www.nangnyi.net ရသွားပါပြီ.. အခု အဲ့ဒိအိမ်မှာ ပြောင်းရေးပါဦးမယ်..
ဒေါ့နက်အတွက် အစ်မတော်တစ်ပါးက ဝယ်ပေးပါတယ်.. အဲ့ဒါနဲ့ အစ်ကိုတော်တစ်ယောက် အကူအညီနဲ့ ဝယ်လိုက်ပါတယ်.. ပြီးတော့ အဲ့ဒိအစ်ကိုတော်ကပဲ သူ့ hosting ကို ရှဲပေးပါတယ်.. သူကပဲ ဝေါ့ပျက်ထည့်ထားပေးပါတယ်.. သူပဲ ပို့စ်တွေရွှေ့ပေးပါလိမ့်မယ်.. နန်းညီကတော့ ခု အဲ့အသစ်မှာ စပြီး ဓာတ်ပုံလေးတွေ တင်လိုက်ပါမယ်.. ကြည့်ကြမယ်ဟုတ်..
ဒီနေ့
မိလှိုင်ဘွဲ့ယူတယ်.. အချစ်ဆုံးသူငယ်ချင်းတွေပါလို့ ဆိုတဲ့ မိလှိုင်.. အယ်ရှားနဲ့ မယ်ညီ.. ဘွဲ့ယူတော့ကျတော့ တစ်ယောက်တစ်နှစ်စီ.. အယ်ရှားဘွဲ့ယူတုန်းက ညီညီက မန်းလေးသွားနေရတယ်.. ညီညီဘွဲ့ယူတုန်းက မိလှိုင်က ဇာတိမြေပြန်နေတယ်.. ခု.. မိလှိုင်အလှည့်ကျတော့ အယ်ရှားက တောင်ကြီးကနေပြန်မလာနိုင်ခဲ့..
ကံကြမ္မာပဲ..

- ပုံစံကတော့ ..
Continue reading »
ဟိုသောကြာညက မမေရာဆီမှာ ညသွားအိပ်ဖြစ်တယ်.. သူ့ သူငယ်ချင်း အစ်မကြီး ၃ ယောက်လည်းရှိသေး.. ရယ်စရာ ပျော်စရာ.. မနက် ၃ နာရီထိုးထိ စကားတွေပြောဖြစ်ကြ.. ဒီလိုညမျိုးတွေ များများစားစားလိုအပ်တယ်..
စနေနေ့ကတော့ စင်ကာပူကပြန်လာသော အစ်မတော် မိည ကိုသွားတွေ့မယ်ဆိုပြီး မနက်ခင်းမှာ မမေရာနဲ့ အိမ်ကထွက်လာခဲ့တယ်… မိည ဆိုတာလား.. အန်တီခင်ဦးမေ စီဘောက်စ်မှာ ခင်လာတဲ့ အစ်မတော်ပေါ့.. အဲ့စီဘောက်စ်မှာ ခင်တဲ့အစ်ကိုတော်က ရေမွှေးလူကြုံထည့်ပေးလိုက်လို့ သူ့ဆီ သွားယူမှာ.. သူက ဟိုသွားဒီသွားစရာတွေရှိနေပြီး.. ၉နာရီမှာတော့ ဗဟန်းကြားတောရက ဘုန်းကြီးကျောင်းတစ်ခုမှာ ရှိနေမယ်ဆိုလို့ လာမယ်ဆိုပြီး ချိန်းတယ်.. သွားတယ်.. သိမ်ကြီးဈေး ဓမ္မာရုံရှေ့ကကျောင်းဆိုလို့ မေးမြန်းပြီးသွားရင်း မင်္ဂလာဈေးဓမ္မာရုံဆိုတာကို တွေ့တယ်.. ခေါင်းက ကောင်းပုံများ.. သိမ်ကြီးဈေးပါဆို.. မင်္ဂလာဈေးလည်းတွေ့ရော ချက်ချင်း သူပြောတာ မင်္ဂလာဈေးဓမ္မာရုံလို့ ထင်သွားတယ်.. ရှေ့ကတွေ့တဲ့ ကျောင်းထဲ ဝင်သွားပြီး သွားမေးတော့ မရှိဘူးတဲ့.. သူပြောတဲ့ ကျောင်းနာမည် ဘာလဲလို့ မမေရာက မေးတယ်.. “ဇဗ္ဗူသီရိ”လို့ ဖြေလိုက်တော့ မမေရာက အနားရှိတဲ့ လူတွေကို အဲ့ကျောင်းနာမည်နဲ့ လိုက်မေးပေးတယ်.. အဲ့ကျောင်းနာမည်နဲ့ မရှိဘူးတဲ့.. လည်နေတာ အကြာကြီး.. နေပူထဲမှာ ချွေးတွေသံတွေနဲ့.. ဖုန်းဆက်ပြီးပြန်မေးတော့မှ.. လွဲပါလေရော.. တကယ်တော့ သူရှိမယ်ဆိုတဲ့ ကျောင်းက “ဇေယျာအောင်မြေ”.. သွားတော့ သူကမရှိတော့ဘူး.. သူ့အမေတော့ရှိလို့ လူကြုံပစ္စည်းကိုတော့ယူလာနိုင်တယ်.. လူချင်း မတွေ့လိုက်ရဘူးပေါ့.. ဝှူး မောတယ်..
Continue reading »
ခုတလောမှာ ငါမက်တဲ့ အိပ်မက်တွေ အရမ်းထူးဆန်းတယ်..
အင်မတန်ကိုမှ မကြိုက်ဘူးဆိုတဲ့ သီချင်းထဆိုနေလို့ ဘာဖြစ်တာလဲဟလို့ အတွေးမစောကြပါနဲ့.. ခုတလောမှာ မက်တဲ့အိပ်မက်တွေက တကယ်ကို ထူးဆန်းနေလွန်းလို့ ပြောပြမလို့ အင်ထရိုဝင်လိုက်တာပါဗျာ..
ဆန်းတာမှ မဆီမဆိုင်ဗလိုင်းကြီးတွေ.. ဟိုနေ့က မက်တာက.. ငရှားရယ် နန်းညီရယ် တောင်ကြီးက ငပြေဆိုတဲ့ ဘော်ဒါလေးရယ်.. နောက် ဘယ်သူတွေ
ပါသေးလဲ သေချာမမှတ်မိတော့ဘူး.. ရေတံခွန်ကြီးတစ်ခုအနားမှာ.. အောက်ခြေကလည်း ရွှံ့တွေဗွက်တွေနဲ့.. နင်းလိုက်တိုင်း ခြေချောင်းတွေကြားထဲကနေ ဗွက်တွေတိုးတိုးထွက်လာသတဲ့.. အဲ့မှာ ဘာလုပ်နေကြလဲဆိုတော့ ဖောင်အကြီးကြီးတစ်ခု ဖွဲ့နေတာ.. အဲ့ မြစ်ကို စုန်ဆင်းကြမလို့ဆိုပဲ.. ဘာသွားရှာကြမှာလဲတော့မသိဘူး.. ဒါမှမဟုတ် ဘယ်ကနေဘယ်ကိုပြန်ကြမှာလဲ မသိဘူး.. ပစ္စည်းပစ္စယတွေကို လွယ်အိတ်တွေနဲ့ပလတ်စတစ်တွေခံပြီး အထုပ်အထုပ်လေးတွေထုပ်ထားကြသတဲ့.. လှေအသေးလေး ၄ ၅ စင်းလည်း ပါတယ်.. ရာသီဥတုကလည်း အေးလို့စိမ့်လို့.. အားလုံး စိတ်အားတွေထက်သန်ပြီး ဝါးတွေခုတ်လိုက် ဖောင်ဖွဲ့လိုက်.. ပြင်ဆင်နေလိုက်ကြတာ အားရစရာကြီး.. အန္တရာယ်ရှိတဲ့ခရီးတစ်ခုကို စွန့်စားကြဖို့ ပြင်ဆင်နေကြတာလေ.. အဲ့မှာ တကယ်တမ်း သွားကြမယ်လည်းဆိုရော life-jacket တွေ ပျောက်နေလို့ဆိုပြီး ဒေါင်းတောက်အောင် ရှာလိုက်ကြရတာလေ.. ငရှားက ထိန်းသိမ်းမှုပေါ့လျော့လို့ဆိုပြီး တဖွဲ့လုံးကို ဗျစ်တောက်ဗျစ်တောက် ရွတ်နေလိုက်တာများ နားကိုညီးနေတာပဲတဲ့.. သူ့ကို ဘယ်သူမှလည်း ပြန်မပြောရဲတော့ အားလုံး ငြိမ်ခံပြီး အဲ့ဒိအသက်ကယ်အင်္ကျီထုပ်ကြီးကို လိုက်ရှာနေရင်းနဲ့ပဲ နိုးသွားရော.. ဘယ်သွားကြပြီး ဘာလုပ်ကြမလဲဆိုတာ မသိလိုက်ရတော့ဘူး..
