Random of NangNyi

nangnyi.net
www.nangnyi.net ရသွားပါပြီ.. အခု အဲ့ဒိအိမ်မှာ ပြောင်းရေးပါဦးမယ်..

ဒေါ့နက်အတွက် အစ်မတော်တစ်ပါးက ဝယ်ပေးပါတယ်.. အဲ့ဒါနဲ့ အစ်ကိုတော်တစ်ယောက် အကူအညီနဲ့ ဝယ်လိုက်ပါတယ်.. ပြီးတော့ အဲ့ဒိအစ်ကိုတော်ကပဲ သူ့ hosting ကို ရှဲပေးပါတယ်.. သူကပဲ ဝေါ့ပျက်ထည့်ထားပေးပါတယ်.. သူပဲ ပို့စ်တွေရွှေ့ပေးပါလိမ့်မယ်.. နန်းညီကတော့ ခု အဲ့အသစ်မှာ စပြီး ဓာတ်ပုံလေးတွေ တင်လိုက်ပါမယ်.. ကြည့်ကြမယ်ဟုတ်..

Happy New Year
နှစ်သစ်မှာ ပျော်ရွှင် ကျန်းမာကြပါစေ.. အဆင်ပြေ ချမ်းမြေ့ကြပါစေ..

ဆုမွန်ကောင်းများဖြင့်

-နန်းညီ

အိမ်မလွမ်းတလွမ်းသူ
ဖုန်းကတ်ကလေးကို စက်ထဲသို့ ထိုးထည့်လိုက်သည်.. ပြီးတော့ ဂဏန်းပေါင်းများစွာကို နှိပ်ရပြန်၏.. ပြီးမှ အိမ်က ဖုန်းနံပါတ်လေးကို နှိပ်ခွင့်ရသည်.. 951+…. .. .. …. ဂဏန်းများနှိပ်ပြီးသည်နှင့် စက်က မိန်းကလေးသံဖြင့် သတိပေးပြီ.. `You have 26 Miniutes Left´.. သြော် ဒုက္ခပါလား.. ဖုန်းကဖြင့် ၀င်သည် မ၀င်သည် မသိသေး.. ဖုန်းကတ်က မိနစ်စဖြတ်နေပြီ..

ဖုန်းကတ်လေး တစ်ခုကို ၀မ် ၁ သောင်းပေးရသည်.. ဒေါ်လာအားဖြင့်ဆိုလျှင် ၁၀ ဒေါ်လာ.. ထိုကတ်လေးဖြင့် ထိုင်းကိုဆိုလျှင် ၁ နာရီကျော် စကားပြောလို့ရသည်.. အိန္ဒိယကိုတော့ မိနစ် ၉၀ ရသည်ဟုဆိုသည်.. အခန်းဖော်သူငယ်ချင်းဖြစ်သူ မွန်ဂိုသူလေးကတော့ ရောက်ကတည်းက သူ့ handset လေးထဲ ဖုန်းကတ်ဝယ်ထည့်ပြီး အသုံးပြုတာတွေ့သည်.. မြန်မာပြည်ကိုခေါ်လျှင်တော့ ဖုန်းကတ်တစ်ကတ်ကို နာရီဝက်ပဲ အသုံးပြုလို့ရသည်.. ဒါတောင် ရန်ကုန်ကုဒ်ရိုက်ထည့်ပြီးသည်နှင့် မိနစ်စဖြတ်ခြင်းဖြစ်သည်.. ဖုန်းခေါ်တာလာမကိုင်လို့ ကြာနေလျှင် ထပ်ဖြတ်.. ဖုန်းမ၀င်လျှင် မအားလျှင်ဖြတ်.. တကယ်တမ်း အိမ်က ဖုန်းကိုင်ပြီဆိုလျှင် စကားပြောချိန်က ၁၅ မိနစ် ၂၀ မိနစ်စာသာကျန်သည်.. အမေ့အသံ အဖေ့အသံ ကြားရရုံလေးတင်.. ဘာစကားမှ မပြောအားပါ.. မလွယ်ဘူးနော်..

Korea Asia Youth Camp အစီအစဉ်က အာရှ ၁၈ နိုင်ငံမှ လူငယ် ၂၀၀ ကို ၁ လတိတိ တွေ့ဆုံပွဲ camp လုပ်ခြင်းဖြစ်သည်.. မြန်မာတစ်နိုင်ငံလုံးရှိ လူငယ်များကို အင်္ဂလိပ်အက်ဆေးပြိုင်ခိုင်းပြီး စကာတင်ရွေး.. ထိုထဲကမှ လူတွေ့ထပ်ဖြေပြီး မြန်မာလူငယ် ၁၀ ယောက်ကို ကိုရီးယားသို့ ရွေးချယ်စေလွှတ်လိုက်သည်.. အက်ဆေးခေါင်းစဉ် ၅ ခုပေးထားသည့်ထဲကမှ Globalization and Youth ကိုရေးရမလား.. Cultural Exchanges in Asia ကို ရေးရမလား အတော်စဉ်းစားပြီးမှ Cultural Exchange ကိုရေးမည်ဟု ဆုံးဖြတ်ပြီး ရေးခဲ့တာ.. အရွေးခံရမယ်လို့တောင် မထင်ထား.. တကယ်တမ်း သွားရမည်လည်းဆိုရော အတော်လေး ပျော်သွားခဲ့သည်.. ကိုရီးယားသို့ တစ်လတိတိတောင် သွားနေရတော့မည်..

2006, August 7 တွင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Tower Hotel တွင် ကိုရီးယားအပါအ၀င် အာရှ ၁၈ နိုင်ငံမှ လူငယ်များ တွေ့ဆုံကြပြီ.. အိမ်ရှင်ကိုရီးယားလူငယ်များက ၅၀.. အားလုံးပေါင်း ၂၅၀ တိတိ.. စရောက်ရောက်ချင်းနေ့များတုန်းကတော့ ပျော်လိုက်သည့်ဖြစ်ခြင်း.. တစ်ခန်းထဲ အတူနေရသည်က ကိုရီးယားအစ်မကြီးတစ်ယောက်.. မွန်ဂိုအစ်မကြီးတစ်ယောက်.. ၃ ယောက်သား မိတ်ဆက်လိုက်..စကားတွေပြောလိုက်.. ရယ်လိုက်မောလိုက်ဖြင့် အိမ်ကို သတိမရအားသေး.. ဖွင့်ပွဲရက်.. လူအားလုံး ခန်းမကျယ်ကြီးထဲမှာ အချင်းချင်းမိတ်ဆက်.. စားကြသောက်ကြ.. သီချင်းဆိုကြ ကကြ.. ဂိမ်းတွေကစားကြနှင့်.. တီဗီစီးရီးတွေထဲတွင် မြင်ဖူးကြားဖူးခဲ့သည့် ကိုရီးယား အစားအစာတွေကိုလည်း တကယ်ပင် စားသောက်ရပြီ.. နိုင်ငံအချင်းချင်း ရင်းနှီးစေဖို့ လူတွေကိုခွဲကာ အဖွဲ့လုပ်ပေးသည်မို့ မြန်မာအချင်းချင်းပြန်လည် တွေ့ဆုံဖို့တောင် ခက်သွားပြီ.. နိုင်ငံအလိုက် activities တွေအတွက်သာ တွေ့ဖြစ်တော့သည်.. သို့သော် အဲ့ဒိတုန်းကတော့ ကိစ္စမရှိ.. Korea.. Kazakhstan.. Laos စသည့် တခြားတိုင်းပြည်ကလူတွေနှင့် အင်္ဂလိပ်လို ပြောရသည်ကိုက ပျော်စရာဖြစ်နေသေးသည်..

ပြင်ပလေ့လာရေးအနေဖြင့် ပထမဆုံး စသွားရသည်က ကိုရီးယားနောက်ဆုံးမင်းဆက်၏ Changdeok-gung နန်းတော်သို့.. အဲ့ဒိမှာ စပါပြီ.. ပြည်တော်လွမ်းချင်း.. နန်းတော်တဲ့.. ငါတို့ မန်းလေးက မြနန်းစံကျော်ကြီးလောက်လည်း မလှ.. မခမ်းနား.. ရှေးမှုလက်ရာတွေကလည်း ငါတို့လောက် မများပါဘူး.. ပြီးတော့ အရိပ်အာဝါသကလည်းမရှိ.. ပူလိုက်တာလွန်ရော.. ရှေ့ကရှင်းပြနေသည့် နန်းတော်ဧည့်လမ်းညွှန်ကလည်း အင်္ဂလိပ်စကားက မပီ.. ပြီးတော့ လူ ၂၀၀ ကျော်လုံးကြားအောင် သူ့ အော်လံလေးက မစွမ်း.. ဒီတော့ လူတော်တော်များများ သမိုင်းကိုစိတ်မ၀င်စားပါ.. ဟိုကြည့် ဒီကြည့်.. ခေါ်ရာနောက်သို့သာလိုက်နေရတာ.. ဖွင့်ပွဲနေ့ အဖွဲ့တွေခွဲတော့ တစ်ဖွဲ့ထဲအတူကျသည့် ထိုင်းမှ သူငယ်ချင်းကောင်လေး Sib က တီးတိုးအတင်းပြောသေးသည်.. `သူတို့သမိုင်း ငါတို့က စိတ်မ၀င်စားပေါင်ဟာ.. ပြီးတော့ ငါတို့နန်းတော်တွေလိုလည်း ကနုတ်တွေဘာတွေမရှိ´ တဲ့.. သူရော ကိုယ်ပါ ၂ ယောက်လုံးက ပန်းချီကျောင်းသားတွေမို့ ကိုရီးယားရှေးဟောင်းလက်ရာများတွေ့လျှင် ကူးဆွဲဖို့သာ စိတ်အားထက်သန်နေကြသည်..

နောက် တစ်ပတ်လုံးလုံး Congress တွေလုပ်.. အဖွဲ့လိုက်ဆွေးနွေးမှုတွေ.. ပြင်ပလေ့လာရေးတွေ.. နိုင်ငံအလိုက်လုပ်ရသည့် Presentation တွေဖြင့် အတော်လေးကို စိတ်မအားလူမအားဖြစ်နေရသည်.. မြန်မာစကားသံတွေကို လွမ်းစပြုလာပြီ.. မေကြီးချက်သည့် ဟင်းများကို သတိရနေပြီ.. သန်းခေါင်သန်းလွဲ ၂ နာရီလောက်မှအိပ်.. မနက် ၇ နာရီဆိုထ.. တစ်နေ့လုံး ပင်ပန်း.. ည ၁၀ နာရီဟိုတယ် ပြန်ရောက်လျှင်လည်း အိပ်လို့ နားလို့မရသေး.. မြန်မာအချင်းချင်း ပြန်တွေ့ပြီး နောက်နေ့အစီအစဉ်တွေအတွက် ပြင်ဆင် တိုင်ပင်ကြရသေးသည်.. နိုင်ငံတိုင်းမှ လူတိုင်း ပင်ပန်းလှပြီထင်ရ၏.. August 18 ရက်နေ့ကြတော့ တာဝါဟိုတယ်မှာ ပစ္စည်းတစ်ချို့ထားခဲ့.. တစ်ပတ်စာပစ္စည်းများသာ ထုပ်ပိုးကာ Gyeongju မြို့ကို ခရီးထွက်ကြရသည်.. ဘတ်စ်ကားကြီး ၇ စီး တန်းကာစီလျက်..

