ်မှားတာလားပေါ့.. အစကတည်းက ကိုယ်ကလည်း ပန်းတွေဘာတွေ သိပ်ကျွမ်းကျင်တာမဟုတ်တော့.. သူပြောတာကပဲ မှန်တယ်ဆိုပြီး လက်ခံထားလိုက်တာ.. အဲ့ဒိအချိန်တုန်းကလည်း ကျောင်းဝင်းထဲက စွယ်တော်ပင်တွေရော မြင်မြင်သမျှအပင်တွေရော အကုန် ဘယ်စွယ်တော်မှ ပန်းမပွင့်နေကြဘူးလေ..

အဲလိုနဲ့ နောက် တစ်လကျော်ကျော်ကြာပြီးမှ နှစ်ယောက်သား တရုတ်စကားပင်တွေ တန်းစီနေတဲ့ လမ်းတစ်လမ်းကို လျှောက်ဖြစ်တယ်.. လမ်းမှာ ပျံ့ကျဲနေတဲ့ ပန်းပွင့်တွေကို ကျော်ခွသွားနေကြရင်း သူက ရုတ်တရက် “ဟော” ဆိုပြီး ညီညီ့ခေါင်းကို တစ်နေရာကိုဆွဲလှည့်လိုက်တယ်.. သူဆွဲလှည့်လိုက်တဲ့ဘက်ကို ကြည့်တော့လည်း အပင်တွေပါပဲ.. အဲ့ဒါနဲ့ သူ့ပြန်မော့ကြည့်တော့မှ သူက “စွယ်တော်ပွင့်”တဲ့.. ပြောလာတယ်.. အဲဒိတော့မှ သေချာပြန်ကြည့်လိုက်မိတော့ ဟုတ်တယ်ဗျာ.. စွယ်တော်ပန်းတွေ ပွင့်နေလိုက်တာ.. အပင်တိုင်းနီးပါးပဲ.. ခရမ်းတွေရော အဖြူတွေရော.. လှလည်းလှလိုက်တာ.. “တွေ့လား တွေ့လား ငါမပြောဘူးလား” ဆိုပြီး ခုန်ဆွခုန်ဆွနဲ့ပေါ့.. သူကလည်း သဘောတကျ ကြည့်နေရင်း “စွယ်တော်ပင် အပွင့်ပွင့်တာ ငါတစ်ခါမှ မမြင်ဖူးသေးဘူး” တဲ့..

အပင်တစ်ပင်က ပန်းပွင့်တာကို ကြည့်ရင်း တစ်ခါမှ အဲဒီလောက်မပျော်ခဲ့ဖူးဘူးလေ.. ခုဆိုရင် တခြားအပင်တွေ ဘာဖြစ်ဖြစ် စွယ်တော်ပင်က ပန်းတွေပွင့်လာတာမြင်တိုင်း သိပ်ပျော်မိတယ်.. ပန်းပွင့်ဖြူဖြူလေးတွေက အယ်ရှားရဲ့ မျက်လုံးတွေကို သတိရစေပြီး ခရမ်းရောင်အပွင့်တွေမြင်ရင်တော့ သူ့အသံကို ကြားယောင်လာတယ်.. ညီညီ့အစ်ကိုလည်းဟုတ် ညီညီသိပ်ချစ်ရတဲ့ သူငယ်ချင်းလေးလည်းဟုတ်တဲ့ အယ်ရှား.. သူသိပ်ချစ်တဲ့ စွယ်တော်ပင်.. သူ သဘောကျတဲ့ စွယ်တော်ပန်းတွေ.. ညီညီလည်း အဲ့ဒီကတည်းကစပြီး စွယ်တော်ပန်းကို ချစ်တတ်သွားတာပဲ..

အော်- ပြီးတော့.. တစ်ခါတုန်းက အဲ့ဒိကောင် သူ့အခန်းနံရံမှာ စွယ်တော်ရွက်တွေကပ်ပြီး Decoration လုပ်ဖူးသေးတယ်.. အိမ်က အပေါ်ထပ်က ရေယိုလို့ နံရံမှာ ရေစိုကွက်ကြီးဖြစ်နေတာပေါ့.. အဲ့ဒါကို သူက ကျောင်းထဲက စွယ်တော်ပင်တွေကနေ အရွယ်စုံအောင် အရွက်တွေ ခူးခူးလာပြီး အဲ့ဒိရေကွက်နေရာမှာ ဟိုနားဒီနား သူလှတယ်ထင်သလိုတွေကပ်.. ဆေးတွေနဲ့ အကိုင်းပုံစံတွေ ခြယ်ပြီးတော့ Installation ခေါ်မလား.. အရူးထတယ်ခေါ်မလား.. လုပ်တာပေါ့.. အဲ့ဒိတုန်းက “ဘယ်လိုလဲ မယ်ညီ.. မိုက်လား.. ငါ့စွယ်တော်ပင်နံရံ”လို့ မေးတော့.. ခေါင်းကို ဘယ်ဘက်စောင်းကြည့်လိုက် ညာဘက်စောင်းကြည့်လိုက်.. မျက်မှောင်ကုပ်ကြည့်လိုက်.. အနားတိုးကြည့်လိုက်.. အဝေးကကြည့်လိုက်နဲ့ လုပ်ပြီး စိတ်ထဲရှိတဲ့အတိုင်းကလည်း မှတ်ချက်မချရဲတော့ မကြားတကြားလေး “Look so creepy” လို့ ပြောလိုက်တာ.. ကြားဖြစ်အောင်ကြားသွားပြီး စိတ်ဆိုးသွားဖူးသေးတယ်.. ဟီးဟီးဟီး

ကျမ၏ရောင်စုံများ12-08-2009 | 09:43:54 | 13 Comments

mycolors

လက်ဆယ်ချောင်းရှိတာကို တစ်ချောင်းတစ်ရောင်နှုန်းနဲ့ ဆယ်ရောင်ဆိုးတတ်တဲ့ ကျမအတွက် မရှိမဖြစ်သော ချစ်ရသော အရောင်များပါ..