နောက်တစ်ခုကျပြန်တော့.. Continue reading »
Random တစ်နှစ်ပြည့်ပြီ.. ၃-၉-၂၀၀၉ ကတည်းက ပြည့်နေသည်.. အမှတ်မှားပြီး ၂၈-၉-၂၀၀၉ မှ ပြည့်မည်ထင်နေခဲ့သည်.. နန်းညီဆိုတာ ထိုကဲ့သို့သော လူစားမျိုးပါပဲ..

မနေ့က..
တနင်္ဂနွေနေ့..
သာမန်တနင်္ဂနွေနေ့တော့ မဟုတ်ဘူး.. မဟုတ်လို့လည်း တခမ်းတနား စာတတန်ပေတန်ရေးနေတာပေါ့..
ခုတလော နန်းညီလေးခမျာ ငွေရေးကြေးရေးအခြေအနေဆိုးဝါးနေသောကြောင့်လည်းကောင်း (ငွေရေးကြေးရေးကတော့ ဘယ်တုန်းကမှ မကောင်းခဲ့ဖူး).. အိမ်ရှိလူကြီးမင်းများ မအားမလပ်အလုပ်များနေသောကြောင့်လည်းကောင်း အရင်လို ဂျလန်းဂျလန်း လုပ်မရဘဲ ရုံးပိတ်ရက်တွေမှာ အိမ်မှာ ငြိမ်ကုပ်နေရတာ အတော်လေးမသက်မသာရှိနေရှာ.. သို့သော် ခေသူမဟုတ်သော နန်းညီ၏ ထုံးစံအတိုင်း ငါမဂျလန်းရရင် သူများတွေ ဂျလန်းကြပေါ့ဆိုပြီး အိမ်တော်မဟာသို့ လာပါစေကြောင်း ဘလော့ဂါအပေါင်းအသင်း အစ်ကိုတော် အစ်မတော်များကို ဖိတ်မံတကပြုလိုက်လေတော့သည်..
ပထမဆုံး ချစ်ကိုအရုပ်တမာ.. အဲလေ.. အရုပ်ကလေး (ခေါ်) Idulize (ခေါ်) ရေခဲရေ ကို ပြောတော့ လာမည့်အကြောင်း ဝမ်းမြောက်ဝမ်းသာ ဝန်ခံကတိပြုပြီးသကာလ အခြားသော အင်အားစုများကိုလည်း ဆော်သြခဲ့မည်ဟု တက်ကြွနေလေတော့ချေသည်တကား.. ထို့ကြောင့် နောက်ထပ်အစ်ကိုတော်တစ်ပါးဖြစ်သော ဂျဲဂျယ်နှင့် အစ်မတော်ဒေါ်ခေါင်ခေါင်တို့ကို ဖိတ်ကြားသောအခါ မအားလပ်ဟု အကြောင်းပြန်ကြချေသည်.. သြော် မအားလည်းနေပါစေ အားသူတွေလာပေါ့.. စနေနေ့ညမှာ ဖိတ်ကြားခြင်းအမှုတို့ကို ပြုလုပ်ပြီးအိပ်ပျော်ခြင်းသို့ ရောက်၏..
တနင်္ဂနွေမနက် ၇ နာရီခန့်တွင် စူးရှကျယ်လောင်သော ဖုန်းသံကြောင့် ကမန်းကတမ်းထ.. အခန်းဝရှိထိုင်ခုံအား ခလုတ်တိုက်.. တံခါးဖွင့်အထွက်တင် တံခါးနှင့် ခေါင်းဝင်တိုက်.. ဖုန်းရှိရာသို့ သွားရာလမ်းတွင်ရှိသော စားပွဲခုံတစ်လုံးအား ခါးဖြင့်ဝင်ဆောင့်.. ဖုန်းတင်ထားသော ခုံပုလေးအား ခြေဖြင့်ကန်မိပြီး အိပ်ချင်မူးတူးဖြင့် ဖုန်းထူးရာ ကိုအရုပ်.. “တခြားဘယ်သူမှ ခေါ်မရ ချိတ်မရဘူး.. ဇောင်းကတော့ လိုက်မယ်တဲ့.. သူ့ကိုခေါ်ပြီးလာခဲ့မယ်.. ဆုဝေကလည်း သူလည်းလိုက်မယ်ပြောတယ်.. သူ့ပါ ခေါ်ခဲ့မယ်”.. အင်းအင်းပေါ့.. လာမယ်ဆိုလည်းလာပေါ့.. ၇ နာရီကြီး ဆက်စရာလားနော့.. အဲ့သဟာနဲ့ပဲ ပြောချင်ရာပြောပြီး ဖုန်းပြန်ချ အိပ်ရာထဲပြန်ဝင်အိပ်.. နောက်တစ်ကြိမ် သူတို့ဖုန်းဆက်တော့ ၉ နာရီခွဲခန့်.. ထိုအချိန်ကျမှ အိပ်ရာထ ရေမိုးချိုးပြီး လမ်းထိပ်သို့ ထွက်၍ အကြိုထောက်ရတော့လေသည်တကား…
နန်းညီ၏ အစ်ကိုတော်အစ်မတော်များပီသလှသော ထို ၃ ယောက်လာပုံကလည်း မထော်မနန်း အင်မတန်နိုင်ချေသည်.. ကြည့်လေ.. ကိုအရုပ်က အလုံမှာနေသည်.. ကိုဇောင်းက တာမွေက.. မဆုဝေက မြို့ထဲ ၂၈ လမ်းက အသီးသီးလာကြရမည်.. နန်းညီရှိရာ တောင်ဒဂုံမဟာသို့ ရောက်စေရန် အနီးဆုံးက တာမွေ.. ထို့ကြောင့် ဖြစ်သင့်သည်က ဟိုနှစ်ယောက်က တာမွေကိုလာ.. တာမွေမှာဆုံပြီးမှ တောင်ဒဂုံသို့လာ.. သို့သော် သူတို့က ထိုသို့မလုပ်.. တာမွေမှ သကောင့်သား မောင်ဇောင်းက မြို့ထဲကို Taxi ငှား ဒေါ်ဆုဝေအားကြို.. ပြီးမှ အလုံထော်လီကွေ့ရှိ မောင်အရုပ်ကလေးထံသွား.. ရန်ကုန်မြို့၏ တောင်နှင့်မြောက်စွန်းစွန်းအရပ်များအဖြစ် တည်ရှိသော အလုံနှင့်ဒဂုံကို ကားငှားလာကြသည် ဟူသတတ်.. မြို့ထဲမှ အလုံကို ကားငှားသောအခါတွင်လည်း အစ်ကိုတော်ဇောင်းက “ထော်လီကွေ့”ကိုမေ့နေသဖြင့် အနီးစပ်ဆုံးစဉ်းစားပြီး “ပရော့စီကွေ့”ဟု ကားသမားကို ပြောသေးသည်ဆိုသည်.. Proxy ကို ဒီလောက်စိတ်စွဲနေတာ ဘယ်လောက်များ ကျော်ခွနေလဲဆိုတာ စဉ်းစားသာကြည့်ပေတော့..