အဲ့ဒိနေ့မှာပဲ ဆိုးလ်မြို့ပြင်မှာရှိသည့် ချန်ဂင်ရုပ်ရှင်ရိုက်ကွင်းမြို့တော်နှင့် EverLand ကစားကွင်းကို သွားရသည်.. Folk Village ရုပ်ရှင်ရိုက်ကွင်းက ရှေးဟောင်းအိမ်ပုံစံတွေ နန်းတော်ပုံစံတွေ ဈေးတန်းတွေ.. ရာဇ၀င်ကားများ ဒီထဲမှာပဲ ရိုက်ကြတာများသည်.. ငါတို့မြန်မာနိုင်ငံမှာလည်း ဒါမျိုးရိုက်ကွင်းတွေဘယ်တော့မှ ပေါ်လာမှာလဲ.. အားကျလိုက်တာ.. ဈေးတန်းမှာ ရောင်းသူတိုင်းက ရှေးဟောင်းဝတ်စုံများဝတ်ရောင်းခြင်းဖြစ်သည်.. ဒီတော့ ရိုက်မယ်ဆိုရင် ဈေးသည်တွေဘာတွေ သဘာဝကျအောင် ထည့်စရာမလိုတော့.. ခေတ်အ၀တ်အစားတွေဖြစ်နေသည့် တိုးရစ်စ်များကို ခဏဖယ်ခိုင်းလိုက်ရုံပဲ.. နေ့လည်စာစားပြီးမှ အဲ့ဒိကထွက်လာပြီး ညနေ ၃ နာရီခန့်တွင် အဲဗားလန်းသို့ရောက်သည်.. ရိုလာကိုစတာတွေ G5 သရဲအိမ် အစုံအစုံပဲ.. တကယ်တော့ အဲဗားလန်းက ည ၉ နာရီဆိုပိတ်သည်.. သို့သော် Youth Camp အဖွဲ့ကိုချွင်းချက်ထားပေးသည်.. ရေလည်ဗြောင်းဆန်အောင် သောင်းကျန်းပြီး အဲဗားလန်းက ထွက်လာတော့ ည ၁၁ နာရီ.. အဲဒီတော့မှ Gyeongju မြို့ကို ဦးတည်ပြီးသွားတော့သည်.. ပင်ပင်ပန်းပန်းနှင့် ကားပေါ်မှာ အိပ်ပျော်သွားရင်း ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် ခေတ်မှီကစားကွင်းဆိုသည့်ဟာကြီးထဲမှာ မောင်နှမတွေပျော်ခဲ့ဖူးတာကို အိပ်မက်မက်လိုက်သေး၏..

Gyeongju ဆိုတာက ရှေးဟောင်းအိမ်ပုံစံအများအပြားဖြင့် နန်းဆန်သောမြို့လေးဟု ဆိုရမည်.. ဘုရင်များ၏ သင်္ချိုင်းတွေလည်းရှိ၏.. အဲ့ဒိမြို့က အစီအစဉ်များက ပျင်းရိစရာအနည်းငယ်ကောင်းသည်.. မိုးကလည်း ရွာရွာနေတော့ အစီအစဉ်အတော်များများ ဖျက်လိုက်ရသေးသည်.. အဆောင်ထဲမှာပဲ ရုန်းစုရုန်းစုဖြင့် ပျော်စရာရှာကြရတာများနေတော့ အားရပါးရ အိမ်လွမ်းဖြစ်သည်.. ရောက်ကတည်းက နှစ်ခါပဲ ဖုန်းဆက်ဖြစ်သည်.. ဆက်ရခက်တာလည်းတကြောင်း ပိုက်ဆံလည်းသိပ်မရှိသဖြင့် ဖုန်းကတ်ထပ်မ၀ယ်ဖြစ်.. ခုမှ မိုးကရွာ ပျင်းကလည်းပျင်းနေတော့ အိမ်ကိုအတော်လေးလွမ်းမိသည်.. ကာရာအိုကေ ဆိုနေကြသည့် သူငယ်ချင်းများဆီသွားရင်း ငါလည်းဆိုမယ် ဆိုပြီး ထူးအိမ်သင်အခွေကို ပေးလိုက်ကာ အမေ့အိမ်သီချင်းကို အားရပါးရဆိုဖြစ်၏.. ~~ အိပ်မရတဲ့ ညများစွာထဲ ~~ ရထားဥသြသံလေးများကြားရင် ~~ အိမ်ပြန်ချင်တဲ့စိတ်လေး တားမရနိုင် ~~ .. ကိုယ့်ဘာသာစကားဖြင့် ကိုယ်ဆိုကြသူတွေကို သီချင်းအဓိပ္ပါယ်ကိုမေးကြတော့ အိမ်လွမ်းတဲ့ သီချင်းလို့ ဖြေရင်း မျက်ရည်ဝဲမိသေးသည်.. မြန်မာသနပ်ခါးတွေ တောင်းတောင်းလိမ်းတတ်တဲ့ Bum Oppa က လာချော့တော့မှ ပိုဆိုးသွားတော့တာပဲ.. တကယ်ကိုငိုမိသွားတော့ တခြားနိုင်ငံမှ သူငယ်ချင်းများပါ ဓာတ်ကူးသွားဟန်တူသည်.. အင်ဒိုနီးရှားက ကောင်မလေးကလည်း ငိုသည်.. မလေးရှားက ကောင်လေးကလည်း ငိုသည်.. စင်ကာပူက တရုတ်မလေးကလည်း မဲ့တဲ့တဲ့.. ကာရာအိုကေအဖွဲ့မှ ငိုချင်းအဖွဲ့ဖြစ်သွားတော့သည်..

Gyongju မြို့မှာ တစ်ပတ်လောက်နေပြီးမှ Pyeong-chang မြို့လေးဆီ ဆက်သွားကြသည်.. ဖျောင်ချန်းသွားသည့် အဓိကရည်ရွယ်ချက်က `အိုထဲချွန်း´ချောင်းတွင် Rafting Activity ခရီးကြမ်းလှေလှော်ခြင်းလုပ်ရန်.. ပြီးတော့ မီနီအိုလံပစ်ဟု ခေါ်သည့် အဖွဲ့လိုက် အားကစားပြိုင်ပွဲတွေ ပြုလုပ်ရန်ဖြစ်သည်.. ပြီးတော့ camp food festival လည်းလုပ်ကြမည်.. နိုင်ငံအလိုက် မိမိတို့ ဒေသစားစရာတွေကို ချက်ပြုတ်တည်ခင်းရသည့် ပွဲတော်.. မြန်မာနိုင်ငံမှ စားစရာအနေဖြင့် အသင့်စားမုန့်ဟင်းခါးထုပ်များကို ချက်ပြုတ်ကျွေးမွေးသည်.. ဆီထမင်းထိုးသည်.. နှမ်းထောင်းလေးက မွှေးမွှေး.. လက်ဖက်သုပ်လည်းပါသည်.. မုန့်ဟင်းခါးကို အတော်ကြိုက်ကြသည်.. ကိုယ်ကတော့ မုန့်ဟင်းခါးရော လက်ဖက်ရော မကြိုက်တတ်သူမို့ သူများနိုင်ငံတွေဆီသာ လိုက်စားဖြစ်သည်.. ထိုင်းမှ တုန့်ယမ်းဟင်းချိုက အတော်လေးကောင်းသည်.. ပြီးတော့ အင်ဒိုနီးရှားမှ ဆန်မုန့်တွေ.. ကိုရီးယားမှ ခေါက်ဆွဲအေး.. စုံစီနဖာလိုက်စားရင်း မြန်မာနိုင်ငံမှ ခေါက်မုန့်ကို မဆီမဆိုင်သတိရနေမိသည်.. ထန်းလျက်ရည်များများ.. ပဲစေ့လေးတွေနဲ့ အုန်းသီးဆံ နုနုလေးများနှင့်.. အားပါးပါး…

ဖျောင်ချန်းမြို့မှ အပြန် လမ်းမှာတော့ ဟွန်ဒိုင်းစက်ရုံကြီးကို ၀င်လေ့လာရသည်.. ကြီးမားခန့်ညားလိုက်တာ.. ပြန်ရောက်မှ မြန်မာ့စက်မှုဇုံထဲ သွားလည်ဦးမှလို့ မြန်မာမလေး ယဉ်မင်းနှင့် တိုင်ပင်လိုက်သေးသည်.. (ပြန်လာတော့လည်း မသွားဖြစ်ခဲ့ပါ).. ကားစက်ရုံထဲမှာ ဓာတ်ပုံမရိုက်ရလို့ တားမြစ်ထားပေမယ့် ပါကစ္စတန်က ဂျင်မီ ဓာတ်ပုံခိုးရိုက်နေတာတွေ့သည်.. မြန်မာတွေတင် စည်းကမ်းမရှိတာမဟုတ်ပါဘူးနော်လို့ စိတ်ထဲကနေ လှမ်းရန်ဖြစ်နေမိသေး၏.. ဟွန်ဒိုင်းကနေ ဆိုးလ်ကို အပြန်လမ်းမှာ အရှေ့ဘက်ပင်လယ်တစ်လျှောက်ဖြတ်ပြန်ခဲ့ရသည်.. တံငါရွာလေးတွေလို့ Juno Oppa က ပြောပြသည်.. ရွာတဲ့လား.. ကတ္တရာလမ်းမပြန့်ပြန့်ပြူးပြူး.. သင်္ဘောတွေအစီအရီ.. သပ်သပ်ရပ်ရပ်ခြံဝန်းများနှင့် အိမ်ကလေးတွေ.. အိမ်တိုင်းမှာ ဖုန်းရှိသည် မီးလာသည် တီဗီကြည့်လို့ရသည် အင်တာနက်သုံးနိုင်သည်.. မြို့တက်ချင်လျှင် အချိန်မရွေး ကားရှိသည်.. အော်.. တံငါရွာပါတဲ့..

ကားတစ်ထောက်ရပ်နားကွင်းမှာ နားကြတော့လည်း မြန်မာပြည်အဝေးပြေးလမ်းမများပေါ်ရှိ ထမင်းဆိုင်များနှင့် နှိုင်းယှဉ်ကြည့်ရင်း အားမလိုအားမရဖြစ်နေမိပြန်သည်.. တခြားနိုင်ငံမှလူများကတော့ ထိုသို့ဖြစ်သည့်ပုံမပေါ်.. သူတို့နိုင်ငံတွေက အဝေးပြေးကားရပ်နားစခန်းတွေကလည်း ဒီလိုခေတ်မှီမှီတွေပဲလား.. အိမ်သာ ရေချိုးခန်းတွေ သပ်ရပ်ကျယ်ဝန်းသည်.. သန့်ရှင်းနေသည်.. Food Court တွေက အကြီးကြီးတွေ ထိုင်စရာခုံတွေ စားပွဲတွေက ပုံစံအမျိုးစုံလေးတွေ.. သက်တောင့်သက်သာရှိလိုက်တာ.. အဲ့ဒိမှာတုန်းက ၁ တောင်လောက်ရှိသည့် ၅၀၀၀ တန်ရောင်စုံရေခဲမုန့်ကြီး ၀ယ်စားခဲ့သည်.. တစ်ယောက်ထဲတော့မဟုတ် ကိုရီးယားအစ်ကိုကြီး ဂျဂျွန်း.. ထိုင်းက sib.. ဗီယက်နမ်က ထန်.. Uzbekistan မှ အူစကာတို့နှင့် ၅ ယောက်ပေါင်းဝယ်စားခြင်းဖြစ်သည်.. ၅ နိုင်ငံ ချစ်ကြည်ရေး ရေခဲမုန့်လို့ပြောပြီး ရယ်ကြရသေး၏..