အဲဒါနဲ့ စကားမစပ် တခြားလူတွေရဲ့ ချစ်ရတဲ့ အရောင်တွေကိုလည်း သိချင်လာလို့လေ.. tag လိုက်ပါတယ်နော်.. ဘာတွေရဲ့ အရောင်တွေကို သူတို့ချစ်ကြသလဲ ကြည့်ကြမယ်..

ကံထူးသူများကတော့

၁) မနော် (အရောင်တွေအကြောင်းရေးနေကြမို့)

၂) မောင်ဘ (ဘလော့ဂါမဟုတ်သော်လည်း သိချင်မိပါတယ်)

၃) အန်ဒီကောင် (အရောင်တွေကို ဘယ်လိုများခွဲခြားချစ်သလဲ I wonder)

၎) ကိုရွာသား (လုပ်ပါ လုပ်ပါ.. ပြောပြပါဦး)

၅) တီKom (အရမ်းစိတ်ဝင်စားနေတယ်)

၆) ကိုလောရှည် (ဓာတ်ပုံသမား အိုင်ဒီယာဆန်းဆန်းတွေ ထွက်လာမယ်ထင်ရဲ့)

နန်းညီ၏ ခုတလောများ03-08-2009 | 15:44:31 | 9 Comments

ခုတလော

တွေးနေမိတာက
(၁) ပေါက်တတ်ကရ ပေါတိပေါချာတွေ
(အမြဲတည်တံ့နေလေ့ရှိသူတစ်ယောက်က ခုတလော ပေါ့ပါးနေလို့ )
(၂) ကြေးအိုးချည်းပဲ ညတိုင်းသောက်ရရင် ဘယ်လိုများနေမလဲ
(စပွန်ဆာတော့ရှိမှဖြစ်မယ်)
(၃) နိုင်ဂံဂျား ခဏအလည်သွားရရင်ကောင်းမှာ
(အလည်သက်သက်)

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
မနာလိုတတ်လွန်းတာနဲ့ အတ္တကြီးတာမကောင်းဘူး မယ်ညီရဲ့

ကျန်းမာရေး
ဒေါင်ဒေါင်မြည်လို့ ဖလန်းဖလန်းထဆဲ

ဖတ်ဖြစ်တဲ့စာအုပ်တွေက
မြင့်သန်း (သူရေး၍ သူကြိုက်သော).. “ရွှေ” ဝတ္တုတိုတွေ..

ရောက်နေဖြစ်တာက
အိပ်ရာထဲ..

ရေးဖြစ်နေတာက
အတင်းအဖျင်းတွေ.. (ရေးလက်စ လုံးချင်းတော့ ပြန်စရေးနေပြန်ပြီ)

နားထောင်ဖြစ်နေတာက
အယ်နောင်းသီချင်းများ (ထုံးစံအတိုင်း)

ရွတ်နေမိတဲ့ကဗျာက
“တစ်နေ့တစ်နေ့ ဖွာထွက်နေတဲ့ စိတ်အမျှင်နဲ့ သောင်ပြင်ပေါ်မှာထိုင် သဲတွေကို ဘယ်လိုကြိုးကျစ်ရမလဲ မစဉ်းစားနဲ့”
(မင်းချမ်းမွန်၏ ခိုနှစ်ကောင်နဲ့ သောင်ပြင်)

ဖြစ်ချင်နေတာက
လူအ တစ်ယောက်

စားဖြစ်နေတတ်တာက
အမေချက်သော ထမင်း ဟင်းများ

သနားနေမိတာက
ကိုယ့်ကိုကိုယ် (မကောင်းပါဘူးဆိုနေမှ)

လွမ်းနေမိတာက
အယ်ရှား

မေ့လျော့ပစ်နေမိတာက
အကြွေးတွေ (စာကြွေး ပုံကြွေး စကားကြွေး အစားအသောက်ကြွေး ဘာကြွေးညာကြွေးများ)

ခါးသက်နေမိတာက

အရည်မရအဖတ်မရ ကိစ္စတွေ

တမ်းတနေမိတာက
ကြယ်စုံကောင်းကင်

ကြိတ်ပြီးချီးကျူးနေမိတာက
“တစ်နေ့ပြီး တစ်နေ့ အကြောင်းအမျိုးမျိုးပြပြီး ရွှေ့တတ်တာ တော်တယ်ကွာ”

ကြိတ်ပြီးအထင်သေးနေမိတာက
ကိုယ့်ဘဝကိုယ် (အလကားပါ ဘာမှလည်း အဆန်းတကျယ်မရှိပဲ နေရာတကာ တွင်ကျယ်ချင်နေတဲ့ကောင်)

ဆန္ဒမရှိတဲ့နေရာ

ရန်ကုန်မြို့လည်

ဆန္ဒရှိနေတဲ့ကိစ္စ
ခရီးသွားဖို့
(ဦးတည်ချက် ပန်းတိုင် အချိန် ငွေ ကန့်သတ်မှုမဲ့သော)

မုန်းတီးနေမိတာက
ပြဿနာရှာလွန်းသူ

ချစ်နေတာက
Adobe Illustrator Cs3

စိတ်ပျက်နေမိတာက

connection

စွဲလန်းနေမိတာက

ကြယ်တွေ

လိုအပ်နေတာက
ခွန်အားများ

တောင်းနေမိတဲ့ဆု

“ဆုတောင်းတိုင်းပြည့်ပါစေ”