နန်းညီ၏ မိခင်မှာ တအုပ်တမကြီးများ ရောက်လာမလားလို့ စိတ်ပူနေရာမှ ၃ ယောက်ထဲမြင်လိုက်ရသဖြင့် အတော်ပေါ့ပါးသွားဟန်ရှိသည်.. သို့သော် ထို ၃ ယောက်မှာ နေ့လည်စာကိုလည်း တဝတပြဲစားကြသေး၏.. ကော်ဖီတိုက်ဟုလည်းပြော၏.. (ထိုအချက်ကိုတော့ ငြင်းလိုက်သည်).. နောက်တော့ အိမ်တွင်မနေကြဘဲ အိဖူးကိုလည်းခေါ်ကာ အနုပညာတက္ကသိုလ်ကျောင်းဝင်းထဲလျှောက်သွားကာ ပေါက်တတ်ကရ စိတ်ကူးရသမျှ ဓာတ်ပုံတွေရိုက်ကြသည်.. ဓာတ်ပုံများကို ဤနေရာတွင် ရှုနိုင်သည်.. ဟိုလူ့ဖုန်းဆက် ဒီလူ့ဖုန်းဆက်နှင့် မလာချင့်လာချင်အောင် မြူဆွယ်ကြသေးသည်.. ထိုသို့ဖြင့် မောင်ဂျဲဂျယ်တစ်ယောက် နေ့လည် ၃ နာခန့်တွင် ကားကြီးငှားကာ ရောက်ချလာလေတော့သည်.. သူကတဆင့် မောင်မိုးသားအားခေါ်၏.. ဟိုကလည်း ၂ ခါမခေါ်ရ.. ချက်ချင်းရေမိုးချိုးပြီးရောက်ချလာသည်.. လက်ဘက်ရည်ဆိုင်ထိုင်ကြသေး၏.. မည်သူမည်ဝါရှင်းမည်တော့မသိ အအေးပုလင်းများမှာသောက်သည်.. ဖဲထိုင်ရိုက်ကြသည်.. ဆူညံအော်ဟစ်ကြသည်.. စနောက်ငြင်းခုန်ကြသည်.. သူတို့ကလည်း မပြန်ချင် ကိုယ်ကလည်း မပြန်စေချင်နှင့်ပဲ ညနေကြီးစောင်းမှ ပြန်သွားကြ၏..
ကျောင်းဝင်းထဲမှာ လူကလည်း ရှင်းရှင်းနှင့် ဓာတ်ပုံရိုက်ရတာ ပျော်ဖို့ကောင်းလှသည်.. ကောင်းကင်ကြီးနောက်ခံထား၍ အဖွဲ့လိုက်ဓာတ်ပုံရိုက်ကြတော့ ကင်မရာကို လမ်းပေါ်မှာတင် ထောင်ပြီး Timer ပေးကာ ရိုက်ရသည်.. မီးနီလေး တဖျပ်ဖျပ်စခတ်တော့ အသီးသီး ပဲပေးကြတုန်းရှိသေး တကယ်တမ်းရိုက်ပြီဆိုသောအချိန်ကြကာမှ ကင်မရာက ဘတ်ကနဲ နောက်ပြန်လန်လဲသွားတော့ ရယ်လိုက်အော်လိုက်ကြတာ ပျော်စရာကြီး.. ဓာတ်ပုံတစ်ခုရိုက်တိုင်း “လန်းဆန်းဂွမ်းပဲ”ဟု ကိုဇောင်းက အော်တတ်၏.. Facebook တင်ပစ်မယ်ဟု ကြုံးဝါးကြ၏.. ဘယ်တော့ဓာတ်ပုံရိုက်ရိုက် မရယ်သော ကိုအရုပ်ကို ဝိုင်းဝန်းကြိမ်းမောင်းကြ၏.. “ဘယ်လိုပဲပြောပြော ငါပါနေလို့ မင်းတို့ပုံတွေပါ လှကုန်တာ”ဟု ဝင်ဝင် ပနာယူတတ်သော ကိုမိုးသားအား ထောပနာပြုကြ၏.. နွဲ့တဲ့နွဲ့တဲ့ပဲပေးတတ်သော ကိုဂျဲဂျယ်အား ဝိုင်း၍ စနောက်ကြပြန်၏.. လာမလို မလာမလိုနှင့် နောက်ဆုံးတော့ မလာဖြစ်သော မခေါင်အား ဖုန်းတွေလှမ်းလှမ်းဆက်ပြီး ကလိကြ၏.. မိဘမဲ့ကလေးများ ရံပုံငွေပန်းချီပြပွဲအတွက် ကြိုးစားပမ်းစားရှိနေကြသော အခြားမောင်နှမများအား သတိရကြ၏.. သူတို့ထက် ငါတို့က ပိုပျော်ဖို့ကောင်းတယ်ဟု အသားလွတ် ပြိုင်ဆိုင်နေကြပြန်သည်.. ဒီနေ့အကြောင်း ပို့စ်ရေးရမယ်လို့ ဝိုင်းဝန်းတိုက်တွန်းကြသဖြင့် မှတ်မိသလောက်ချရေးဖြစ်သည်..
တကယ်တမ်းပျော်ခဲ့ရသည်ကို မှီအောင်မရေးတတ်.. မရေးနိုင်.. အပျော်တွေ ဘယ်ရောက်ကုန်သလဲ.. နေ့လည်က ငါတို့ ဟိုနားမှာ ထိုင်တော့ အသေရယ်နေကြတာ ဘာအကြောင်းပါလိမ့်.. ဟိုနားမှာ ဓာတ်ပုံရိုက်တော့ တအားအော်နေကြတာ ဘာလို့ပါလိမ့်နှင့် စဉ်းစားလို့မရနိုင်တော့.. အချိန်တွေကလည်း ပျော်နေတယ်ဆိုမှ ကုန်မြန်လွန်းလိုက်တာလို့ တွေးနေမိ၏.. နေ့လည်တုန်းက ကိုအရုပ်နှင့်ပြောဖြစ်သော စကားလေးကိုသာ အသေအချာ မှတ်မိတော့သည်.. “တစ်နေကုန် ဘာမှမလုပ်ဘဲ ဟေးလားဝါးလား အချိန်ဖြုန်းနေတယ်ထင်ရပေမယ့် မဟုတ်ဘူး.. ဒီလိုလေး နေလိုက်ရ ပျော်လိုက်ရတာက နောက်ထပ်ကြိုးစားရမယ့် တစ်ပတ်အတွက် စိတ်ဓာတ်အင်အားတွေ.. ”
စိတ်တူကိုယ်တူ မောင်နှမများထံမှ စိတ်ဓာတ်အင်အားများ နောက်လည်း လိုချင်ပါသေးတယ်..
ညီညီသည် Vector Creator တစ်ယောက်ဖြစ်သည်..
Vector ဆိုသည်မှာ Adobe Illustartor ဖြင့်ဆွဲသော အရုပ်ကလေးများကို ဆိုလိုပါသည်..
Adobe Illustrator ကို AI ဟု ညီညီတို့ လောကမှာ ခေါ်ကြပါသည်.. ပိုတိုပြီး ပိုလွယ်ပါသည်..
ထို့ကြောင့် ညီညီ့အလုပ်သည် ကွန်ပျူတာရှေ့တွင်ထိုင်လျက် အရုပ်ကလေးများဆွဲရသော အလုပ်ဖြစ်သည်..
အရုပ်များကို ချစ်သလားဟု သူငယ်ချင်းမလေးတစ်ယောက်က မေးဖူးပါသည်..
အရုပ်များကို ညီညီချစ်တတ်ပါသလား.. ညီညီကိုယ်တိုင်က သူ့ကိုယ်သူ မသေချာပါ..
သို့သော် ညီညီ Adobe Illustrator ကို ချစ်ပါသည်..