ဆိုးလ်ကိုပြန်ရောက်သည့် တစ်နေ့ကို အားလပ်ရက်အဖြစ်ပေးထားသည်.. ကြိုက်သည့်လူ ကြိုက်သည့်နေရာသွားနိုင်သည်.. ကိုယ့်ခင်ရာမင်ရာ တွဲကာ သွားကြသည်.. ကိုယ်တွေအဖွဲ့ ၅ ယောက်ကတော့ မနက်ခင်းတစ်ခင်းလုံး အိပ်ရာထဲပစ်ဝင်ကာ.. နေ့လည်စာ စားချိန်ရောက်မှ စထွက်ကြသည်.. ဘတ်စ်ကားစီးတော့ တစ်ယောက် ၀မ် ၉၀၀ ပေးရသည်.. အင်.. နှမျောလိုက်တာ.. ရန်ကုန်မှာဆို ၁၀၀ ပဲတန်တဲ့ခရီးနော်.. ဒုံထဲမွန်း.. နမ်ထဲမွန်း စသည့် အရှေ့ဂိတ်ဈေးကြီး အနောက်ဂိတ်ဈေးကြီးတွေဆီရောက်သည်.. အတော်အံ့သြစရာတစ်ခုလည်း ကြုံခဲ့ရသည်.. ဈေးထဲကထွက်လာပြီး လမ်းဘေးမှာ ရောင်းနေသည့်ဈေးဆိုင်လေးမှာ ရေသန့်ဗူးဝယ်သောက်ကြသည်.. သူတို့ဆီမှာ ရေသန့်ကဈေးကြီးသည် ပုလင်းသေးလေးတွေကိုတောင် ၁၂၀၀ ပေးရသည်.. အအေးဗူးတွေက လမ်းဘေးစက်တွေမှာ ၅၀၀ တန်အကြွေစေ့ထည့်သည်နှင့် ရနိုင်သည်.. ထားပါတော့.. ရေ၀ယ်ပြီးတော့ ကားငှားဖို့ လမ်းဘေးမှာရပ်စောင့်နေတုန်း ဆိုင်အရိပ်လေးမှာ ရပ်ပြီးနေကြတာ.. ဆိုင်ရှင်အဖွားကြီးက ထွက်ကာ ရေနှင့်ပက်ပါတော့သည်.. အရိပ်မခိုဖို့လည်း အော်ဟစ်နှင်ထုတ်၏.. မျက်လုံးအတော်ပြူးသွားသည်.. ခုနကပဲ သူ့ဆိုင်မှာ ရေတွေဝယ်ထားတာ.. ဆိုင်ဘေးက အရိပ်လေးခိုတာတောင် ခွင့်မပြုချင်ဘူးလား.. မြန်မာပြည်က ကွမ်းယာဆိုင်လေးများကို သတိရသွားတော့ အတော်တောင် စိတ်ပျက်သွားသည်.. ပြန်တောင်ပြန်ချင်လာပြီ..

ပြန်မည့် တစ်ပတ်မှာ Home Stay Program လုပ်ပေးသည်.. Camp ထဲမှ လူငယ်များကို ကိုရီးယားမိသားစုများမှ အိမ်အလည်ခေါ်သည့် အစီအစဉ်.. ဒီတွေ့ဆုံပွဲကြီး စစီစဉ်ကတည်းက မိန်းကလေး ဘယ်နှယောက်ခေါ်ချင်သည်.. ယောက်ျားလေးဘယ်နှယောက်ခေါ်မည် စသည်ဖြင့် လာပြီး စာရင်းပေးထားရသည်ဟုပြောသည်.. စီစဉ်သူများက စာရင်းပေးသည့် မိသားစု၏ ငွေကြေးအခြေအနေ.. လူမှုရေး..မိသားစုအခြေအနေများကို စိစစ်ပြီးမှ လူခေါ်ခွင့်ပြုမပြု အကြောင်းပြန်သည်တဲ့.. မိသားစု ၅ ယောက်ရှိသော အိမ်လေးတစ်အိမ်မှာ နေခွင့်ရလိုက်သည်.. အာပါးရယ်. အိုမားရယ်.. ပြီးတော့ သမီးအကြီးဆုံးက ၁၅ နှစ်အရွယ်.. သမီးလတ်က ၁၂ နှစ်နှင့် သားအငယ်ဆုံးလေးက ၈ နှစ်.. အင်္ဂလိပ်စကားကို အပြောနိုင်ဆုံးက သမီးလတ်ဖြစ်သည်.. သူ့ကိုပဲ အဓိက ထားကာ communicate လုပ်ရ၏.. သူတို့နေသလိုနေ သူတို့စားသလိုစား.. အိုမားနှင့် ကူပြီးအိမ်အလုပ်တွေလုပ်.. အလတ်မလေးနှင့်တူတူ တီဗီကြည့်.. အကြီးမလေးနှင့် ဈေးလိုက်ဝယ်.. မောင်ငယ်လေးနှင့် ဂိမ်းပြိုင်ဆော့.. သူတို့လိုက်ပို့သည့် နေရာတွေသွား.. မိသားစုတစ်ခု ရလိုက်တော့ အိမ်လွမ်းတာ နည်းနည်းသက်သာသွားသည်… အတော်ကောင်းတဲ့ အစီအစဉ်ပဲ.. အရမ်းကို သဘောကျမိသည်.. လူလတ်တန်းစား ကိုရီးယားမိသားစုဘ၀ကို မြည်းစမ်းခွင့်ရလိုက်သည်..

မိသားစုများဆီမှ ပြန်ရောက်လာကြတော့ Tower Hotel မှာ နှုတ်ဆက်ပွဲအစီအစဉ်သာ ကျန်တော့သည်.. နှုတ်ဆက်ပွဲညက အချင်းချင်း လက်ဆောင်တွေလဲကြ.. လိပ်စာတွေ အပြန်အလှန်ပေးကြ.. မျက်ရည်လည်ရွှဲဖြင့် ပွေ့ဖက်နှုတ်ဆက်ရင်း ဓာတ်ပုံတွေရိုက်ကြ.. Heal the World သီချင်းကို အားလုံးတူတူသီဆိုကြတော့ အိမ်ကိုတောင် မပြန်ချင်တော့ဘဲ ဒီသူငယ်ချင်းများနှင့် မခွဲနိုင်မခွာရက်ဖြစ်လာပြန်သည်.. ~~ Heal the World .. Make a better place.. For you and for me and the entire human race ~~ .. ဘာသာစကားနဲ့ ယဉ်ကျေးမှုကွဲပြားတာဟာ လူသားတွေရဲ့ချစ်ခင်မှုကို အဟန့်အတားမဖြစ်စေနိုင်ပါဘူးနော်.. စင်ကာပူမှ တရုတ်မလေးနှင့် ဘရူနိုင်းမှ ခေါင်းမြီးခြုံကုလားမလေး တစ်ယောက်နဲ့ တစ်ယောက်ဖက်ပြီးငိုနေကြတာ.. မွန်ဂိုကောင်လေးနဲ့ အင်ဒိုနီးရှားကကောင်လေး ပုခုံးချင်းဖက်ကာ နှုတ်ဆက်နေကြတာ.. ကိုယ် ကိုယ်တိုင်လည်း ထိုင်းက သူငယ်ချင်းများနှင့် စကားလက်ဆုံပြောမကုန်တာ.. ကမ္ဘာသူ ကမ္ဘာသားအားလုံး တစ်ယောက်နဲ့ တစ်ယောက်ချစ်ခင်စရာပါ.. တရားဝင်နှုတ်ဆက်ပွဲကြီးပြီးတော့ ည ၁၁ နာရီထိုးပြီ.. အချင်းချင်း ခင်ရာမင်ရာတွေ လမ်းဘေးအရက်ဆိုင် ဘီယာဆိုင်လေးတွေဆီ ချီတက်ကြပြန်သည်.. မနက် ၆ နာရီ ဖလိုက်နဲ့ပြန်ရမယ့် လူတစ်ချို့ကတော့ နှုတ်ဆက်အိပ်ရာဝင်သွားကြပြီ..

နောက်နေ့မနက်ကျတော့ ထိုင်းကလူငယ် ၁၅ ယောက်နဲ့ မြန်မာက ၁၀ ယောက်ကို အိမ်ရှင်ကိုးရီးယား ၈ ယောက်က အင်ချွန်းလေဆိပ်ကို လိုက်ပို့ပေးကြသည်.. အလာတုန်းကတော့ Korean Air ကိုစီးရတော့ ရန်ကုန်-အင်ချွန်း တိုက်ရိုက်ပဲ.. အပြန်မှာတော့ ထိုင်းနိုင်ငံ၏ သုဝဏ္ဏဘူမိလေဆိပ်မှာ Transit.. လေဆိပ်ရောက်ပြန်တော့လည်း ပြန်ချင်တာပဲ သိတော့သည်.. အိမ်ကိုလွမ်းလှပြီ.. အမေ အဖေတို့နှင့် တွေ့ချင်လှပြီ.. အတွေ့အကြုံတွေကိုလည်း စည်စည်ညံညံ ပြောပြချင်နေပြီ.. မြန်မာ ထမင်းဟင်းတွေလည်း စားချင်လှပြီ.. ထိုအချိန်မှာတော့ ဘယ်နိုင်ငံ ဘယ်သူငယ်ချင်းကိုမှ မတွယ်တာနိုင်တော့.. ပြန်မည်.. အိမ်ကိုပဲ ပြန်မည်.. လေယာဉ်ပေါ်တက်ပြီး နေသားတကျ ထိုင်ပြီးသည်နှင့် စိတ်က အင်မတန်ကို တက်ကြွနေသည်.. မြန်မြန်သာရောက်လိုက်ပါတော့.. Transit time က ၁၀ နာရီလောက်ကြာမည်ဆိုတာသိတော့ ထိုင်းက သူငယ်ချင်းများက ပြည်တွင်းဝင်လည်ရန် အကြံပေးနေသေးသည်.. သို့သော် အဆင်မပြေလှ.. ကိုရီးယားကနေ နေ့လည် ၁၁ နာရီထွက်သည့်လေယာဉ်သည် ထိုင်းကိုတော့ မနက်ကြီး ၂ နာရီလောက်မှာ ရောက်သွားမှာ.. လေဆိပ်ထဲမှာပဲ ၁၀ နာရီကို ဖြုန်းတီးပစ်လိုက်ကြသည်.. ၁၀ ယောက်သား မြန်မာစကားတွေပြော.. ဟိုကလူတွေကို သတိရလိုက်.. အိမ်ကို သတိရလိုက်နှင့် ဂယောက်ဂယက်အတော်ထပြီးတော့ MAI ပေါ်ရောက်သည်.. `မင်္ဂလာပါ´လို့ ပီပီသသနှုတ်ဆက်သည့် လေယာဉ်ဝန်ထမ်းအားလုံး ချစ်ဖို့ကောင်းနေ၏..