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ပျင်းတယ် ပျင်းတယ် ပျင်းတယ် ပျင်းတယ် ပျင်းတယ် ပျင်းတယ် ပျင်းတယ် ပျင်းတယ်

ဝန်ခံချင်တာက

မနော် တဂ်တုန်းက မူနေပေမယ့် ခပ်မြန်မြန်ပဲ ချရေးဖြစ်တယ် (ခုတလော)လို့ ဆိုတာကိုး… ကြာမှရေးရင် ခေါင်းစဉ်မကိုက်ညီမှာစိုးလို့း)

ဒီလူတွေကို ဆက် tag မယ်

မတု (http://tututha.blogspot.com/),
Littlebrook (http://revolution-littlebrook.blogspot.com/),
ဂျဲဂျယ် (http://phoejel.mmgenius.com/),
ဗီလိန် (http://www.villain-lay.com/),
ဟိုလိုလိုဒီလိုလို (http://hololodilolo.wordpress.com/),
တေလေ (http://www.mgtaylay.co.cc)

ထားခဲ့ဖူးသမျှ..19-05-2009 | 09:30:48 | 22 Comments

ကိုကိုက တဂ်ထားတယ်ပြောတယ်.. သူပြောပုံလေသံက သိပ်မသင်္ကာစရာကောင်းနေတာနဲ့ ကမန်းကတမ်းသူ့ ပွမ်တိုးပီးယားကို သွားဖတ်ကြည့်တော့.. ..
အမလေး.. ဗုဒ္ဓေါမြတ်စွာ ! Jesus အလ္လာ ကယ်ပါ.. ထားခဲ့ဖူးတဲ့ ရည်းစားတွေအကြောင်းတဲ့.. အမလေးနော်.. အသည်းယားလိုက်တာ.. ဘယ့်နှယ့် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမယ့် tag ကြီးပဲ.. ဒါမျိုး အစ်ကိုက ညီမကို tag စရာလား .. ဟမ်.. သူကတော့ ရေးထားလိုက်တာ အကျအန.. ရည်းစား ၄ ယောက်ကိုတန်းစီပြီးတော့.. ညီညီ့အလှည့်ကျတော့  ဒုက္ခလှလှရောက်တာပေါ့.. ဘာလို့ဆို သေချာသတ်မှတ်မယ်ဆို တစ်ယောက်မှမရှိခဲ့ဘူး.. သေချာမသတ်မှတ်ဘူးဆိုရင်ကျတော့ အများကြီး.. ကဲ- ဘယ်လိုရေးရမတုံး.. အင်း စိတ်ကူးပေါက်သလိုတွေရေးလိုက်မယ်ကွာ.. အဆင်ပြေသလိုဖတ်လိုက်ကြ.. နော့..

ငယ်ငယ်က (ငယ်ငယ်ကဆိုတာ သူငယ်တန်းကနေ ဆယ်တန်းထိကိုဆိုလိုတာ).. လသာ၂ မှာကျောင်းတက်တယ်လေ.. ယောက်ျားလေးမရှိသောကျောင်းဆိုတော့ မိန်းကလေး  အချင်းချင်းတွေ အချစ်တော်ထားတာ စတိုင်လ်တစ်ခု.. အဲဒိတော့ မယ်ညီတို့ကလည်း ဘာမို့တုန်း.. လသာ၂ မှာ ညီညီဆိုရင် နာမည်ကြီး.. (မကြာခဏ ကော်ရစ်တာမှာ ဒူးထောက်နေရတာ မြင်မြင်နေလို့).. အဟိ.. ဆိုးတာပေတာတေတာကလည်း အလွန်ပဲ ဆိုတော့.. ဘာကြောင့်မှန်းတော့မသိဘူး.. မိန်းကလေးတွေက ယောက်ျားလျာ ဆိုးဆိုးလေးတွေဆို သဘောကျကြတယ်.. ဒီတော့ အချစ်တော်တွေ ပွထနေအောင်ရခဲ့တာပေါ့.. ၅ တန်းကနေစထားတာ.. ၁၀ တန်းထိ.. ဘယ်သူတွေမှန်းတောင် မမှတ်မိဘူး.. တစ်ယောက်ကိုပဲ သေသေချာချာမှတ်မိတယ်.. ဇင်ခိုင်ချိုသော်လို့ခေါ်တယ်.. ညီညီ့ထက် ၂ တန်းကြီးတယ်.. ၆ တန်းစာမေးပွဲဖြေတဲ့အချိန်မှာ လိုက်တာ.. ၇ တန်းမှာ စတွဲတယ်.. သူက အဲ့ဒိအချိန်မှာ ၉ တန်းပေါ့.. ဆံပင်ရှည်ရှည် အသားဖြူဖြူ ခန္ဓာကိုယ်က သွယ်သွယ်လေး.. တော်တော်လေးလှတယ်.. သူ့ကို “မ” လို့ခေါ်တယ်.. သူက “ညီ”တဲ့.. (အဟိဟိ ပြောရင်းတောင် ပြန်သတိရလာတယ်.. အော်- ဒုတ်ခ)..