ထို့ကြောင့် ညီညီ အရုပ်ချစ်တတ်သည်ဟု ပြောမည်ဆိုလျှင် ရမည်ဟုထင်ပါသည်..
ညီညီ့ကွန်ပျူတာတွင် ဗိုင်းရပ်စ်ဝင်ပါသည်..
ံH1N1 ကဲ့သို့ပင် ကူးစက်တတ်သော ထိုဗိုင်းရပ်စ်သည် ညီညီ့သူငယ်ချင်းတစ်ယောက်ယောက်၏ Memory Stick မှ ကူးစက်လာဟန်တူပါသည်..
ညီညီ့ကွန်ပျူတာမှ Folder များကို တိုက်ခိုက်ဖျက်ဆီးနေသော ထိုဗိုင်းရပ်စ်ကောင်ကို ညီညီ အချိန်မှီ မကာကွယ်လိုက်နိုင်ပါ..
ထို့ကြောင့် ထိုကောင်သည် ညီညီ့အရုပ်ကလေးပေါင်းများစွာကို ဖျက်စီးသွားပါသည်..
ညီညီ ငိုတတ်ပါသလား..
ချစ်ခင်သူများ ခွဲခွာသောအချိန်၊ အားငယ်စိတ်ပင်ပန်းချိန်များတွင် ညီညီငိုလေ့ရှိပါသည်..
ညီညီချစ်သော ညီညီဖန်ဆင်းတည်ဆောက်ထားသော အရုပ်ကလေးများစွာ ပျက်စီးပျောက်ကွယ်သွားပါသည်..
အားလုံးကို အသစ်တဖန်ပြန်တည်ဆောက်ရန် အင်အားများမရှိသေးသောကြောင့် ညီညီ ငိုပါသည်..
ညီညီသည် အရုပ်များ ပြန်လည်ရေးဆွဲရန်အတွက် သူ့ကိုယ်သူ အရင်ပြန်လည်ရေးဆွဲနေပါသည်..
ပျောက်ပျက်သွားသော အရုပ်များကို ပြန်လည်ရှာဖွေရန် ညီညီသည် သူ့ကိုယ်သူ အရင်ပြန်လည်ရှာဖွေနေပါသည်..
ထိုအချိန်မှာပင် ကွန်ပျူတာ၏ ထောင့်တစ်နေရာမှ မမျှော်လင့်သော အရုပ်ကလေးတစ်ရုပ်ကို ညီညီ ရှာတွေ့သွားသည်..
အရုပ်ကလေးက ညီညီ့ကို ပြန်လည်ရေးဆွဲရန် ပြန်လည်တည်ဆောက်ရန် ပြန်လည်တွေ့ရှိစေရန် အင်အားများပေးနိုင်ပါသည်..
ထို့ကြောင့် ညီညီ ပြန်လည် ပြုံးရယ်လာပြန်၏..
ထိုအရုပ်ကလေးကို “T7” ဟု ညီညီက အမည်ပေးလိုက်ပါသည်..
ပျောက်ဆုံးသွားသော အရုပ်ပေါင်းများစွာထဲမှ ပထမဆုံး ပြန်လည်ရှာတွေ့သောကြောင့် T7 ကို ညီညီက အင်မတန်အရေးပေး၏..
ထို့ကြောင့် T7 လည်း ပျော်နေပါသည်..
T7 သည် အရုပ်သစ်များ ရေးဆွဲရန်နှင့် တဖက်မှလည်း ပျောက်သွားသော အခြားအရုပ်ပေါင်းများစွာကို ပြန်၍ ရှာဖွေပေးနေပါသည်..
T7 နှင့် ညီညီ တက်ကြွစွာ ပေါင်းစည်းမိသွားကြသည်…
သို့သော် ညီညီ စိုးရိမ်နေပါသည်..
အပြောင်းအလဲများလွန်းသော စိတ်ပိုင်ရှင် ညီညီသည် တစ်နေ့နေ့မှာ T7ကိုမေ့သွားမိမည်ကို ကြောက်နေ၏..
ထိုသို့စိုးရိမ်နေမိကြောင်းကိုလည်း T7ကို ဖွင့်ပြောပြလိုက်ပါသည်..
T7 က မနှစ်သိမ့်တတ်ပါ.. ငြိမ်သက်စွာ နားထောင်နေရုံသာ တတ်နိုင်သောကြောင့် တိတ်ဆိတ်နာခံစွာပင် စကားသံများကို ခံယူပါသည်..
မှုန်မှုန်ရီရီမျက်လုံးများနှင့် T7 က ကြည့်သောအခါ ညီညီ စိတ်ထိခိုက်သွားပါသည်..
T7 ကို မမေ့ချင်ပါ..
ဘယ်လိုနည်းလမ်းနှင့် မမေ့ရမည်ကိုလည်း မသိသောကြောင့် စိတ်ညစ်ညူးရုံသာတတ်နိုင်ပါတော့သည်..
သင် သိထားသော နည်းလမ်းများရှိနေပါက ညီညီ့အား အကြံပေးလိုက်ပါ..
ညီညီက ကျေးဇူးတင်ပါလိမ့်မည်..
ထို့နောက် ကျေးဇူးရှင် သင့်ကို မေ့သွားမိမည်ကိုလည်း စိုးရိမ်ကောင်းစိုးရိမ်လာပါလိမ့်မည်..
ထိုအခါ မပူပါနှင့်.. သင့်ကို မမေ့စေရန် မည်သို့လုပ်ဆောင်ရမည်ကို အခြား ကျေးဇူးရှင်တစ်ယောက်က အကြံပေးပါလိမ့်မည်..
ဤနည်းလမ်းဖြင့် ညီညီ့တွင် ကျေးဇူးရှင်များ များပြားလာပါသည်.. ထို့ပြင် မမေ့ချင်သူများလည်း များလာပါသည်..
ထိုအကြောင်းများကြောင့်ပင် လူပေါင်းများစွာကို ညီညီမေ့ပစ်ခဲ့မိပါသည်..
ထို့ကြောင့် ထိုအရာကို ညီညီဟု ခေါ်ပါသည်..
August 29, 9:00 pm
အိဖူး၊ မြတ်နိုးတို့နဲ့အတူ မြေနီကုန်းမင်းလမ်းကိုရောက်ပြီး Littlebrook နဲ့ဆုံကြတယ်.. အင်တာနက်ဆိုင်ခဏဝင်ပြီး သွားတော့မယ်ဆိုတဲ့အကြောင်း အွန်လိုင်းကလူတွေကို ပြောပြနေတာပေါ့.. မနော်က “ခရီးစဉ်တလျှောက်လုံး အဆင်ပြေပျော်ရွှင်ပါစေလို့ အားလုံးအတွက် ဆုတောင်းပေးလိုက်တယ်နော်”တဲ့.. အားလုံးကိုပြန်ပြောပြပေးဖို့ပြောလို့ ပြောပေးလိုက်မယ်လို့ ကတိပေးလိုက်ရသေးတယ်.. အင်္ကျီဆင်တူနဲ့ လူ ၄ ယောက် ဆိုင်ထဲရောက်နေတော့ အားလုံးက ကွက်ကြည့်ကွက်ကြည့်လုပ်နေတယ်.. “ဘာလုပ်ကြတာလဲ ဟင်”တဲ့.. ခရီးသွားမလို့ လို့ပြောမှ.. “သြော် မင်းတို့အဖွဲ့တွေပဲထင်တယ် လမ်းထိပ်က ရွှေလက်ဘက်ရည်ဆိုင်မှာ တွေ့ခဲ့တာ” တဲ့.. “စီးတီးမတ်ထဲမှာလည်း မြင်တယ်”တဲ့.. ဘုရား ဘုရား. လူတွေ ဘယ်လောက်များများတောင်မှလဲ.. ဒီအချိန်ကတည်းက မြေနီကုန်းမှာ ဟန်ရေးပြနေကြတာ..