ရန်ကုန်လေဆိပ်ရောက်တော့ လူတိုင်း ခုန်ဆွခုန်ဆွဖြစ်နေပြီ.. ပြည်တွင်းအ၀င်စစ်ဆေးသူများကလည်း စပ်ဖြဲဖြဲ မြောက်ကြွကြွဖြင့် ဆင်းလာကြသည့် လူငယ်လေးများဆီမှ အပျော်ကူးစက်သွားလားတော့မသိ.. သိပ်ပြီး စစ်စစ်ဆေးဆေးမရှိလှဘဲ ပြည်တော်ပြန်ဝင်ခွင့်ရခဲ့သည်.. ပြန်ရောက်ပြီ.. ပထမဆုံး အမေ့ကိုမြင်သည်.. ပြီးတော့ အစ်ကို.. ပြီးတော့ ညီမလေးနှင့် အဖေ.. `ကိုရီးယားသွားတာလား.. ဘဂ္ဂဒက်သွားတာလား´လို့ မြင်သူတိုင်း နောက်ကြ၏.. နေပူထဲတွေ သွားရလာရ.. ပင်လည်းပင်ပန်းသောကြောင့် အသားတွေမည်းပြီး ၁၀ ယောက်လုံး ပိန်ညှောင်ကာပြန်လာကြတာကိုး.. အိမ်ကလူတွေနှင့် ပြန်တွေ့တော့လည်း ဘာကိုမှ သတိမရနိုင်တော့ဘဲ အတူသွားသည့် သူငယ်ချင်းတွေကိုတောင် ဖြစ်သလိုလေး နှုတ်ဆက်ကာ.. ကားပေါ်ရောက်သည်နှင့်… `ဘယ်လိုလဲ ပျော်ခဲ့လား.. ဖုန်းတောင် ၃ ခါလေးပဲဆက်တယ်.. ပျော်လာမှာပါ´ .. စသည့် စကားသံများကို တုန့်ပြန်ရတော့သည်.. `ဒါလောက်ကြီးလည်း ပျော်တယ်ရယ်မဟုတ်ပါဘူး.. အိမ်ကိုပဲ လွမ်းတာ´လို့ ပြောတော့ အစ်ကိုက ချွဲသည်ဟု ထအော်၏.. မချွဲပါဘူးနော်.. အမှန်အတိုင်းပြောတာပဲ မဟုတ်လား.. ဒါပေမယ့် တုန့်ပြန်ပြီး ရန်မဖြစ်မိ.. ပြောချင်သည့် စကားတွေက ပါးစပ်ဖျားမှာ စီနေသဖြင့် အလျင်အမြန် တရစပ်ထုတ်ပစ်ရသည်..

`ကိုရီးယားမှာလေ.. သိလား.. .. .´

နေ့အိပ်မက် တဂ်ထားတဲ့ အိမ်လွမ်းသူ ပို့စ်လေးပါ.. အိမ်နဲ့က သိပ်ပြီးခွဲမနေဖူးတော့.. ဒီခရီးစဉ်ကိုပဲ ရေးဖြစ်သွားတယ်.. Camp အကြောင်းလည်း ရေးမယ်စိတ်ကူးပြီး မရေးဖြစ်တော့ ခုတစ်ခါထဲ ရောချလိုက်ပါတယ်

ကလေးဘဝ ဘာညာကွိကွများ
ကိုဟိဏ်း..မမရီတာ.. မမVista တို့ကို ဆက်တဂ်ချင်ပါတယ်.. ငယ်စဉ်တောင်ကျေး ကလေးဘဝရဲ့ အမှတ်တရများတဲ့.. အင်မတန်ပြဿနာရှာတတ်သော အစ်ကိုတော်အိမ်က တဂ်ထားတာလေး.. အမှတ်တရဆိုတာ ကြာတော့လည်း မေ့တာပါပဲလို့တော့ ခံယူထားတော့ကာ.. အဖြစ်အပျက် အမှတ်တရရယ်လို့ ဘာပြောရမယ်မှန်း စဉ်းစားမရဘူး.. ဒါပေမယ့် အကျင့်ဆိုးလေးတွေကြောင့် ဖြစ်ရတဲ့ အဖြစ်အပျက် ပေါက်စိပေါက်စလေးတွေကိုတော့ လူကြီးတွေကလည်း ပြန်ပြောပြောပြလို့ သိနေတယ်လေ.. အဲ့ဒါလေးတွေကိုပဲ ပြောပြလိုက်တော့မယ်..

နန်းညီသည် ငယ်ငယ်က အူကြောင်ကြောင်နှင့် အင်မတန်ပေကပ်ကပ်နိုင်သော ကလေးမဖြစ်၏.. ကြီးလာတော့ကျတော့ ခေါင်းကြောမာတယ်.. ကိုယ်ပိုင်အယူအဆရှိတယ်လို့ လူကြီးတွေက ပြောင်းသုံးကြသည်.. ငယ်ငယ်ကတော့ ပေကပ်ကပ် ဂျစ်တစ်တစ်လို့ သတ်မှတ်ကြခြင်းပေါ့လေ.. ထားပါတော့.. ထိုအကျင့်ဆိုးကြီးကြောင့်ပဲ သင်္ချာစာမေးပွဲလည်းကျဖူး၏.. ကျောင်းမှာလည်း မကြာခဏ ဒဏ်ပေးခံရတတ်၏.. အိမ်တွင်လည်း မကြာခဏ ဆော်ပလော်တီးခံရတတ်၏.. အမျိုးအဆွေများကြားတွင်လည်း လူကြီးများ၏ မြင်ပြင်းကပ်ခြင်းကို ခံရလေသည်..  ၃ တန်းတွင်လား ၄ တန်းတွင်လားတော့ မသိ. ဂျီသြမေတြီသင်္ချာတော့ သင်နေရပြီ.. ပထမအစမ်းစာမေးပွဲဖြေသောအခါ သင်္ချာတွေကိုအကုန်လည်းရ.. သေချာလည်း ကျေကျေညက်ညက် လေ့ကျင့်တွက်ချက်ထားပါလျက်နဲ့ အမှတ်ထွက်လာတော့ ၁၀၀ မှာ ၅၀ ကျော်လေးသာ ရသည်.. ဆရာမကလည်း မိဘခေါ်တွေ့သည်.. နန်းညီသည် သင်သမျှဘာသာရပ်တွေထဲတွင် သင်္ချာကို အတော်ဆုံး စိတ်လည်းအဝင်စားဆုံးဖြစ်သည်.. ဘယ်လိုဖြစ်သနည်း.. ဘာတွေဖြစ်ကုန်သနည်း.. အိမ်ကလူတွေ မျက်လုံးမျက်ဆန်ပြူးကာ ဆရာမဆီသွားကြ၏.. ထိုအခါမှ သိသည်.. ဟုတ်ကဲ့.. ဒီလိုဖြစ်ခဲ့ပါသည်..

စာမေးပွဲမေးခွန်းတွင် ၃ နားညီတြိဂံပုံလေးကို ပေးထားပြီး ဧရိယာရှာခိုင်းသည်လား ထောင့်တွက်ခိုင်းသည်လားတော့မသိ.. ပုစ္ဆာမေးထားသည်.. အဲ့ဒါကို ပေးထားသော တြိဂံပုံက ၃ နားမညီဘဲ ၂ နားညီပုံဖြစ်နေသည်ဆိုပြီး ၂ နားညီတြိဂံ၏ ပုံသေနည်းများကိုသုံးကာ တွက်ထားခြင်း.. လွဲပြီပေါ့ သောက်သောက်လဲ.. ထိုပုစ္ဆာမျိုး ၃ ပုဒ်ပါသည်ကို ၃ ပုဒ်စလုံး ထိုသို့ပင်တွက်ထားသည်.. ဆရာမက မေး၏.. “ပုံသေနည်းတွေရရဲ့သားနဲ့ ဘာလို့ လွဲတွက်ထားတာလဲ”ပေါ့.. “ဆရာမတို့ ပေးထားတာက ၃ နားညီမှမဟုတ်တာ.. ၂ နားညီကြီးကို” ဟု ဖြေသောအခါ ဆရာမလည်း ငိုရအခက် ရယ်ရအခက် ဆိုသည့် မျက်နှာမျိုးဖြစ်သွားလေသည်.. ပြောလည်း ပြောချင်စရာပါ.. တြိဂံက သိသိသာသာပင် ၂ နားညီ စတိုင်လ်မျိုးကြီးထွက်နေလေသည်.. “မဟုတ်ဘူးလေ.. ပေးထားသော ၃ နားညီတြိဂံလို့ ပြောထားတယ်မဟုတ်လား.. မေးခွန်းက ၃ နားညီလို့ပြောရင် အဲ့အတိုင်းပဲ တွက်ရမယ်လေ” လို့ ရှင်းပြတော့လည်း လက်မခံ.. “၃ နားညီဆို ၃ နားညီဆွဲပေးပါလား”လို့ အထွန့်တက်နေချေတော့ရာ.. ကလေးများ၏မေးခွန်းကို ဖြစ်သလိုမလုပ်ဘဲ အသေအချာ အတိအကျမေးခွန်းထုတ်ရန် အစည်းဝေးတွင်တင်ပြလိုက်ရသည်ဟူ၏.. “နန်းညီနှင့် ၃ နားညီတြိဂံအမှု”သည်လည်း လသာ-၂ ဆရာမများ၏ ပါးစပ်ဖျားတွင် အတော်လေးရေပန်းစားသွားခဲ့လေ၏..

ပြီးတော့ အတော်ငယ်ငယ်က အမေ့ဘီရိုထဲမှ ပိုက်ဆံအုပ်လိုက်ကို ဖြုတ်ဖြုတ်သုံးတတ်သေးသည်.. ပေးထားသော မုန့်ဖိုးကုန်သွားလျှင် ယူယူသုံးပစ်တတ်၏.. ပထမပိုင်းတော့ အိမ်ရှိလူကြီးများ သတိမထားမိ.. တစ်ရက်တွင်တော့ မှတ်မှတ်သားသားထည့်ထားသည့် ပိုက်ဆံအုပ်ထဲမှ ၁ ရွက်လျော့နေလေရာ ဘယ်သူယူသနည်းစစ်ကြောတော့သည်.. တရားခံက နန်းညီ.. ထိုအမှုတွင် လူကြီးများမသိအောင် ပိုက်ဆံယူသည့်အတွက် ဆော်ပလော်တီးခံလိုက်ရသည်.. “လူကြီးမသိအောင် ယူတာ ခိုးတာပဲ.. သူခိုးဖြစ်ချင်လို့လား.. ဟမ်”လို့လည်း ဆုံးမကြ၏.. ထိုအမှုအပြီး ၁ ပတ်လောက်အကြာတွင် အဖေက ပုံဆွဲနေရင်း ခဲတံမရှိတော့သဖြင့် အလွယ်တကူပင် နန်းညီကွန်ပါဗူးထဲမှ ခဲတံကို ယူသုံးသည်.. နန်းညီက ထိုအချိန်အနားတွင်မရှိ.. ခဏနေလို့ အနားလည်း ပြန်ရောက်ရော.. “ဖေကြီးက မီးမီးခဲတံကို ခိုးတယ်” လို့ အော်ဟစ်ငိုယိုတော့သည်.. “မခိုးပါဘူး.. ခဏယူသုံးတာ ဆွဲပြီးရင် ပြန်ပေးမှာပေါ့”လို့ ပြောလည်း လက်မခံ.. “မေကြီးတို့ ပိုက်ဆံ မီးမီးခဏယူသုံးတာကျ ခိုးတယ်လို့ပြောတယ်.. ခုလည်း ဖေကြီးက ခဲတံခိုးတယ်” ဆိုပြီး အတင်းရောကာရော ခဲတံကို ပြန်လုနေတော့မှ လူကြီးများ မျက်လုံးပြူးကာ ရှည်ရှည်လျားလျား ရှင်းပြရတော့သည်..