သူ့ပါးလေးက အတော်လေးကိုဖြူဖွေးပြီး ပြောင်ပြောင်တင်းတင်းလေးနဲ့ .. သွေးကြောစိမ်းစိမ်းလေးတွေကိုတောင်မြင်ရတယ်.. မျက်နှာကမွေးညင်းနုနုလေးတွေက နေရောင်အောက်မှာဆို တလက်လက်နဲ့.. သူ့ပါးလေးကို လက်ညှိုးလေးနဲ့ ထိပြီးကစားရတာ အရမ်းပျော်စရာကောင်းတယ်.. သူခေါင်းလျှော်လာတဲ့ရက်တွေဆို ဆံပင်ကိုနမ်းရတာ.. အမလေး သူနဲ့စတွဲကတည်းက တခြားဘယ်ကောင်မလေးကိုမှ အရေးမထားတော့တဲ့ထိ သူ့ကိုချစ်ခဲ့တာပေါ့.. ကျောင်းရဲ့အလည်ခေါင်ကွင်းထဲမှာ (ကွင်းထဲမှာရော ကျောင်းဆောင်ပေါ်က ကြည့်နေတဲ့လူတွေရောအများကြီးရှိတဲ့နေရာ) အဲ့နေရာမှာ ပါးရိုက်တာလည်း ခံရဖူးတယ်.. အမှတ်တရတွေကတော့ အများကြီးပဲ.. သူ ၁၀ တန်းအောင်ပြီးတဲ့အထိ တွဲတုန်းပဲ.. ညီညီ ၉ တန်းဖြေအပြီးမှာတော့ သူ ထိုင်ဝမ်ကိုထွက်သွားတယ်.. အဲ့ကတည်းက မတွေ့တော့တာပဲ..

၁၀ တန်းမှာရော ၉ တန်းပါ ယောက်ျားလေးဘော်ဒါတွေရှိခဲ့ပေမယ့် ယောက်ျားလေးတွေကို ဘော်ဒါတွေအနေနဲ့ကလွဲလို့ သိပ်စိတ်မဝင်စားခဲ့ဘူး.. ဆော့ဖော်ဆော့ဖက်တွေ.. ကဲဖော်ကဲဖက်တွေ.. ဒီလောက်ပဲ.. တက္ကသိုလ်စတက်တော့ အရင်ကသူငယ်ချင်းတွေကို ပေါင်းသလိုပဲ အခုကောင်လေးတွေကိုလည်း ပေါင်းမိတယ်.. ခက်တာက ကျောင်းတက်တော့ အရင်လို ဆံပင်တိုတိုမဟုတ်တော့ဘူး.. ကျူရှင်တက်သလို ဘောင်းဘီနဲ့လည်းမဟုတ်.. ကောင်လေးတွေနဲ့ တအားခင်ခင်မင်မင်နေမိတာ (ကိုယ်ကတော့ဘာမှမဟုတ်ပေမယ့်) အများအမြင်ကျတော့ တမျိုးဖြစ်တယ်နဲ့တူပါတယ်.. ကိုယ်က ခင်ခင်မင်မင်ပေါင်းမိတဲ့ ကောင်လေးတွေက ကိုယ့်ကိုကြိုက်လှပါချည်ရဲ့ဖြစ်ကုန်တယ်.. ပထမနှစ်အတန်းတူ သူငယ်ချင်း ၃ ယောက်ကို အဲဒိပုံစံမျိုးနဲ့ဆုံးရှုံးခဲ့ရတယ်.. သူတို့က ကြိုက်တယ်ပြော.. ကိုယ်က မကြိုက်ဘူးငြင်း.. ငြင်းပြီးရင် ညီညီကတော့ အရင်လိုသူငယ်ချင်းလို သဘောထား ပေမယ့် သူတို့ကရှောင်ကုန်တယ်.. ကဲ- ပြီးရော.. ယောက်ျားလေးတွေနဲ့ မတွဲဘူးကွာ.. မိန်းကလေးပဲတွဲမယ်..

ဒါပေမယ့်လည်း ကြိုက်မယ့်သူကကြိုက်တာပဲ.. အဲ့တစ်ယောက်ကိုတော့ သဘောကျတာနဲ့ ပြန်ကြိုက်လိုက်တယ်.. သူက စတုတ္ထနှစ်ပန်းချီက.. ညီညီ့ထက် ၃ တန်းကြီးတာပေါ့.. သူက ဂစ်တာတီးတာ သိပ်တော်တာပဲ.. အသံလည်းကောင်းတယ်.. ဘောလုံးကန်တာလည်း တော်တယ်.. အသားဖြူဖြူလေးနဲ့.. သူ့ဆီမှာ အချစ်ဆုံးက နှုတ်ခမ်းဘေးနားက မှဲ့လေးနဲ့ သူ့ခြေညှိုးလေးပဲ.. ဘယ်လိုသဘောကျမိမှန်းမသိဘူး.. သူ့ခြေချောင်းလေးတွေက သိပ်လှတယ်.. အထူးသဖြင့် ခြေညှိုးလေးပေါ့.. ဖြောင့်ဖြောင့်ရှည်ရှည်လေး.. ပြီးတော့ ဖြူဖြူလေး.. အောလ်ကတ္တီပါဖိနပ်လေးနဲ့ ကချင်ပုဆိုးအကွက်စိပ်စိပ်လေးနဲ့ ဝတ်လာတဲ့ နေ့တွေဆို မယ်ညီတို့ အရူးအမူးပေါ့.. သူနဲ့ ၄ နှစ်လောက်ကြိုက်ခဲ့တယ်.. နောက်တော့ အိမ်က သဘောမကျလို့ရယ်.. တခြားမတိုက်ဆိုင်မှုတွေသိပ်များလွန်းလို့ရယ် ပြတ်သွားရော.. အယ်.. ကဗျာသိပ်မဆန်ဘူးဖြစ်သွားတယ်.. လမ်းခွဲခဲ့တယ်ထားပါတော့..