August 29, 9:35 pm
ကိုကြီးကျော်ဆီဖုန်းဆက်တော့ ငါတို့လမ်းထိပ်မှာရောက်နေပြီ လာခဲ့တော့ဆိုလို့ လမ်းထိပ်ကို ၄ ယောက်သား လမ်းလျှောက်သွားတယ်.. ခပ်လှမ်းလှမ်းကတည်းက ဆိုင်ရှေ့နားမှာရော ဆိုင်ထဲတွေမှာပါ ရစ်သီရစ်သီနဲ့ အင်္ကျီအဖြူရောင် လူငယ်များ.. အိုး လားလား.. ရုတ်တရက်ကြီး ရင်တွေခုန်ပြီး ပျော်သွားလိုက်တာ.. ပါးစပ်တဖြဲဖြဲက အဲ့ဒိအချိန်ကတည်းက ပိတ်မရတော့တာပါပဲ.. ဆိုင်ထဲမှာ အားလုံးနဲ့ အော်ဟစ်နှုတ်ဆက်.. ကိုလင်းဆက်ကမေးတယ် ဘယ်မလဲနင့်လူတွေ တဲ့.. ဟိုမှာလေဆိုပြီး အိဖူး မြတ်နိုး LB ဂျဲဂျယ်နဲ့ အန်ဒီတို့ကို လက်ညှိုးထိုးပြလိုက်တယ်.. အရေးထဲမှာ ပုံဆွဲဖို့တာဝန်တွေ လာပေးနေသေးလို့ ပါးစပ်ကတော့ “ဟုတ်ကဲ့ ဟုတ်ကဲ့”နဲ့ ခေါင်းညိတ်နေပေမယ့် စိတ်ထဲကတော့ “နေပါဦးအစ်ကိုရာ ပြန်လာမှပြောပါ” လို့..း).. ကိုဘလာဂေါက်နဲ့ ကိုစိုးဇီယျတို့က လောဆော်တယ်.. ကားနားမှာ လူအကုန်စုံနေပြီ သွားစို့ သွားစို့တဲ့..
August 29, 10:00 pm

ကားက နည်းနည်းသေးနေတယ်.. လူက ၄၁ ယောက်.. ၇ ယောက် ၈ ယောက်လောက် ထိုင်ခုံရမှာမဟုတ်ဘူး.. ဒါပေမယ့် ဘယ်သူကမှလည်း အရေးမစိုက်ပါဘူး.. ဒီလိုပဲ ညှိပြီးသွားကြမှာပေါ့.. လူစုံပြီလား စစ်ရင်းနဲ့ ကိုအရုပ်ကလေးမလာသေးတာ သတိရသွားတယ်.. အွန်လိုင်းမှာတွေ့တုန်းက “ထွက်လာပြီ”လို့ ပြောထားတာ.. ခုထိရောက်မလာသေးလို့ ရှေ့ကိုအော်ပြောလိုက်ရသေးတယ်.. ခုံက နောက်ဆုံး ၆ ယောက်ခုံတန်းရဲ့ ရှေ့တစ်ခုံမှာပဲ နေရာရတယ်..
Aug 29, 12:00 am
မှော်ဘီနားက စင်တင်ကာရာအိုကေရှိတဲ့ ဆိုင်တစ်ဆိုင်ကိုရောက်တယ်.. ကောင်မလေးတွေ သီနေဆိုနေလိုက်ကြတာ နားကိုညီးနေတာပဲ.. အဖွဲ့ထဲကလူတွေကလည်း ဟိုနားမိုးတိုးမတ်တပ် ဒီနားမိုးတိုးမတ်တပ်နဲ့ ဘာမှမှာစားကြမယ့် ပုံလည်းမပြဘူး.. ခဏနေတော့မှ ဘီယာခွက်တွေနဲ့ ထမင်းကြော် ပန်းကန်တွေ စပြီးတွေ့လာရပြီ.. ကိုလင်းဆက်တို့ ဝိုင်းမှာ ကိုဂေါက် ကိုကြီးကျော် ကိုသီဟန် ကိုမီးတောက်တို့နဲ့ ထမင်းကြော် နည်းနည်းလုစားလိုက်သေးတယ်.. မှာထားတဲ့လူတွေက စောင့်ရတာကြာလာလို့နဲ့ တူတယ် ကားပေါ်တွေတက်သွားကြပြီး နောက်ကျတော့မှာ ထမင်းကြော်တွေက ရောက်လာတော့ ပိုက်ဆံရှင်းဖို့အတွက် ကားပေါ်ပြေးတက် ပိုက်ဆံကောက်ရသေးတယ်.. ထမင်းကြော် ၂ ဗူးကို စားစရာ ဇွန်းလည်းမပေး တူလည်းမပေး ဘာမှလည်းမပေးတာနဲ့ ကိုဂေါက်က “ယူတယ်ကွာ”ဆိုပြီး ဆွဲလိုက်တာ ခက်ရင်းကြီး.. “မှားနေပြီ မှားနေပြီ”ပြောလည်း မကြားတာနဲ့ ကိုယ့်ဘာသာပဲ ဇွန်းကိုဆွဲယူလာလိုက်တော့တယ်.. အေးတာပဲ..
Aug 30, 12:30 am
အိပ်ချင်လှပြီ.. ကားပေါ်မှာ ဘယ်သူကမှလည်းမအိပ်ဘူး.. သီချင်းတွေဆိုတဲ့လူကဆို.. အိပ်တဲ့လူတွေကို လိုက်နှောက်ယှက်သူကလည်း အနားကိုမပေးဘူး.. ဆံပင်ဆွဲလိုက်.. နှာခေါင်းလိုက်ပိတ်လိုက်.. မရမက အိပ်ပျော်နေသူတွေကလည်း ပါပါရာဇီတွေလက်ချက်မိပြီး Facebook မှာတော့ နာမည်ကြီးဦးတော့မယ်.. ဂျူဝသန်ကလည်း ပေါက်ကရသမိုင်းကြောင်းတွေပြောနေလေရဲ့.. ဘာတဲ့.. “သရေခေတ္တရာဆိုတာ ဗိဿနိုးဘုရင်မကြီးက ဒွတ်တပေါင်မင်းကြီးကို ပါးရိုက်လိုက်တော့ မင်းကြီး သရေတွေထွက်ကျကုန်တာ.. အဲ့ဒါက ခေတ်တစ်ခေတ်ထဲလည်းမဟုတ်ဘဲ ခေတ်တစ်ရာတိတိကျနေလို့ သရေခေတ္တရာလို့ ခေါ်တာ” ဆိုပဲ.. မှတ်သားလောက်ပါပေရဲ့ ကိုဂျူဝသန်..
Aug 30, 2:00 am
“ခဏလေး ပေးအိပ်ပါ အစ်ကိုတို့ရာ.. ခဏလေးပဲ ခဏလေး”ရယ်လို့ မနည်းကြီးတောင်းပန် တိုးလျှိုးပြီးမှ အတင်းကိုခွေခေါက်အိပ်ရတယ်.. ဒါတောင်မှ ပုကျိပုကျိနဲ့ စကားသံတွေကြားနေရသေးတယ်.. မတတ်နိုင်ဘူးလေ.. ပျော်အောင်အိပ်မှ မနက်ဖြန်တစ်နေ့လုံး သွားလာလို့အဆင်ပြေမယ်..