“ခဲတံက ဖေကြီးဝယ်ပေးထားတာပဲ မဟုတ်လား. ခု ခဏ ယူသုံးတာလေ.. ငှားသုံးတာလေ.. ပြီးရင်ပြန်ပေးမှာပေါ့”

“မီးမီးလည်း မုန့်စားမလို့ ပိုက်ဆံငှားတာပဲကို”

“ပိုက်ဆံဆိုတာ လိုချင်ရင် မုန့်ဖိုးတောင်းသုံးရတယ်လေ.. မီးမီးက ပိုက်ဆံတွေအများကြီးသုံးလို့မှမရသေးတာ”

“မေကြီးပိုက်ဆံ မီးလည်း ပိုင်တာပဲ.. ယူလို့မရဘူးလား.. မီးမီးကိုကျ ရိုက်တယ်”

“မီးမီးက မပြောဘဲယူတာကိုး”

“ခု ဖေကြီးလည်း မီးကိုမပြောဘဲယူတာ”

အို.. လုံးလည်ချာလည်ကို လိုက်နေတော့တာပဲ.. အဲ့သည့်အချိန်တုန်းကတော့ ရှင်းပြလို့ မရခဲ့ဟုဆိုသည်.. နန်းညီ၏ပစ္စည်းတစ်ခုခုယူချင်လျှင် မပြောဘဲမယူရဲ.. ယူသည်နှင့် ခိုးသွားပါပြီဆိုပြီး တဗြဲဗြဲအော်ငိုတတ်သည်ဟူ၏.. နည်းနည်းကြီးလာမှ ရှင်းမပြရဘဲ အလိုလိုနားလည်သွားတော့သည်.. ထိုအခါမှပင် လူကြီးများလည်း သက်ပြင်းချနိုင်၏..

တစ်ခါကလည်း အဘွားအိမ်တွင် အလှူလုပ်သဖြင့် မောင်နှမဝမ်းကွဲတွေရော ဦးလေးအဒေါ်တွေပါ စုံလင်စွာရှိနေကြသည်.. မောင်နှမတွေ ဗြောင်းဆန်အောင် ဆော့နေကြရင်း တစ်အိမ်လုံးရှိသမျှပစ္စည်းတွေလည်း ပွစာကျဲသွား၏.. ဦးလေးအငယ်က ကန့်လန့်ကာချည်သည့်ကြိုးလေးကို လမ်းမလယ်မှကောက်ကာ နန်းညီထံပေးရင်း “ဒါကို သူ့နေရာနဲ့သူပြန်ထား”လို့ ခိုင်းလိုက်မိ၏.. ထို ကန့်လန့်ကာကြိုးကို ကန့်လန့်ကာ ကြိုးမှန်း နန်းညီလေးမသိ.. ယူဆော့တုန်းက မှန်တင်ခုံနားမှဖြစ်သည်.. ထို့ကြောင့် မှန်တင်ခုံနားကို ပြန်သွားထားလိုက်၏.. လူကြီးတစ်ယောက်ယောက်က မြင်တော့ ကြိုးကို ဝရံတာရှိ ပြတင်းပေါက် ကန့်လန့်ကာမှာ သွားပြန်ချည်ထားလိုက်သည်ထင်သည်.. ဆော့ရင်းပြေးရင်း ကန့်လန့်ကာနားရောက်သွားတော့ ထိုကြိုးကို မြင်သောအခါ ဒေါ်နန်းညီဒေါသထွက်ချေပြီ.. ငါ ဒါကို နေရာတကျပြန်ထားထားတဲ့ဟာကို ဘယ်သူယူဆော့ပြန်သလဲပေါ့.. ချည်ထားတာကို ဖြုတ်ကာ မှန်တင်ခုံပေါ် သွားပြန်တင်ပြန်၏.. ဦးလေးအငယ်က မြင်သွားသောအခါ နန်းညီကို အနားခေါ်၏.. “ကန့်လန့်ကာကြိုးကို ယူမဆော့နဲ့ နေရာတကျပြန်ထားလို့ ပြောတယ်မဟုတ်လား”.. ကလေးများ ဗြောင်းဆန်လွန်းသဖြင့် နဂိုကတည်းက စိတ်ရှုပ်နေသော ဦးလေးက မျက်လုံးပြူးဖြင့် လေသံမာမာဖြင့်မေးတော့ နန်းညီလေး ကြောက်ဒူးတော့ တုန်လာသည်.. “ပြန်ထားလိုက်ပါပြီ” ဟု ဖြေရင်း ခုနကတည်းက ငါထားထားရဲ့သားနဲ့ ဘယ်ကောင်ယူဆော့လို့ ဟိုနားပြန်ရောက်သွားလဲမသိ.. ငါဆူခံနေရပြီ ဆိုပြီး တွေးနေသေးသည်..

ဦးလေးကလည်း မှန်တင်ခုံပေါ်မှာ ကြိုးကြီးမြင်နေလျက်နဲ့ နေရာတကျ ပြန်ထားလိုက်ပါပြီဟု ဖြေသော နန်းညီကို စိတ်တိုသွားသည်ထင်ပါသည်.. “ငါ့ကိုမညာနဲ့”ဟု ထပ်ကျိန်းတော့ နန်းညီ တဗြဲဗြဲငိုပြန်တော့သည်.. လူကြီးများက ဘာဖြစ်တာလဲ မေးတော့.. ငိုနေသော နန်းညီက မဖြေအား.. ဦးလေးက “ဒီကောင်မလေး ညာတယ်” အစချီကာ အဖြစ်အပျက်ကို ပြောပြ၏.. အကြောင်းသိသော နန်းညီအဒေါ်တစ်ဦးက “မဟုတ်သေးပါဘူးဟဲ့.. ဒါလေးက ဘာမှဟုတ်တဲ့ကိစ္စမဟုတ်ဘဲ ကလေးက ညာပါ့မလား” ပြောရင်း နန်းညီကို မေးမြန်းတော့မှ အကြောင်းစုံကိုသိတော့သည်.. ထိုအခါမှ နန်းညီကိုလည်း ချော့.. ဦးလေးကိုလည်း ပြောဆိုပြီး.. ထိုကြိုးသည် ကန့်လန့်ကာကို ချည်ရသောကြိုးဖြစ်ကြောင်း ကလေးတိုင်းကို ရှင်းပြတော့မှပင် ကိစ္စ ပြီးပြတ်လေတော့သတည်း..

ငယ်ဘဝအကြောင်းများကတော့ ထိုသို့ပင် လူကြီးများနှင့် တခြိမ်းခြိမ်းရန်ဖြစ်နေရခြင်းများသာ အများဆုံးပြောစရာရှိသည်.. ကိုယ့်အတွေးနှင့်ကိုယ် ထင်ရာတွေ လုပ်တတ်လွန်းသော နန်းညီကား ထိုသို့ပင် ဂွတီးဂွတိုက်ကြီးပြင်းလာရခြင်း ဖြစ်ပါသည် တမုံ့…..

တွေတွေဝေဝေ လေလေလွင့်လွင့်
မျက်စိကိုစုံမှိတ်ထားချိန်

မြင်နေရတာက ရောင်စုံကြယ်တွေ..

အသံတွေတိတ်နေချိန်

ကြားနေရတာက ရယ်သံခပ်တိုးတိုး..

မိလှိုင်
ဒီနေ့

မိလှိုင်ဘွဲ့ယူတယ်.. အချစ်ဆုံးသူငယ်ချင်းတွေပါလို့ ဆိုတဲ့ မိလှိုင်.. အယ်ရှားနဲ့ မယ်ညီ.. ဘွဲ့ယူတော့ကျတော့ တစ်ယောက်တစ်နှစ်စီ.. အယ်ရှားဘွဲ့ယူတုန်းက ညီညီက မန်းလေးသွားနေရတယ်.. ညီညီဘွဲ့ယူတုန်းက မိလှိုင်က ဇာတိမြေပြန်နေတယ်.. ခု.. မိလှိုင်အလှည့်ကျတော့ အယ်ရှားက တောင်ကြီးကနေပြန်မလာနိုင်ခဲ့..

ကံကြမ္မာပဲ..

ပုံစံကတော့ ..

ပန်းချီပါမောက္ခနဲ့အတူ

သစ်ပုတ်ပင်ကြီးကတော့ အရင်လိုပဲ

မီးသေ
မြေနီကုန်း ရွှေရည်မှာထိုင်ဖြစ်တုန်းက ရိုက်ထားတာလေးပါ..

ကော်ဖီဆိုင်ပုံပြင် (၅)
တံခါးမှ တောင်ကနဲ အသံလေးကြားလိုက်ရသည်..

အာကာလာပြီ.. မျက်မှောင်ကြီးကုပ်လျက် စူပုတ်နေတော့ ကားရပ်စရာနေရာရှာမတွေ့ပြန်ဘူးထင်သည်ဟု တွေးပြီး ကမန်းကတန်း လွယ်အိတ်ဆွဲကာ ထရ၏.. “နောက်နင် ဒီကော်ဖီဆိုင်မှာ မထိုင်နဲ့”လို့ ဆီးကြို ဘုတောပြန်တော့လည်း ကြည်သာပါ ဒေါသထွက်ရင်း ပြန်လှန်ရန်ဖြစ်မိသေးသည်.. အာကာသည် ဒေါသထွက်လာလျှင် ဘာကိုမှ သိပ်ပြီးမစဉ်းစားနိုင်တော့ဘဲ ပြောချင်ရာပြောတတ်သည့်အကျင့်ရှိနေတာ စိတ်ပျက်မိသည်.. ကိုကိုနှင့် ရန်ဖြစ်တုန်းကလိုပေါ့.. ကိုကိုက တစ်သက်လုံးမောင်နှမလို ခင်မင်လာသည့် သံယောဇဉ်ကို အလွဲသုံးစားလုပ်ပြီး ကြည်သာ့ကို ချဉ်းကပ်သည်ဟု သူထင်မြင်ခဲ့တာ.. အဲဒါကြောင့်လည်း “အခွင့်ရေးသမား”လို့ ကိုကို့ကို သူပြောခဲ့မိသည်ဟု ကြည်သာ့ဆီမှာ ဝန်ခံခဲ့ဖူးသည်.. ကိုကို ကြည်သာ့ကို ရုတ်တရက်ကြီး ရှောင်ဖယ်ကာ အိမ်ပြောင်းကြဖို့ စီစဉ်သည်ကို နားမလည်အံ့သြနေခဲ့သော ကြည်သာသည် အာကာထိုအကြောင်းများ ပြောလာတော့မှ အားလုံးကို သဘောပေါက်ခဲ့ရသည်.. ကိုကို သိပ်နာသွားမည်ထင်ပါသည်.. အိမ်ပြောင်းပြီးနောက်လည်း ကြီးမေကသာ ကြည်သာတို့ဆီ အဆက်အသွယ်လုပ်ပြီး ကိုကို့အသံကိုပင် မကြားခဲ့ရ.. အာကာကတော့ သူပြောမိသမျှကို အားနာမျက်နှာပူကာ အဆက်အသွယ်မလုပ်ဘဲနေခဲ့ပြီး ကြည်သာကလည်း တကူးတက ဖုန်းဆက်စကားပြောဆိုတတ်သည့် အကျင့်မရှိသူမို့ ဖာသိဖာသာပင် အနေဝေးခဲ့ရသည်..