အဲ့ဒိလူနဲ့ သဘောတွေမတိုက်ဆိုင်ဘူးဆိုတာက ဒီလို ဒီလို.. ညီညီက လူတစ်ယောက်ထဲကို စွဲစွဲမြဲမြဲသိပ်မချစ်တတ်ဘူး.. ပြောရရင် ကိုယ့်ကိုကိုယ်ကလွဲပြီး တခြားလူကိုရော ချစ်တတ်ရဲ့လားမသိဘူး.. ညီညီသဘောကျတဲ့လူတွေသိပ်များတယ်.. ဘာစိတ်မှမပါဘဲ အဖြူထည်သက်သက် သဘောကျနေတာမျိုးပါ.. အဲဒါတွေကို ဒီတိုင်း စိတ်ထဲမှာလည်း မထားဘူး.. သူ့ကိုပြောပြောပြနေတတ်တယ်.. သူက သည်းမခံနိုင်ဘူး.. ညီညီအဲလိုတွေ စိတ်များတာကိုလည်း သဘောမကျဘူး.. ယောက်ျားမယူချင်ဘူးဆိုတာကိုလည်း သူမကြိုက်ဘူး.. ကလေးမချစ်တတ်တာကိုလည်း သူလက်မခံဘူး.. အဲဒါတွေကြောင့် သူနဲ့ပြတ်သွားပြီး နောက်ထပ်လည်း ရည်းစားမထားဖြစ်တော့ဘူး.. တွဲတဲ့ကောင်လေးတွေတော့ အများကြီးပဲ.. သူငယ်ချင်းတွေရော သူငယ်ချင်းမဟုတ်တာတွေရော.. သူတို့တွေကို ချစ်တယ်.. သူတို့ကလည်း ချစ်တယ်.. ဒါပေမယ့် ရည်းစားတွေတော့လည်း မဟုတ်ဘူးလေ.. သူတို့က ညီညီ့ကို မိန်းမလို့တောင် သိပ်မြင်တာမဟုတ်ဘူး.. ဘာမဆို ပြောဆိုနေကြတာပဲ.. ရှက်တာတွေ ရွံ့တာတွေ ရင်ခုန်တာတွေ.. ဘာညာတွေမရှိပါဘူး..

တက္ကသိုလ်စတက်ကတည်းက ခုထိ ဘေးမှာရှိနေတဲ့ လူတစ်ယောက်တော့ရှိတယ်.. သူက ညီညီ့စိတ်တွေကို အားလုံးသိတယ်.. အပြောင်းအလဲများတာ မြန်တာကိုလည်းလက်ခံတယ်.. အရမ်းလည်းသည်းခံတယ်.. ညီညီ့ကိုလည်း အတော်လေးချစ်တယ်.. အင်း – ညီညီကလည်း ချစ်ပါတယ်လေ.. အဲဒါ ရည်းစားလားဆိုရင်.. ဟုတ်လား.. မသိဘူး.. ရည်းစားတွေလိုလည်း မနေထိုင်ပါဘူး.. မပြုမူပါဘူး.. သူရှိနေပေမယ့် တခြားကောင်လေးတွေကိုလည်း သဘောကျတုန်းပဲ.. အရူးအမူးတွေစွဲလန်းနေတုန်းပဲ.. အဲဒိလူတွေကိုလည်း သူအကုန်သိနေ တာပဲ.. သိမှာပေါ့ အကုန်ပြောပြနေတာကိုး.. ဆိုတော့ ဘာလဲ.. မသိဘူး.. ထားခဲ့ဖူးတဲ့ ရည်းစားတွေအကြောင်း tag တာ.. ရည်းစားမထားခြင်းနဲ့ မထားခြင်းအကြောင်းရင်းတွေ ဖြစ်ကုန်ပြီ.. သိတော့ဘူး.. ဆင်ပြေသလိုသာ မန့်ခဲ့ကြပေတော့..

(ရေးရတာ အတော်လေးခေါင်းစားသွားလို့ မကျေမနပ်နဲ့ တခြားလူတွေကို ဆက်ဒုက္ခပေးလိုက်ဦးမယ်.. လာလေရော့.. မမေရာနဲ့ ကိုမင်းစံ)

စိတ်တိုင်းမကျတဲ့ခေါင်းစဉ်05-04-2009 | 18:54:41 | No Comments

ချစ်သော ဦးနော်တီငယ်နဲ့ ကျွန်မရဲ့ကိုကိုက tag တယ်.. ရေးခဲ့သမျှတွေထဲမှာ အကြိုက်ဆုံးပို့စ်တဲ့.. အတော်လေးခေါင်းစားသွားခဲ့ပါတယ်.. ရေးပြီးရင် ရေးပြီးသမျှ အကုန်ကြိုက်တာပဲ.. အကြိုက်ဆုံးဆိုတာကို ပြန်ရွေးထုတ်ဖို့ အတော်ခက်နေခဲ့တာ.. နောက်ဆုံးတော့ အောင်မြင်စွာနဲ့ပဲ တစ်ပုဒ်ရွေးထုတ်နိုင်ခဲ့တယ်.. “လွမ်းနေတုန်းအိပ်မက်”ဆိုတဲ့တစ်ခုပါ.. ခေါင်းစဉ်က သီချင်းခေါင်းစဉ်ကို ပြန်ယူထားတာမို့ သိပ်တော့စိတ်တိုင်းကျမဖြစ်ဘူး.. ခေါင်းစဉ်ကို စိတ်တိုင်းမကျမိတာကလည်း ဒီတစ်ပုဒ်ပဲရှိနေတာမို့ ထူးခြားတယ်ပဲထားလိုက်မယ်နော်..