Aug 30, 3:48 am
လက်ပံတန်းက ဆိုင်တစ်ခုမှာ ရပ်ပြန်ပြီ.. အိပ်ကောင်းနေတုန်းမို့ မဆင်းချင်ဘူး.. ဒါပေမယ့်လည်း ကားပေါ်ကနေ လှမ်းကြည့်တော့ အောက်မှာ အားလုံးက အေးအေးလူလူ နားနားနေနေမို့ မနေလည်း မနေနိုင်တာနဲ့ ဆင်းသွားလိုက်တယ်.. “ဆုဝေ ဘာတွေပြောနေကြတာလဲ” မေးတော့.. ကိုအောင်မျိုးဟန်က “ဇွန်းတွေယူသွားကြဖို့ တိုင်ပင်နေတာ”တဲ့.. သြော် ငါ့နှယ်.. နာမည်တော့ တွင်တော့မှာပဲ.. သယ်လာတဲ့ ကြိမ်ကုလားထိုင်သေးသေးလေးကို ရောက်ရာနေရာခင်းပြီး အေးအေးဆေးဆေး ဇီမ်ကျနေတာကတော့ ကိုဖိုးသူတော်ပဲ.. လုထိုင်ဖို့ စဉ်းစားသေးပေမယ့် အရမ်းအိပ်ချင်နေတာနဲ့ပဲ ထိုင်နေတဲ့ခုံကနေ မထဖြစ်တော့ဘူး..လက်ပံတန်းမှာ အေးအေးဆေးဆေး နေပြီးမှ ဆက်ထွက်လာခဲ့ကြတယ်..
Aug 30, 6:00 am
“ညီညီ ထတော့ ရောက်ပြီ”ဆိုတဲ့ အသံနဲ့အတူ မျက်လုံးဖွင့်ဖွင့်ချင်း စမြင်လိုက်တာကတော့ ဗိုလ်ချုပ်ကြေးရုပ်ကြီး.. မနက်ခင်းရဲ့နေရောင်အောက်မှာ တလက်လက်နဲ့.. ခန့်ညားလိုက်တာ ထည်ဝါလိုက်တာ.. ကြည့်လို့အဆင်ပြေလိုက်တာ.. “ဟား….”ဆိုတဲ့အသံ ထိုင်ခုံတော်တော်များများကနေ ထွက်လာခဲ့တယ်..
ကားရပ်ပြီးတော့ အားလုံးဆင်းပြီး မျက်နှာသစ် သွားတိုက် ရွှေဆံတော်ဘုရားခြေတော်ရင်းနားမှာပဲ ရုန်းစုရုန်းစုနဲ့ပေါ့.. နောက်တော့ အားလုံးတူတူ ဘုရားပေါ်ကို ခြေလျင်တက်ခဲ့ကြတယ်.. စောင်းတန်းလှေခါးထစ်တွေက မညီမညာဖြစ်နေတာလားတော့မသိဘူး လူတော်တော်များများ ခလုပ်တိုက်ကြတယ်.. ဘုရားပေါ်မှာ ဟိုနားဒီနားသွား ဘုရားရှိခိုးကြ ဓာတ်ပုံတွေရိုက်ကြနဲ့.. ရွှေဆံတော်ဘုရားဟာ မွန်ဘုရင်တွေတည်ထားခဲ့တဲ့ ထီးတော်ပေါ်ကနေမှ အလောင်းမင်းတရားက ထပ်ပြီးပူစော်ထားလို့ ထီးတော် ၂ ထပ်နဲ့..
Aug 30, 7:00 am

ကြိုစီစဉ်ထားတဲ့အတိုင်း ဘုရားဂေါပကလူကြီးက မနက်စာဧည့်ခံပြီး ဘုရားသမိုင်းတွေဘာတွေလည်း ရှင်းပြသေးတယ်.. အားလုံးစုပြီးအလှူငွေ ၃ သောင်း ၇ ထောင် ၁ ရာ တိတိလှူဖြစ်ခဲ့တယ်.. ကျွေးတာက စမူဆာနဲ့ လက်ဘက်ရည်မို့ ဗိုက်မဝခဲ့ကြပေမယ့် အနည်းဆုံးတော့ “ငါတို့သွားတော့ ဘုရားက တာဝန်ရှိသူတွေ ဧည့်ခံတယ်”ဆိုတာမျိုးလေးဖြစ်ရင်ပဲ တော်သေးတာပေါ့လေ..
ရွှေဆံတော်ဘုရားပေါ်က ပြန်ဆင်းလာခဲ့ကြပြီးတော့ နဝဒေးတံတားကြီးကိုဖြတ်လို့ တဖက်ကမ်းကူးပြီး ရွှေဘုံသာမုနိဘုရားဆီ ဆက်ပြီးချီတက်ခဲ့ကြတယ်.. ဘုရားဖူး ပန်းတွေ ပျားတွေ ဓာတ်ပုံရိုက်.. ဘုရားပေါ်ကဆင်းပြီး ဘုရားအောက်ခြေနားက ဧရာဝတီကမ်းပါးဘေးနား သွားကြည့်ခဲ့ကြ.. ဓာတ်ပုံတွေလည်း ရိုက်လို့.. မနက်ခပ်စောစောပဲ ရှိသေးပေမယ့် လူက တော်တော်လေး အိပ်ချင်နေပြီး ပင်ပန်းနေသလိုပဲ.. နဂိုကတည်းက ပြောင်းဖူးသိပ်ကြိုက်ပေမယ့် သိပ်ကောင်းပါတယ်လို့ နာမည်ကြီးတဲ့ ရွှေဘုံသာမုနိ ပြောင်းဖူးမီးဖုတ်ကိုလည်း လှည့်တောင်မကြည့်နိုင်ဘူး..
Aug 30, 10:00 am

သရေခေတ္တရာပြတိုက်ကိုရောက်ခဲ့ကြပြီး ရှေးဟောင်းပစ္စည်းတွေလေ့လာကြတယ်.. သီရိဝစ္စတံဆိပ်တွေ အရိုးအိုးတွေ မြေအိုးတွေ ဘုရားဆင်းတုတွေ.. ပျူတွေဟာ သံကို မကောင်းဆိုးဝါးကာကွယ်နိုင်တယ်ဆိုတဲ့ အယူအစွဲနဲ့ အိမ်ဆောက်တဲ့အခါ သံတိုင်တွေသံချောင်းတွေကို မြှုပ်ပြီးဆောက်လေ့ရှိသတဲ့.. သံချောင်းတွေ သံယက်မအကြီးကြီးတွေလည်း အများကြီးပဲ.. ပျူခေတ်က မြေအိုး မြေပန်းကန် မြေခွက် အသုံးအဆောင်တိုင်းမှာ တန်ဆာဆင်ထားလေ့ရှိတာက အဲ့ဒိခေတ်ကလူတွေဟာ အနုပညာဆိုတာကို တသီးတသန့်မဟုတ်ဘဲ နေ့စဉ်ပြုမူနေထိုင်တဲ့ ဓလေ့မှာကတည်းက ခံစားတတ်ကြပုံရတယ်လို့ ပြောရမလား.. လက်ဝတ်ရတနာတွေ ကျောက်ရောင်စုံ ပုတီးလက်ကောက်တွေလည်း ပြထားတယ်.. ရှေးအခါက စည်စည်ကားကား ကြွားကြွားထယ်ထယ်ရှိခဲ့မယ့် ပျူနိုင်ငံ ပျူယဉ်ကျေးမှုကြီးဟာ အခုကျတော့လည်း တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ပျင်းစရာကောင်းတဲ့ စွဲဆောင်မှုမရှိတဲ့ ပြတိုက်တစ်ခုထဲမှာပဲ အဆုံးသတ်သွားရတာပါပဲ.. civilization ဆိုတာ ဘာပါလိမ့်လို့ အပြန်ပြန်အလှန်လှန်စဉ်းစားရင်းပဲ အိပ်ငိုက်လာခဲ့တော့တယ်..