“နင်ထွက်သွားရင် ကိုကိုနဲ့ တွေ့မလားမပြောတတ်ဘူး.. ငါ ကားရပ်ထားတဲ့နားက ဆိုင်တစ်ခုမှာ သူ့ကို ခုပဲမြင်ခဲ့တယ်” လို့ အာကာကပြောတော့ စိတ်ထဲ အံ့သြသွားမိသည်.. ဒီနေ့ ကိုကိုနှင့် တွေ့ဖြစ်မှာမို့များ ကိုကို့အကြောင်းတွေ တွေးမိနေသည်လားမပြောတတ်.. ကော်ဖီဆိုင်ကထွက်တော့ လမ်းမှာ ကိုကိုနှင့် တကယ်ပင် ဆုံလေသည်.. အာကာမပါဘူးလားလို့ပင် ကိုကိုက မမေး.. “ကြည်သာ့အလုပ်တွေ အဆင်ပြေလား”တဲ့.. ကိုကိုသည် ထုံးစံအတိုင်း စိတ်ထဲရှိသည်ကို မပြောဘဲ ကွေ့ဝိုက်လျက် အပိုစကားတွေကို လျှောက်ပြောနေ၏.. ကြည်သာကလည်း တမင်ပင် စကားမဟုတ်သည်များကို စကားလုပ်လျက်ပြောနေပြန်တော့ “ကြည်သာဘယ်တော့မှ လူကြီးမဖြစ်တော့ဘူးလား”လို့ မေးနေပြန်သေးသည်.. ကြည်သာက လှောင်သလို ရယ်ပြန်တော့လည်း ကိုကို့ မျက်နှာမကောင်းလှသည်မို့ စိတ်ထဲရှိသလောက်လည်း မလှောင်ရက်ပြန်တော့ချေ..

အိမ်လိုက်ပို့ပေးမယ်လို့ ပြောလာတာကို ငြင်းလိုက်တော့ နောက်ထပ်လည်း ဆက်မတောင်းဆိုတော့ဘဲ စိတ်မကောင်းသည်ကို ဟန်ဆောင်ပြုံးရယ်ရင်း “ကိုကို့ကို အရင်လို မခင်တော့လို့ ငြင်းပဲငြင်းနေတာလား ကြည်သာ”လို့ ပြောနေပြန်သည်.. တကယ့်ကို ကိုကိုအစစ်ပါပဲ.. ကြည်သာ့ကိုဆိုလျှင် ဘယ်တော့မှ အတင်းအကျပ် တိုက်တွန်းတာ ပြောဆိုတာ တောင်းဆိုတာမရှိခဲ့စဖူး.. တကယ်ဆိုရင် “ကိုကိုလိုက်ပို့ပါ့မယ်”လို့ အတင်းအကျပ်ပြောလာခဲ့ရင် အာကာပါတယ်ဆိုတာကိုလည်း ပြောပြမိမှာပဲ.. အဲဒီလိုဆို အခြေအနေက တမျိုးတဖုံပြောင်းသွားမလားမသိဘူးနော်.. ခုတော့ ကိစ္စရှိရင်သွားလေလို့ နှင်လိုက်တော့လည်း “အေးကွာ နောက်မှတွေ့တာပေါ့”လို့သာ နှုတ်ဆက်လျက် ခပ်လောလောထွက်သွားခဲ့သည်.. ကိုကို တော်တော် အ,သည်ဟု တွေးမိ၏.. ကိုကို့ကို တော်လိုက်တာ.. ထက်လိုက်တာလို့ လူကြီးတွေက ချီးကျူးကြတာကို ပြန်တွေးမိတော့ ရယ်ချင်မိသည်.. မဟုတ်တာပဲနော်..

အိမ်ကိုပြန်သည့် လမ်းတလျှောက်လုံး အာကာက ဘာစကားတစ်ခွန်းမှမပြော.. ကြည်သာကလည်း ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်နေမိတော့ သူတို့ကားလေးသည် အရင်ညနေတွေလို ပျော်စရာလည်းမကောင်းတော့ချေ.. အိမ်ရှေ့တွင်ကားရပ်ပြီးမှ အာကာက မေးသည်.. “ကိုကိုက ဘာတဲ့လဲ”.. ဘာတဲ့ရမှာလဲ.. ဘာများတဲ့နိုင်ဦးမှာလဲ.. ကိုကို အမှတ်သည်းချေသိပ်ကြီးတာ အာကာမသိဘူးမှမဟုတ်တာ.. အာကာ မူးလို့ပြောမိတဲ့ စကားလေးတစ်ခွန်းကိုပင် အတည်ယူလျက် အနာကြီးနာပြီး အဝေးကိုထွက်သွားခဲ့သူမဟုတ်လား.. ခုမှ ပြန်တွေ့ကြတာ သူက ဘာများပြောနိုင်မှာမို့လဲနော်.. တခါတလေတော့လည်း ကြည်သာ့ကို နားမလည်သူ ကြည်သာ့ကို အလိုမလိုက်တတ်သူ ကြည်သာ့သဘောထားကို နားမလည်သူများကိုချည်းကြုံရသောအခါ အနွံတာခံလွန်းသော ကိုကိုနှင့် ဝေးကွာအောင်လုပ်ခဲ့သူ အာကာ့ကို စိတ်ဆိုးမိသည်.. ကိုကို ကြည်သာ့ကို ချစ်သည်ဆိုတာကို အာကာ သဘောမကျတာလည်း မဟုတ်ပါဘဲနဲ့ တမင်စိတ်ထဲမပါသော စကားကိုပြောမိသောကြောင့် ကိုကိုနှင့် ဝေးရတာလို့ စွပ်စွဲရန်ဖြစ်ချင်မိ၏.. ဒါပေမယ့် ရန်စကားတွေ မပြောတတ်သူမို့ “ဒီလိုပါပဲ.. နောက်မှလာလည်ဦးမယ်ပြောတယ်”ဟု ဖြေပြီး ကားပေါ်ကဆင်းခဲ့သည်..

ညဘက်မှာ ကြည်သာပုံဆွဲနေတုန်း အာကာ အနားရောက်လာပြန်၏.. “ငါ မှားသွားတာ”လို့ တောင်းပန်ပြန်သည်.. တကယ်ဆိုရင် ကိုကို့ကိုသာ သွားတောင်းပန်ရမည်မဟုတ်လား.. ကြည်သာ့ကို ပြောစရာအကြောင်းဘာမှမရှိချေ.. “ငါ ဘာမှမဖြစ်ပါဘူး”လို့သာပြန်ပြောဖြစ်၏.. ထိုစဉ်ပင် တယ်လီဖုန်းမြည်သံကြားရခြင်းဖြစ်သည်.. ည ၁၀ နာရီကျော်နေပြီ.. ဖုန်းကို မေမေကိုင်၏.. “အမလေး ကြားသားမိုးကြိုးတော်”လို့ အံ့အံ့သြသြ ပျော်ပျော်ရွှင်ရွှင် ရေရွတ်လိုက်သံက ခပ်ကျယ်ကျယ်မို့ အခန်းထဲထိ ကြားလိုက်ရတော့ ကြည်သာနှင့် အာကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်.. သိပ်မကြာလိုက်ပါ.. “အာကာ.. လာဦး.. မင်း ကိုကိုဖုန်းဆက်တာ”ဟု အော်ခေါ်သဖြင့် အာကာအခန်းထဲက ထွက်သွားသည်.. ပုံလည်း ဆက်မဆွဲဖြစ်တော့ဘဲ ကိုကိုနှင့် အာကာ ပြောလို့ဆိုလို့ အဆင်ပြေပါစေလို့ ဆုတောင်းနေမိ၏.. ဘာကြောင့် ကြည်သာ့ကိုအရင်မခေါ်သလဲမသိ..

စည်သူနှင့် လောင်းထားတာကို သွားသတိရမိပြန်သည်.. ကြည်သာတို့မောင်နှမ ကိုကိုနှင့် တသက်လုံး စိမ်းကားပြတ်တောက်စွာ နေသွားရတော့မည်ထင်သည်ဟု ကြည်သာကပြောတော့.. “မဖြစ်နိုင်ပါဘူး နင်တို့ ပြန်ပြီးပေါင်းမိကြဦးမှာ လောင်းမလား”လို့ စည်သူက ပြောခဲ့တာ.. မနက်ဖြန်တွေ့လို့ ကိုကိုဖုန်းဆက်တာကို ပြန်ပြောပြလျှင် သူ့ထုံးစံအတိုင်း အပေါ်စီးကနေ ပြုံးဦးမည်ထင်သည်.. အခန်းပြင်ကို နားစွင့်လိုက်ပြန်တော့ အာကာ့စကားသံကို စကားလုံး သဲသဲကွဲကွဲလည်း မကြားရဘဲ ရယ်သံလား ဒေါသသံလား မပြောချင်ပြောချင်အသံလားလို့လည်း ခွဲခြားလို့ မရတော့.. သူတို့ ပြောဆို၍ အဆင်မပြေလျှင် ကိုကိုကလည်း ကြည်သာနှင့်ပြောဦးမည်လို့ ခေါ်ခိုင်းတော့မည်မထင်.. ကိုကို့အပေါ် အရင်လိုပဲ ဆိုးခွင့်မှ ရပါဦးမလား.. ကိုကို ခုထိ ရည်းစားတော့မရှိသေးဘူးဟု ကြီးမေဆီကသိရသည်.. အာကာနှင့်ကြည်သာ့အပေါ် အရင်လိုခွင့်လွှတ်သည်းခံစိတ်မှ ရှိပါ့ဦးမလား..

“ကြည်သာ”… အခန်းပြင်မှ အာကာ့ခေါ်သံကို ကြားလိုက်ရတော့ တချက်လန့်သွားသေးသည်.. ထွက်သွားလိုက်တော့ အာကာက ဖုန်းခွက်ကို မြှောက်လျက်လှုပ်ခါပြသည်.. မျက်နှာထားက ခပ်တည်တည်.. မပြောင်းမလဲ.. ကြည်သာဖုန်းကိုယူလိုက်သော်လည်း သူက အနားမှထွက်မသွားဘဲ နံရံကိုမှီလျက်ရပ်ကြည့်နေသည်.. ကြည်သာ့စိတ်ထဲ ဇဝေဇဝါဖြစ်ကာ စဉ်းစားရလည်းခက်သွားသည်.. ဘာလဲ.. ပြေလည်သည်လား.. မပြေလည်ဘူးလား.. “ညီမလေး.. မနက်ကျရင် စောစောထ.. ကိုကိုလာခေါ်မယ်.. မနက်စာသွားစားရအောင်”.. ကြည်သာ့အသံကြားကြားချင်း ကိုကိုက ထိုသို့ပြောလိုက်တော့ ပျော်ရမည်လားဘာလား မသိဘဲ ရင်ခုန်သွားလျက် အာကာ့ကို လှည့်ကြည့်မိသည်.. အာကာက အားရပါးရပြုံးရင်း ဗိုက်ကိုပွတ်ပြလိုက်တော့မှ သူတို့နှစ်ယောက် ပြေလည်သွားပြီဟု သဘောပေါက်ပြီး စိတ်လွတ်လက်ပေါ့ပါးစွာ ရယ်မိတော့သည်.. ကိုကိုလည်း ရယ်နေသည်.. အာကာကလည်းပြုံးလျက်..