အဲဒိပို့စ်ကိုစရေးဖို့ အာရုံရတာက အလုပ်ကိုသွားနေတုန်း ဘတ်စ်ကားပေါ်မှာပါ.. ၄၅ မိနစ်လောက်ကားစီးရတဲ့အချိန်တွေဆို အရမ်းကိုပျင်းစရာကောင်းတာလေ.. အဲလိုနဲ့ပဲ အကြည်ဓာတ်လေးတွေစုစုပြီး ခေါင်းထဲမှာစာတွေရေးတဲ့အကျင့်ကို လုပ်ထားခဲ့တာ.. အဲဒိနေ့ကတွေးမိတာက.. မနက်ခင်းတွေဆို ထလာတယ် .. အလုပ်သွားတယ်.. ပြန်လာတယ်.. အဲဒီလို ပုံမှန်လည်နေတဲ့နေ့စဉ်ဘဝလေးတစ်ခုကို ရေးမယ်လို့ စိတ်ကူးမိသွားတယ်.. ဖြစ်နေတာတွေကို ပုံမှန်ကြီးချပြနေရင်လည်း စိတ်ဝင်စားဖို့မကောင်းတော့ ဇာတ်လမ်းလေးတစ်ခုကောက်ဆင်လိုက်တယ်..

“မနက်ခင်းတိုင်းလိုလိုပင် နေရောင်ခြည်နုနုထွေးထွေးများ ကျွန်မအိပ်ရာပေါ်သို့ကျရောက်လာချိန်တွင် ပါးကို ခပ်ဖွဖွနမ်းကာ နှိုးတတ်သည့် ရှင့်အနမ်းများကို တမ်းတမက်မောစိတ်ဖြင့် ကျွန်မအိပ်ရာမှ နိုးလာလေ့ရှိပါသည်..”
ဆိုတာနဲ့ စထားပါတယ်..

စာတွေကိုအကြောင်းအရာအစုံပါအောင် ရှည်ရှည်တွေရေးတယ်.. စကားဆက်တွေမနည်းစဉ်းစားပြီးလှအောင် ချိတ်ထားရတယ်.. စာထဲကမိန်းမက အလွမ်းနဲ့လောင်မြိုက်နေတာမျိုးမဟုတ်ဘဲ အလွမ်းတွေနဲ့ ပျော်မွေ့နေတယ်ဆိုတာမျိုးကိုပေါ်စေတဲ့ အထူးပြုပုဒ်တွေထည့်ချင်တယ်.. ဥပမာ နေရောင်ခြည်နုနုထွေးထွေး.. မပူပြင်းဘူး.. နွေးထွေးတယ် နုငယ်တယ်.. ပါးကိုခပ်ဖွဖွနမ်းပြီး နှိုးတတ်တဲ့အကျင့်.. မြတ်နိုးတာတွေ ကြင်နာယုယတာတွေရဲ့ သဘောလို့ ယူဆမိတာပဲ..

“တိုက်ပေါ်မှဆင်းပြီး ကားမှတ်တိုင်သို့လမ်းလျှောက်ချိန် ကျွန်မလက်များကို မထိတထိ လာလာတိုက်တတ်သည့် ရှင့်လက်ချောင်းလေးများမရှိတော့ လမ်းလျှောက်ရတာ တစ်ခုခုလိုနေသလို အမြဲခံစားရပါသည်.. လက်ကို ဆုပ်ကိုင်တွဲလိုက်သည်လည်းမဟုတ်.. ချိတ်လိုက်တာမျိုးလည်းမဟုတ်ပဲ လက်လွှဲရင်း မသိမသာလာလာထိတတ်သည့် ရှင့်ကို ဟိုတုန်းကတော့ ကျွန်မရယ်ချင်ခဲ့ဖူးပါသည်..”
သူ့ကိုကြင်နာယုယတာတွေကို သူအရင်က တန်ဖိုးမထားခဲ့ဖူးဆိုတာကိုလည်း ပြောချင်သေးတော့ အဲဒီလိုလေးတွေထည့်ကြည့်လိုက်တာပါ.. (ပေါ်လွင်လားတော့ မသိပေါင်).. လက်ချောင်းတွေကို အဲလိုလာလာထိတတ်တဲ့အကျင့်လေးက ချစ်စရာကောင်းတယ်လို့ ကျွန်မထင်တယ်လေ..

“လရောင်ကို မုန်းသော ကျွန်မနှင့် တရားလွန်သာတတ်သော လတို့ကြား ဖျန်ဖြေစကားဆိုပေးမယ့် ရှင်မရှိတော့ အရင်လို ၀ရံတာမှာလည်း ဂစ်တာမတီးချင်..”
အဲဒိတစ်ပိုဒ်လုံးကတော့ သူ့ဘဝရဲ့နေ့စဉ်လုပ်ငန်းတွေမှာ.. အသေးအဖွဲလေးတွေကအစ အဲဒိယောက်ျားက ပါဝင်ပတ်သတ်နေတယ်.. ဘာဖြစ်ဖြစ် မလွတ်ဘူး.. ဘာပဲလုပ်လုပ် အဲဒိယောက်ျားရဲ့အရိပ်တွေရှိနေတယ်ဆိုတာလေးကို ရေးထားတာ.. ဖုန်းပြောတဲ့စာပိုဒ်တွေမှာလည်း သူတို့ ၂ ယောက်ဝေးနေကြတယ်.. ဘာကြောင့်လို့မပြောထားပေမယ့် ဝေးနေတယ်ပေါ့.. မဆုံနိုင်တဲ့ အကြောင်းတစ်ခုနဲ့ ကွဲကွာနေပေမယ့် တစ်ယောက်ကိုတစ်ယောက် ချစ်တုန်းသတိရတုန်း.. အဲလိုလေးတွေပေါ့လေ.. စိတ်ကူးထဲမိရာလေးတွေရေးထားတာပါ..