သီရိဝစ္စ
ပြတိုက်ရှေ့မှာ ဓာတ်ပုံရိုက်ကြပြီးတော့ ခရီးရဲ့ခေါင်းစဉ်ဖြစ်တဲ့ သရေခေတ္တရာမြို့ဟောင်းဆီ ထွက်လာခဲ့ကြတယ်.. “ဘောဘောကြီး”ဘုရား ကိုရောက်တော့ ကားကိုရပ်ပြီး အားလုံး လမ်းဆင်းလျှောက်ကြရတယ်.. ဘောဘောကြီးဘုရားကနေ မြို့ဟောင်းကို တော်တော်ဝေးသေးတယ်.. ပြီးတော့ ဟိုးအရင် ပန်းချီလေ့လာရေးသွားတုန်းက ရောက်ဖူးခဲ့တာတော့ လယ်ကန်သင်းတွေနဲ့အတူ မြုတ်နေတဲ့အုတ်ရိုးတွေကလွဲလို့ ဘာမှလည်း မရှိတာနဲ့ လိုက်မသွားတော့ဘဲ ကားပေါ်မှာပဲ အိပ်ကျန်နေခဲ့တော့တယ်.. အဲကွန်းကအေးလို့ ဘယ်သူမှမရှိတဲ့ ခုံတွေပေါ်မှာ ခြေပစ်လက်ပစ်.. အား.. အရသာ ရှိလိုက်တာ.. နေပူပူထဲမှာ သဲလမ်းပူပူကို လျှောက်နေမယ့်လူတွေကို ခဏတော့ မေ့သွားမိတယ်..
Aug 30, 11:10 am
မျက်စိကိုနေတအားထိုးနေလို့ ဖျတ်ကနဲနိုးလာတော့ နေတောင်အတော်မြင့်နေပြီ.. ခုထိ ကျန်တဲ့လူတွေရဲ့ အရိပ်အယောင်မမြင်ရသေးဘူး.. လိုက်သွားလိုက်ပါဦးမယ်လေလို့ တွေးပြီး ကားပေါ်ကဆင်း.. ဘုရားကို ကွေ့ပတ်ပြီး သဲလမ်းလေးအတိုင်း ကင်မရာတစ်လုံးနဲ့ ဟိုဒီဆော့ရင်း လျှောက်သွားလိုက်တယ်.. သဲလမ်းပေါ်မှာ ဖိနပ်ရာတွေ အများကြီးပွထလို့.. ချစ်စရာကောင်းလိုက်တာလို့ တွေးမိသွားတယ်.. ပင်ပန်းပြီး ဝေးလံတဲ့ အနည်းငယ်လည်း ကြမ်းတမ်းနေတဲ့ ခရီးကို အတူတူတက်ကြွစွာနဲ့ သွားကြတဲ့ ချစ်သောမောင်နှမများ.. လေတစ်ချက်တစ်ချက်အသင့်မှာ အသံတွေကို ကြားကြားနေရတယ်.. လမ်းကွေ့တစ်ချက်ချက်ဆိုလည်း အင်္ကျီအဖြူတွေနဲ့လူစုစုကြီးကို ဖျတ်ကနဲ ဖျတ်ကနဲမြင်လိုက်ရပေမယ့် တကယ်တမ်းမှာတော့ အတော်လေးလျှောက်လာမိတဲ့အထိ သူတို့နဲ့မဆုံသေးဘူး.. တော်တော်လေးကြာမှ မြို့ဟောင်းကပြန်လာသော ခရီးသည်များကို ဘွားကနဲဆုံလိုက်ရတယ်.. “ရေဘူးလေးဘာလေး သယ်မလာဘူး နောက်ကလိုက်လာပြီးတော့” တဲ့.. အပြစ်တင်ကြရဲ့.. ဒါပေမယ့်လည်း ချွေးတလုံးလုံးနဲ့ စုတ်ပြတ်နေတဲ့ မျက်နှာများကတော့ ပြုံးရယ်မြဲပဲ..
မြို့ဟောင်းမှ ပြန်လာကြသူများ
ကိုလင်းဆက် ကိုကြီးကျော် ကိုအရုပ်ကလေးတို့နဲ့ အသာကပ်လိုက်ပြီးပြန်ခဲ့တယ်.. ကိုလင်းဆက်လက်ထဲမှာ ဝါးလုံးချွန်တစ်ခုနဲ့.. ဘာလုပ်ဖို့လဲမေးတော့ “တူးမယ်လေ”ဆိုပဲ.. လျှောက်လာကြရင်း လမ်းတစ်နေရာရောက်တော့ အင်ကြင်းကျောက်တစ်ခု မြုပ်နေတာကို စပြီး ထိုးဆွပါတော့တယ်.. အင်ကြင်းပင်ကနေ ကျောက်ဖြစ်သွားတာမို့ အင်မတန်အဖိုးတန်တယ်တဲ့.. နောက်က လျှောက်လာနေတဲ့ လူတစ်စုနဲ့ပါ ပေါင်းမိသွားတော့ လူအင်အားက ပိုများသွားပေမယ့် ဒါတောင် အတော်ကြာကြာ တူးရထိုးရတယ်.. နေ့လည်နေက ကျစ်ကျစ်တောက်ပူလို့.. ရရာဝါးချွန်လေးတွေ ကျောက်တုံးတွေ တုတ်ချောင်းတွေနဲ့ ထိုးဆွနေလိုက်ကြတာ လူတိုင်းချွေးတဒီးဒီးကျ.. ဒါပေမယ့်လည်း “ကျောက်ခေတ်ကမှ ကျောက်လက်နက်ရှိသေးတယ်.. ခု ငါတို့က ဘာတုန်း ဝါးခေတ်” ဆိုတဲ့စကားကိုတော့ ရယ်နိုင်ကြပါသေးတယ်..
တူးဟယ်ဆွဟယ်
Aug 30, 12:00 pm
ကားနားကိုရောက်တော့ အားလုံးက ကြာနေလို့ ဘာဖြစ်သလဲမေးနေပြီ.. ကျောက်တုံးကြီးကိုင်ပြီး ကိုလင်းဆက်တစ်ယောက်ဘာတွေ ရှင်းပြသလဲတော့ မသိ.. ကိုယ့်ခုံနေရာကိုယ်သွား ခြေပစ်လက်ပစ်ထိုင်ချပြီး ရေကို တကျိုက်ကျိုက်မော့သောက်လိုက်ရတာတော့ အင်မတန်အရသာရှိတာပဲ.. အဲ့ဒိကထွက်တော့ ပြည်မြို့ထဲပြန်ဝင်ပြီး ထမင်းသွားစားကြတယ်.. အဆင်မပြေလိုက်ပုံများ ဆိုင်က လူဒီလောက်များများ တစ်ခါမှမရောင်းဖူးဘူးထင်တယ်.. ပန်းကန်တွေ ဇွန်းတွေက မလောက်မင.. ဝိုင်းတွေကို ထောင့်စေ့အောင် မလုပ်ပေးနိုင်.. ဒါပေမယ့်လည်း ဝရုန်းသုန်းကား ကမူးရှူးထိုးနဲ့ပဲ ဗိုက်ပြည့်သွားကြတာပါပဲ..
နေ့လည် ၁ နာရီကျော်လောက်မှာ ရွှေတောင်က “ရွှေနတ်တောင်”ဘုရားကိုရောက်တယ်.. ဘုရားပေါ်မှာ လုပ်အားပေးများကို သာကူကြိုတိုက်နေလေရဲ့.. “ရန်ကုန်ကလာတဲ့ ကျောင်းသားများ ကုသိုလ်ဖြစ် သာကူဝင်သောက်သွားပေးပါ”လို့ အော်လံကြီးနဲ့အော်နေတာနဲ့ပဲ သာကူဝင်သောက်ကြသေးတယ်.. အဲ့ဒိနောက်တော့ ဘုရားခြေရင်းကဆိုင်လေးမှာ ထိုင်ပြီး အေးအေးဆေးဆေး အနားယူကြတာပေါ့.. အဲဒိကထွက်လာတော့ ကားပေါ်မှာ ဂိမ်းဆော့ကြတယ်.. ကားကို အရှေ့ခြမ်းနဲ့ အနောက်ခြမ်း ၂ ခြမ်းခွဲပြီး သီချင်းဆိုတမ်းကစားကြတာ.. တစ်ဖွဲ့က သီချင်း တစ်ပိုဒ် သို့မဟုတ် တစ်ကြောင်းဆိုတယ်.. သူတို့ဆိုတဲ့ စာသားရဲ့နောက်ဆုံး ဆုံးသွားတဲ့ စကားလုံးနဲ့ နောက်တစ်ဖွဲ့က ပြန်စရတာ.. အော်လိုက်ဟစ်လိုက် ငြင်းလိုက်ခုန်လိုက် ပျော်ရွှင်ဖွယ်..