ကြည်သာသည် စိတ်ရွှင်လန်းသွားကာ ဘာမှလည်းမဆိုင်ဘဲ ကော်ဖီဆိုင်က ကောင်လေး၏ အပြုံးကို သတိရသွားမိ၏.. ကိုကို့ကို အဲဒိ ကောင်လေးအကြောင်း ပြောပြရဦးမည်.. နာမည်လည်း မသိသေးဘူး.. မနက်ဖြန်ညနေတော့ စကားပြောမိတ်ဆက်ခြင်းကို ဖြစ်အောင်လုပ်မည်ဟု တေးမှတ်ထားရင်း ထပ်ခါထပ်ခါရယ်နေမိပြန်လေသည်.. …

ဇာတ်သိမ်းပါပြီ.. ကြိုးစားပမ်းစားတော့ရေးထားတာပဲ.. လိုတာတွေလည်း ရှိဦးမယ်.. ဝေဖန်အားပေးကြပါ..

နန်းညီ

(၁၂.၁၂.၂၀၀၉)

အပိုင်း(၁) ဖတ်ရန်

အပိုင်း(၂) ဖတ်ရန်

အပိုင်း(၃) ဖတ်ရန်

အပိုင်း(၄) ဖတ်ရန်

ကော်ဖီဆိုင်ပုံပြင် (၄)
ကြည်သာ

ဆိုင်ထဲဝင်လိုက်တော့ ထိုကောင်လေး မျက်နှာက ပျော်ရွှင်မှုဖြင့် လင်းလက်သွားတာကို သတိထားလိုက်မိသည်.. ကြည်သာပျော်သွား၏.. အဲဒိကောင်လေး သိပ်ချစ်ဖို့ကောင်းသလိုပဲ.. ခပ်ပိန်ပိန် အသားညိုညိုဖြင့် ရော့ခ်သမားပုံစံကောင်လေး.. ကြည်သာ့ထက် အများဆုံးကြီးလျှင်တောင် ၁ နှစ်ပဲ.. ကြည်သာသူ့ကို သဘောကျနေမိပြန်သည်.. ကြည်သာ့ကို အထူးအဆန်းဖြစ်နေတတ်သည့်ကောင်လေး.. ကြည်သာပြုံးပြတာလေးကိုပင် လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်တတ်သည့်ကောင်လေး.. ခင်မင်ခွင့်ရခဲ့လျှင် သူကလည်း အထူးအဆန်းတွေကြုံရသဖြင့် ပျော်ရွှင်ရမည်ဖြစ်ပြီး ကြည်သာ့အတွက်လည်း စိတ်ကိုကြည်လင်စေမှာအမှန်ပဲ.. ပြီးတော့ သူ့အသံက သဘောကျဖို့ကောင်းသည်.. သြရှရှခပ်ချိုချို.. ကြည်သာကြိုက်တတ်သော သီချင်းအမျိုးအစားများကိုလည်း ဆိုလေ့ရှိသူ.. ကြည်သာတို့ သူငယ်ချင်းကောင်းများဖြစ်နိုင်ကြမည်ထင်သည်နော်..

ကြည်သာသည် ကောင်လေးများစွာကို အလွယ်တကူသဘောကျလေ့ရှိပြီး အလွယ်တကူချစ်ခင်တတ်သူတော့ မဟုတ်.. သူငယ်ချင်းအဖြစ် ပေါင်းသင်းဖို့ ဝန်မလေးသလောက် ချစ်သူရည်းစားဆိုသည်ကို စိတ်ထဲကပင် လက်ခံလို့မရ.. ကြည်သာ ချစ်တတ်ပါသည်.. သို့သော် တစ်သက်လုံးချစ်ခင်နှစ်သက်သွားလို့ရမည့် ယောက်ျားဟူ၍ ရှာလို့မတွေ့သေး.. တကယ်တမ်းမချစ်နိုင်ဘဲနှင့် ချစ်ပါ့မည်လို့လည်း မညာချင်တော့ ကြည်သာ့အတွက် ရည်းစားဟူ၍ မရှိခဲ့သည်မှာ ဆန်းသည်တော့မဟုတ်ဘူးထင်ပါသည်.. ပြီးတော့ အပြောင်းအလဲ မြန်လှသော ကြည်သာ့စိတ်ကို နားလည်နိုင်ဖို့ သည်းခံနိုင်ဖို့လည်း ထိုယောက်ျားများအတွက် ခက်ခဲမည်မှာအမှန်.. အာကာနှင့် ကိုကိုက လွဲလို့ပေါ့လေ..

ကြည်သာ့မှာ ဖြစ်သမျှ အကြောင်းအရာနှင့် ခံစားချက်အစုံအလင်ကို အာကာ့ကိုပြောပြလေ့ရှိပြီး အာကာကလည်း နားမလည်သည့်တိုင်အောင် ခွင့်လွှတ်လိုက်လျောပေးတတ်မြဲ.. သို့သော် အမြင်ကပ်စရာကောင်းလောက်အောင်ပင် အာကာသည် ကြည်သာ့စိတ်ကို သိလျက်နှင့် လျစ်လျူရှုတတ်ပြန်သေးသည်.. ကြည်သာက တွယ်တာကြင်နာသလောက် ကြည်သာ့ကို ချစ်ခင်ယုယမှု မပြတတ်သူ.. ကြည်သာက ဆိုးနွဲ့ချင်သလောက် သူက အလိုလိုက်ခြင်းမရှိတတ်သူ.. ကိုကိုကတော့ အကြောင်းအရာတိုင်းကို မပြောပြပေမယ့် ကြည်သာ့ အပြုအမူလေးတစ်ခု၊ ကြည်သာ့စကားလေး တစ်ခွန်းနှင့်ပင် ကြည်သာ့စိတ်ကို မှန်းဆနားလည်နိုင်သူ.. ပြီးတော့ ကြည်သာ့ အနွံတာကိုလည်း အခံဆုံးလူတစ်ယောက်ဖြစ်လိမ့်မည်.. ဒါပေမယ့် ကိုကို့ဆီက ကြည်သာလိုချင်သည်မှာ ထိုအရာများမဟုတ်ခဲ့ပါ..

အနေအထိုင် အေးဆေးတည်ငြိမ်ပြီး ထူးချွန်ထက်မြက်သော ကိုကို့ဆီမှ ဦးဆောင်လမ်းပြမှုများကို ကြည်သာမျှော်လင့်ခဲ့သည်.. မှားနေလျှင် တားမြစ်စေချင်သည်.. မှန်တာကို ပြောပြပေးစေချင်သည်.. ကြည်သာ့ကို လွှမ်းမိုးချုပ်ကိုင်မှာကို လိုလားခဲ့သော်လည်း ကိုကိုကတော့ “ကြည်သာ့ သဘောပဲလေ”လို့သာ အမြဲပြောလေ့ရှိခဲ့တော့ ကြည်သာ စိတ်ပျက်မိတာတော့ အမှန်ပါပဲ.. တခြားကိစ္စတွေမှာ တည်ငြိမ်ပြတ်သားလှသော ကိုကိုသည် ကြည်သာနှင့်ပတ်သက်လျှင် ဘယ်တော့မှ ပြတ်သားသောဆုံးဖြတ်ချက်မရှိခဲ့.. ကြည်သာ့ စိတ်ကြိုက်သာလုပ်.. ဖြစ်လာသမျှ အကောင်းအကျိုး အကောင်းအဆိုးတိုင်းကို လက်သင့်ခံမည်ဟူသော ပုံစံဖြင့်သာ ကိုကိုနေထိုင်ခဲ့သည်.. နောက်ဆုံး ပြောရမည်ဆိုလျှင် ကြည်သာ့အပေါ်မှာ ထားသောစိတ်သဘောကိုတောင် ပွင့်လင်းစွာ ပြောပြဖို့ နှုတ်နှေးခဲ့သူ မဟုတ်လား..

ပိုက်ဆံရှင်း၍ ကော်ဖီခွက်ကိုယူပြီး လှည့်အထွက်မှာ ကောင်တာထောင့်နားမှာထိုင်နေသော ကောင်လေးကို တစ်ချက်ပြုံးပြလိုက်မိပြန်သည်.. သူကလည်း ထုံးစံအတိုင်း လက်တစ်ဖက်သာအသာမြှောက်ပြ၏.. မျက်လုံးများ တောက်ပပျော်မြူးလျက်.. အပြုံးက ရွှင်လန်းချိုမြလျက်.. အပြစ်ကင်းစင်စွာ ချစ်ဖို့ကောင်းနေသလိုပဲ.. ထိုကောင်လေးမျိုးနှင့် ချစ်သူရည်းစားဖြစ်ရလျှင်လည်း ကြည်သာ စိတ်ရှုပ်ရဦးမည်ထင်သည်.. ကြည်သာ့အပြုအမူ အနေအထိုင် အပြောအဆိုများကို နားလည်ပေးနိုင်ဖို့ သူ့အတွက် ခက်ခဲမည်မှာအမှန်.. ကြည်သာသည် သွားချင်ပြီဆိုလည်း ဘယ်သူ့ကိုမှ စောင့်ဆိုင်းအဖော်ပြုတတ်သူမဟုတ်.. ဘယ်သူ့ကိုမှ ပြောဆိုခွင့်တောင်းနေတတ်သူမဟုတ်.. တော်ကြာ ရည်းစားဖြစ်ပြီးမှ တစ်ယောက်ထဲ လုပ်ချင်ရာတွေ စိတ်ကူးတည့်သလိုလုပ်နေမိလျှင် ပြဿနာတက်ကြရဦးမည်.. ပြီးတော့ ကြည်သာသည် စကားများ ရန်ဖြစ်တတ်သူလည်းမဟုတ်ချေ.. အထင်လွဲမှားနေမှုများကို ချက်ကျလက်ကျ ချေပပြောဆိုတတ်သူလည်း မဟုတ်ဘဲ ထင်သည့်လူက ထင်ချင်ရာထင်ပြီး ကြည်သာကလည်း လုပ်ချင်ရာလုပ်နေတတ်သူသာဖြစ်သည်..