နောက်ဆုံးအပိတ်ကိုတော့.. “နောက်နေ့မနက်၏ နေရောင်ခြည်နုနုထွေးထွေးများ ကျွန်မအိပ်ရာပေါ်သို့ကျရောက်လာချိန်မှာတော့ ပါးကို ခပ်ဖွဖွနမ်းကာ နိုးတတ်သည့် ရှင့်အနမ်းများကို တမ်းတမက်မောစိတ်ဖြင့် ကျွန်မအိပ်ရာမှ နိုးထလာပါမည်..” လို့ သိမ်းထားလိုက်တယ်.. သူနေ့တိုင်း ဒီလိုပဲ သံသရာလည်နေတယ်.. အလွမ်းတွေက လည်နေတယ်.. မနက်ကစပြီးသူ သတိရလာတယ်.. နောက်ညအိပ်သွားတယ်.. နောက်နေ့မှာလည်း ဒီနေ့လိုပဲ သတိတရနိုးလာမှာပဲ.. အဲလို အဲလို..

မဖတ်ရသေးသူများ ပြန်ဖတ်ကြည့်ပေးပါလား.. ရေးထားတာက အခုပြောထားတဲ့ ရည်ရွယ်ချက်တွေမှ ပေါ်လွင်ရဲ့လားမသိ..
စိတ်ထဲမှာအတော်လေးခံစားပြီးရေးထားတာမို့ အကြိုက်ဆုံးအဖြစ် ပြန်ရွေးထုတ်ပြမိပေမယ့် ခုထိတော့ ပိုပြီးသင့်လျော်တဲ့ လှပတဲ့ ခေါင်းစဉ်တစ်ခု စဉ်းစားနေတုန်းပဲ..

ဝါသနိ ဝါသနာ26-03-2009 | 10:04:00 | No Comments

ဝါသနာတဲ့.. hobby ပေါ့နော်.. hobby ကိုမေးတာလား hobbies တွေမေးတာလားတော့ သိပ် မရှင်းမိဘူးရှင့်.. ဒါပေမယ့် အခြေခံအကျဆုံးတစ်ခုကိုပဲ ရေးလိုက်ပါ့မယ်.. သိုင်းလောကရဲ့ ဘလော့ဒေ၀ီပိုင်ရှင် ကိုသက်ပူသိုင် ကျေနပ်ပါလေတော့.. ဆက်ပြီးကျေနပ်ရန် အလှည့်ကျသူများကတော့ စာမျက်နှာပိုင်ရှင် အိဖူး.. တွေးမိသမျှတွေရေးတဲ့ မမေရာ.. ရင်ကွဲငှက်ပြီးဆက်မရေးဘဲ အပျင်းထူနေတဲ့ ကိုမိုးသောက်တို့ ဖြစ်ပါကြောင်း..

ညီညီ၏ မွေးရာပါ ကြီးစွာသော ဝါသနာကား ပွေလီခြင်းဖြစ်သည်.. ပွေလီလွန်းအားကြီးလို့ ငယ်မည် မယ်ပွေလီတွင်၏.. ငယ်စဉ် အသက် ၅ နှစ်ကျော် ၆ နှစ်လောက်ကတည်းက စက္ကူခေါင်းအုံးလုပ်အိပ်မည် အကြံဖြင့် သတင်းစာများ စာရေးစက္ကူအဟောင်းများကို တစ်ရွက်စီလိပ်.. အမျှင်အမျှင်လေးတွေရအောင် ကပ်ကျေးဖြင့်ညှပ်.. စက္ကူပုံးတစ်ခုထဲမှာ ထည့်သိမ်းထားဖူး၏.. နောက် စက္ကူပုံးပြည့်လုသော် အမေ့ဆီမှ ခေါင်းအုံးစွပ်တစ်ခုကို တောင်းကာ ထိုစက္ကူမျှင်များကို သိပ်ပြန်သည်.. နောက်တော့ အိပ်လေ၏.. တစ်ညသာ အိပ်ရသေးသည် ခေါင်းအုံးလေးမှာ ပြားချပ်သွားပြန်သော် နောက်နေ့တစ်နေ့လုံး စက္ကူထိုင်ညှပ်ပြန်လေသည်.. အမေက တားမြစ်ပိတ်ပင်ကာ ကပ်ကျေးနှင့် စက္ကူမျှင်ထည့်သော ပုံးကို သိမ်းလိုက်၍သာ ထိုကိစ္စ နိဌိတံသွားခြင်းဖြစ်သည်.. မဟုတ်လျှင် ဘယ်နှစ်ညဆက်တိုက် စက္ကူခေါင်းအုံးပြားချပ်ချပ်ဖြင့် အိပ်ရဦးမည်မသိ.. အော် မာတာမိခင်- အမျှော်မြင်ကြီးလေစွ..