Aug 30, 4:00 pm

အင်းမ ရေပြာမှာ ကားရပ်တယ်.. အဲ့ဒိမှာပဲ အချင်းချင်းလက်ဆောင်တွေလဲကြ.. ရေမိုးချိုးတဲ့လူကချိုး.. ဓာတ်ပုံရိုက်ကြ.. ဆော့ကြ.. လက်ဆောင်မဲတွေ နှိုက်ကြတော့ “ကင်မရ (ဘိုဝ)” လို့ မဲပေါက်လို့ ဘိုဝ (ခေါ်) ကိုစိုးဇေယျက ဓာတ်ပုံရိုက်ပေးတယ်.. လယ်ကွင်းထဲမှာ အမျိုးစုံ ပို့စ်တွေပေးလို့.. အို ပျော်စရာကြီးဗျ.. အဲ့ဒိဆိုင်မှာပဲ ညစာတွေဘာတွေလည်းစားပြီး.. ရေချိုးသော ဘလော့ဂါများက သူတို့ကိုယ်သူတို့ “သန့်ရှင်းဘလော့ဂါ”တဲ့.. ကိုလင်းဆက်နဲ့ ကိုဂေါက်က ဦးဆောင်တယ်.. ရေမချိုးသော ကိုဖိုးသူတော်တို့ နန်းညီတို့က “တည်မြဲဘလော့ဂါ”ပေါ့လေ.. ငြင်းကြခုန်ကြ.. “ရေသွားချိုး”.. “ရေမချိုးနဲ့” အသံတွေလည်း ဆူညံလို့နေတာပဲ..
လယ်ကွင်းထဲက ဓာတ်ပုံဆရာများ
Aug 30, 7:30 pm
ရေပြာကနေ ကားဆက်ထွက်လာတော့ ကားပေါ်မှာပဲ ဘလော့ဂါအချင်းချင်း မိတ်ဆက်တဲ့ အစီအစဉ်ကို စလိုက်တယ်.. ဘလော့နာမည်.. ဘလော့လိပ်စာ.. စသည်ဖြင့် မိတ်ဆက်.. ကျန်တဲ့လူတွေကလည်း တစ်ယောက်တစ်ပေါက်တွေမေးလို့.. တဝါးဝါးတဟားဟားနဲ့ ဆူညံနေတဲ့ကားကြီးက ပေါင်းတည်ဘုရားပွဲဆီကို ည ၈ နာရီမှာ ဝင်ခဲ့တယ်.. ကားပေါ်ကဆင်း ဘုရားပွဲလျှောက်.. ဘုရားလည်းဝင်ကန်တော့ကြရင်း နောက်တစ်ခါ ဘယ်ကိုသွားကြမယ်.. ဘာတွေလုပ်မယ်.. ဘယ်လိုကြိုစီစဉ်ကြမယ် ဆွေးနွေးဖြစ်ကြတယ်.. ပြီးတော့ ဒီလိုမျိုးပွဲတွေကို အရင်ကဆို တာဝန်ယူပြီးတက်ကြွခဲ့တဲ့ ကိုနေဘုန်းလတ်အတွက် ပေါင်းတည်ဘုရားပေါ်မှာ အားလုံးက ဘုရားရှိခိုးဆုတောင်းလို့ ခဏတာတော့ ငြိမ်သက်ခဲ့ကြတာပဲ..
Aug 30, 8:30 pm
ရန်ကုန်အပြန်ခရီးစပြီပေါ့.. နေရစ်တော့ ပေါင်းတည်.. နေခဲ့တော့ သရေခေတ္တရာရေ.. ဘယ်တော့မှ မမေ့မယ့် ပျော်ရွှင်စရာခရီးတစ်ခုအဖြစ် နှုတ်ဆက်လိုက်တယ်.. ပျူနိုင်ငံဟောင်းကလည်း လူတော်တော်များများမေ့ပျောက်နေတဲ့ ပျူမြို့ဟောင်း ပျူယဉ်ကျေးမှုများကို လာပြီးကြည့်ဖြစ်တဲ့ ခေတ်ပေါ် ဘလော့ဂါလူငယ်လေးတွေကို အမှတ်ရနေမှာလား..
မနက် ၄ နာရီ ရန်ကုန်မြေနီကုန်းကို ကားဆိုက်တော့.. We Blog We Unit ဆိုတဲ့ အဖြူရောင်လူငယ်လေးတွေလည်း ကား တစ်စီးစီပေါ်တက် လက်ပြပြီး နှုတ်ဆက်ကြ.. သိပ်မကြာခင်မှာ လုပ်ငန်းခွင်အသီးသီးဝင်တဲ့အခါ စကားလုံးများနဲ့ တဖန်ပြန်ရင်းနှီးကြဦးမယ်..
ပျော်ရွှင်ပင်ပန်းစွာ ပြန်ရောက်လာခဲ့ပြီ.. ဓာတ်ပုံအချို့တင်ပါမည်.. ကျန်သောဓာတ်ပုံအချို့ကို ဒီမှာ ကြည့်နိုင်သည်.. ခရီးစဉ်အကြောင်းတော့ နောက်နေ့မှ တင်နိုင်မည်ထင်ပါသည်.. စာမရေးအားသေးပါ.. အလုပ်ကြွေးများရှင်းလင်းပါမည်.. ယနေ့လခရမည်..

ပြည်ရွှေဆံတော်မှာ.. ၄၁ ယောက်လုံးတော့ မစုံဘူး..

မင်္ဂလာပါ.. မြန်မာစံတော်ချိန် ညဦးပိုင်း ၈း၁၅ မိနစ်ဖြစ်ပါတယ်.. MBS ရပ်ဝန်းမှ အသံလွှင့်နေပါတယ်.. အခုဆိုရင်ဖြင့် ဒေါ်နန်းညီနှင့်တကွ အခြားဘလော့ဂါ ၄ ဦးဟာ ပြည်ကို သွားဖို့အတွက် မြေနီကုန်း မင်းလမ်းမှာစုဝေးပြီး ဖလမ်းဖလမ်းထနေကြပါပြီ.. ည ၉ နာရီကျော်ရင်ဖြင့် မြေနီကုန်းလမ်းထိပ်က ရွှေလက်ဘက်ရည်ဆိုင်ကိုသွားပြီး အခြားသော မြန်မာဘလော့ဂါများနှင့် စုစည်းပေါင်းဆုံကာ ပြည်မြို့သို့ထွက်ခွာမယ့် ကားပေါ်ကို တက်ရောက်မှာဖြစ်ပါတယ်.. ထို့နောက်မှာတော့ Shrikittaya 2.0 Blogging Excursion ခရီးစဉ် စတင်တော့မှာပါ..
သတင်းအစုံအလင်မှာ..
ယနေ့နံနက် ၁၀ နာရီခန့်မှ မွန်းလွဲ ၃ နာရီခန့်အထိ မြန်မာဘလော့ဂါများ (ရန်ကုန်အင်အားစု)များသည် ကန်တော်ကြီးပန်းခြံထဲတွင် သွားရောက်သောင်းကျန်း.. ပျော်ပါး.. စားသောက်.. ဆော့ကစား.. ငြင်းခုန်.. အမှိုက်ဖွ.. ပြီးသကာလ.. ဘလော့ဂါအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ ရယူခဲ့ကြတယ်လို့ သိရှိရပါတယ်.. အသေးစိတ်ကိုတော့ ပြည်ခရီးစဉ်အပြီးမှာ ဘလော့အများအပြား၌ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်ရှင်..
ကျေးဇုတင်ပါတယ်ရှင့်.. (မန်းလေး FM မှာ အစီအစဉ်ကြေညာသူ မိန်းကလေး၏ အသံဖြင့် ဖတ်ကြပါရန်)
Recent Comments