အသက်ထိုထက်ပိုကြီးလတ်သော် ဆိုဒ်စုံပါသော ဝက်အူလှည့်တစ်ကတ်ကို ကိုယ်ပိုင်ထား၏.. ဘာလေးဝယ်ပေး ဝယ်ပေး ဝက်အူပါနေလျှင် လှည့်ဖွင့်လိုက်ရမှ ကျေနပ်သည်… စားပွဲတင်နာရီ.. သံပတ်ကား.. ချွန်စက်.. အရုပ်မျိုးစုံ.. လာထား.. ဖြုတ်ကြည့်သည်.. ပြီး ပြန်တပ်သည်.. အောင်မြင်သွားသော် “ငါကွ”ဟု လက်မထောင်၏.. ပြန်တပ်၍ အချိုးမကျတော့လျှင် “ကိုကြီးလုပ်ဦး”ဟု အစ်ကိုကို အပူကပ်၏.. နောက်ဆုံး ဘယ်လိုမှ မရလျှင် ကျွတ်ကျွတ်အိတ်တစ်လုံးထဲ စုထည့်ထားလိုက်သည်.. မပစ်လည်း မပစ်.. နောက်လိုတာရှိရင် ဒီအစိတ်အပိုင်းတွေထဲက ပြန်သုံးလို့ရတာပေါ့လို့ အမြဲတွေး၏.. သို့သော် နောက်တစ်ခါလိုလျှင် ထိုအထုပ်ကို သတိမရ.. နောက်တစ်ခါလည်း သတိမရ.. ဘယ်တော့မှလည်း သတိမရ.. အမေက တိတ်တိတ်ယူပစ်လိုက်လည်း သိသည်မဟုတ်ချေ.. ထို့ကြောင့် ထိုအရွယ်က နာမည်သစ်တစ်ခုတိုးပြန်ပြီး ခုထိလည်း ထိုအမည်တွင်ကျယ်နေတုံးဖြစ်သည်.. “ကျွတ်ကျွတ်အိတ်”တဲ့..

အသက် ၁၄ နှစ် ၁၅ နှစ်လောက်မှာ အဖေ့ဆီက အခွေတစ်ခုကိုကြည့်မိသည်.. ဂျက်ဆန်ပေါ့လော့ပန်းချီဆွဲနေပုံကို ရိုက်ထားသည့် documentary ကားတိုလေး.. ကြည့်ပြီးသော် အားကျပြန်၏.. လက်ချောင်းပန်းချီဆွဲမယ်ဆိုပြီး ပွေလီပြန်သည်.. အတော်လေး အလုပ်လည်းရှုပ် တစ်အိမ်လုံးရှိ ကြမ်းပြင်ဖယောင်းပုဆိုးများလည်း ညစ်ပတ်.. ငွေကြေးကုန်ကျမှုလည်း အတော်လေးများသွားသည်.. အမေက စိတ်ညစ်သော်လည်း ပန်းချီဆွဲသည့်ကိစ္စမို့လို့နဲ့တူသည်.. တင်းတင်းကျပ်ကျပ်မတားမြစ်ချေ.. သို့သော် အဲ့ကိစ္စက ကြာရှည်မခံ.. တစ်ခါတစ်ခါဆွဲဖို့အရေး လုပ်ရကိုင်ရ ပြင်ရဆင်ရတာကြာတော့ စိတ်မရှည်လှသည်နှင့် ဆက်မဆွဲတော့.. အရင်ကလိုပဲ ရိုးရိုးတန်းတန်းပဲ ပြန်ဆွဲနေတာ အခုထိပဲ.. အဖေတို့ အမေတို့ စိတ်အေးရပြန်ပြီ..

ကွန်ပျူတာကိုလည်း ဘာမှ သေချာနားလည်သည်မဟုတ်ဘဲနဲ့ ပေါက်ကရတွေ လျှောက်လျှောက်လုပ်သဖြင့် ခဏခဏ hardware သမားခေါ်ရသည်.. တော်သေးတာက အစ်ကိုဝမ်းကွဲတစ်ယောက်က အဲဒါတွေအကုန်နားလည်တဲ့ service သမားဖြစ်နေလို့.. အိမ်က ကွန်ပျူတာမှာ ဒဏ်အခံရဆုံးက ကီးဘုတ်ဖြစ်၏.. မကြာခဏ ဖြုတ်သည်.. ဆပ်ပြာရည်ဇလုံထဲ ထည့်ကာစိမ်ပြီးဆေးသည်.. တစ်ခါတစ်လေ ဆေးတွေလျှောက်မှုတ်ကြည့်သည်.. ပြီး ပြန်တပ်လျှင် တစ်ခုမဟုတ်တစ်ခု လွဲ၏.. Alt နဲ့ Ctrl လောက်လွဲတာကတော့ အပျော့.. Scroll Lock Key နှင့် Print Screen Key ဆိုလျှင် ယခုရိုက်နေချိန်မှာတောင် လွဲနေသည်.. tab ခုန်မရတာ.. Caps Lock သုံးမရတာမျိုးက ခဏခဏဖြစ်၏.. အခုနောက်ပိုင်းတော့ သိပ်မအားတော့သဖြင့် မဖြုတ်ဖြစ်တာတောင်ကြာပြီ.. အင်း ဟုတ်သား.. သတိရတုန်းလေး ဒီအပတ် ပိတ်ရက်မှာတော့ ဖြုတ်ဆေးဦးမှပါ.. (ကီးဘုတ်ကလေး မျက်ခုံးလှုပ်နေပြီ)..

ခုနောက်ဆုံး ပွေလီခြင်းကတော့ ဘလော့ပေါ့.. စပ်စပ်ဆော့ဆော့ဖြင့် ဘလော့ရပ်ဝန်းကြီးထဲ ရောက်လာပြီး ဟိုပွေလီ ဒီပွေလီလုပ်.. ထင်ရာမြင်ရာတွေ ရေးရင်း.. ဘလော့ဂါရပ်ဝန်းကြီးထဲ ငပွေးတစ်ကောင်ရောက်လာနေပြီ.. ဘလော့ဂါများ သတိသာထားနေကြကုန်လော့.. ပွေလီခြင်း ဝါသနာကတော့ ဖျောက်မရဘဲကိုးရှင့်..