“ကြည်သာ အဲလို ထင်ရာတွေလျှောက်လုပ်နေရင် တစ်နေ့ဒုက္ခတွေ့လိမ့်မယ်”.. တစ်ယောက်ထဲ ထောက်ကြံ့ဘက်ကို ကားမောင်းသွားပြီး ဖရဲသီးတွေဝယ်စားခဲ့သောနေ့က အိမ်ပြန်ရောက်တော့ မေမေက ထိုသို့ ဆူပြောခဲ့ဖူးသည်.. မေမေဆူသည်ကို ကြည်သာ မငိုခဲ့ချေ.. ဖရဲသီးတွေအများကြီးကို စိတ်ထင်တိုင်းစားလာသဖြင့် ဗိုက်ထဲပြည့်အင့်နေတာတစ်ခုသာ ခံစားလို့ရနေသည်.. မထုံတက်တေးနှင့် သမီးငယ်ကို မေမေနှင့်ဖေဖေ စိတ်ပျက်စွာ ကားပေးမမောင်းတော့ဘူးဟု ပိတ်ပင်ပြန်တော့လည်း ဘယ်လိုမှ မခံစားရ.. လုပ်ချင်ရာလုပ်လာပြီးသဖြင့် ကျေနပ်ခြင်းသာ စိတ်မှာရှိနေသည်.. အာကာကတော့ “ဘာကိစ္စ အဲ့အထိ အဲ့လိုတွေသွားလုပ်နေရတာလဲ”ဟု မေးခဲ့သေးသည်.. တကယ်တော့ ဘာရယ်မှမဟုတ်ဘဲ စိတ်ကူးပေါက်သလို လုပ်ခဲ့ခြင်းသာဖြစ်သည်.. “ပျော်စရာကောင်းလား နောက်တစ်ခါ ငါနဲ့သွားကြမယ်ဟာ”တဲ့..

လှိုင်ဦးမော်သီချင်းကိုဆိုသံကြားတော့ ဘယ်လိုမှ မနေနိုင်ဘဲ စာဖတ်နေရာမှ ကောင်လေးကို မော့ကြည့်မိပြန်၏.. သူနှင့်ကြည်သာ နှစ်သက်သောသီချင်းများလည်း တူလွန်းလှသည်.. စည်သူနဲ့လိုပဲ.. ဒီကောင်လေးကတော့ စာဖတ်ရဲ့လားမသိ.. စည်သူကတော့ စာတွေလည်း အတော်များများဖတ်ပြီး အငြင်းအခုန်လည်း သန်လှသည်.. ဒုတိယနှစ်မှာ အာကာ ရည်းစား စထားတော့ ကြည်သာက စည်သူနှင့်ခင်ကာစ.. အဲ့ဒိတုန်းက စည်သူ့ကို သဘောကျခဲ့မိသေးသည်ထင်သည်.. သိပ်တော့မမှတ်မိတော့.. ကြည်သာသည် လူများစွာကို သဘောကျလိုက် မေ့လွယ်လိုက်နှင့်တစ်သက်လုံးနေလာသူမို့ စည်သူ့ကိုလည်း သဘောတော့ကျခဲ့ဦးမှာအမှန်ပင်.. ရင်ခုန်ပျော်ရွှင်ခြင်းတော့ မရှိခဲ့တာသေချာ၏.. ကမ္ဘာပေါ်မှာ ကြည်သာရင်ခုန်မက်မောရသူဟူ၍ တစ်ခါမှမကြုံဖူးသေး.. ကြုံရောကြုံလာပါဦးမည်လား..

တံခါးမှ တောင်ကနဲ အသံလေးကြားလိုက်ရသည်..

အပိုင်း(၅) ဖတ်ရန်

အပိုင်း(၁) ဖတ်ရန်

အပိုင်း(၂) ဖတ်ရန်

အပိုင်း(၃) ဖတ်ရန်

ကော်ဖီဆိုင်ပုံပြင် (၃)
အာကာ

ထုံးစံအတိုင်း ၅ နာရီခွဲလောက်မှာ ကြည်သာတို့ ရုံးရှိသည့်လမ်းကို ရောက်သည်.. ထုံးစံအတိုင်းပဲ ကော်ဖီဆိုင်ရှေ့ကနေ ထွက်စောင့်မနေပြန်.. ကားရပ်ရခက်သည့်လမ်းမို့ ပါကင်နေရာရှာစရာမလိုအောင် ဆိုင်ရှေ့ကထွက်စောင့်ပါဟု ပြောဖူးတာ အကြိမ်ကြိမ်ပဲ.. သို့သော် ကြည်သာ့ထုံးစံအတိုင်း ဘယ်တော့မှနားမထောင်ပါ.. သူကလည်း ကားရပ်စရာနေရာ အလွယ်တကူတွေ့လျှင်တော့ ချိုချိုသာသာ လိုလိုလားလားပင် ကော်ဖီဆိုင်ထဲထိ ဝင်ခေါ်ပေးတတ်ပေမယ့် ကားရပ်စရာမတွေ့ဘဲ တပတ်ကြီး မောင်းနေပြီး လမ်းပြန်လျှောက်ကာသွားခေါ်ရလျှင်တော့ စူပုတ်နေမိတာကို ဘယ်လိုမှ မတတ်နိုင်.. ဒီနေ့ကတော့ ကော်ဖီဆိုင်အပေါ်ဘက် shopping center မှာ ဝယ်စရာရှိနေသဖြင့် ကားရပ်စရာနေရာကို သေချာရှာရပ်ပြီး ဆိုင်ဘက်ပြန်လျှောက်ခဲ့သည်..

ကားပစ္စည်းတွေရောင်းသည့် ဆိုင်ရှေ့ကဖြတ်သွားရင်း ဘာရယ်မဟုတ်ဘဲ ဆိုင်ထဲကို လှမ်းကြည့်လိုက်မိတော့ သူ့ကိုကျောပေးပြီး ဆိုင်ရှင်နှင့်စကားပြောနေသည့် ကိုကို့ကိုမြင်လိုက်သည်.. သေချာသလား.. သိပ်တော့မသေချာ.. နောက်ကျောပဲမြင်ရတာမဟုတ်လား.. ဒါပေမယ့်လည်း စိတ်ကတော့ အလိုလို ကိုကိုဟု သိနေသည်.. ငယ်ငယ်ကတည်းက အတူတူနေလာခဲ့သည့်လူပဲလေ.. ဆိုင်ကိုကျော်ပြီးသွားမှ တစ်ချက်စောင်းကြည့်လိုက်မိ၏.. ကိုကို အရင်လိုပဲ သပ်ရပ်ခန့်ငြားနေတုန်းပဲ.. သူတို့ထက် ၂ နှစ်ကျော်ပဲကြီးပေမယ့် ကိုကိုက လူကြီးသိပ်ဆန်သည်.. ကြီးမေအတွက် အမြဲတမ်း အားကိုးယုံကြည်စရာ သားတစ်ယောက်.. ဆိုးနွဲ့ဂျီကျတတ်သော သားသမီး ၂ ယောက်အတွက် ဖေဖေနှင့်မေမေတို့ စိတ်ချရသည့် အိမ်နီးချင်းတစ်ဦး.. သူတို့ မောင်နှမအတွက် သွေးမတော်သော်လည်း ချစ်ခင်အားထားရသည့် အစ်ကိုကြီး.. အစ်ကိုကြီး တဲ့လား.. အင်းလေ.. အစ်ကိုကြီးမဟုတ်ဘူးဟု အမြင်ပြောင်းလဲသွားချိန်မှာ ကွဲကွာသွားကြတာပဲဆိုတော့ နောက်ဆုံးချိန်ထိတော့ သူတို့အစ်ကိုဖြစ်ခဲ့ပါသေးသည်..

နှုတ်မဆက်ချင်သဖြင့် ဆိုင်ထဲမဝင်ဘဲ ကိုကိုလည်း ဒီဘက်ပြန်မလှည့်လာခင် ခပ်သွက်သွက်ဆက်လျှောက်ခဲ့မိသည်.. နှုတ်မဆက်ချင်တာလား.. နှုတ်မဆက်ရဲတာလား.. နှုတ်ဆက်ဖို့ မသင့်တာလား.. ဘာပဲဖြစ်ဖြစ် သူကတော့ မသိသလိုမမြင်သလိုထွက်လာခဲ့ပြီ.. သူ မလွန်ဘူးလို့ ကိုယ့်ဘာသာလည်း အားပေးမိ၏.. တခါတလေတော့လည်း သူတော်တော် ကြောင်တောင်တောင်နိုင်သည်ဟု ထင်မိပြန်သည်.. သူတို့ ငယ်ငယ်ကတည်းက ဒီလိုပဲ ခင်မင်ရင်းနှီးစွာ နေခဲ့ကြတာပဲ.. ကိုကိုတို့ အိမ်က မချမ်းသာပေမယ့်.. ကိုကိုတို့အိမ်က အသုံးအဆောင်များက အကောင်းစားများ မဟုတ်ပေမယ့်.. ကိုကိုတို့အိမ်က အစားအသောက်တွေက ဈေးကြီးတာတွေမဟုတ်ပေမယ့်.. သူတို့ မောင်နှမ ၂ ယောက်စလုံး ထိုအိမ်မှာပဲ ပိုပျော်ကြသည်.. စည်းကမ်းကြီးသော သူတို့အိမ်ထက် အလိုလိုက်တတ်သော ကြီးမေဆီမှာပဲ ပျော်တတ်ခဲ့ကြတာ.. ကိုကိုက ကြည်သာ့ကို ရည်မှန်းနေသည်ဆိုတော့ရော အဲ့ဒါဘာဖြစ်မှာမို့လဲ..

စပြီး သိသိချင်းတုန်းကတော့ သူ ဘာကြောင့်ရယ်မသိဘဲ အတော်လေး ဒေါသထွက်ခဲ့သည်.. တစ်သက်လုံး ကိုယ့်အစ်ကိုလို မြင်လာခဲ့သူက နှမကို ကြိုက်ပါသည်.. ချစ်ပါသည်ဟု ပြောလိုက်တော့ ရှက်သွားခဲ့သည်ထင်သည်.. ပူထူပြီး ကိုကို့ကို ဆွဲထိုးချင်တာပဲသိခဲ့သည်.. ထိုးလည်း ထိုးမိခဲ့ပါသည်.. ဒေါသကြောင့်လည်း ပူထူပြီး နည်းနည်းလည်းမူးနေသဖြင့် ယိုင်ထိုးနေသည်ကြောင့် မိမိရရ မထိလိုက်တာပဲရှိမည်.. ထိုညက သူတို့ ၂ ယောက်လုံးလားထွေးလား ထိုးကြိတ်မိကြပြီးနောက် စကားတွေလည်း အများကြီးပြောဖြစ်ခဲ့သေးသည်.. သေချာမမှတ်မိတော့သော်လည်း သဘောမတူဘူး ဆိုတာကိုသာ ထပ်တလဲလဲပြောမိခဲ့တာ သူ မှတ်မိသေးသည်.. “အခွင့်အရေးသမား”လို့ သူ စွပ်စွဲတော့ ကိုကို တော်တော်ဒေါသထွက်သွားခဲ့တာ.. “မင်း မူးနေပြီ အာကာ”လို့ ဒေါသကိုထိန်းလျက် သူ့ကိုတွဲကာ အိမ်ပြန်ပို့ပေးခဲ့သည်..

ကော်ဖီဆိုင်ထဲဝင်လိုက်တော့ ကြည်သာ့ကို ထိုင်နေကျနေရာမှာပင် ထိုင်နေကျပုံစံအတိုင်း မြင်လိုက်ရသည်.. သီချင်းဆိုနေသောကောင်ကို ငေးလျက်.. ဟိုကောင်ကလည်း ကြည်သာ့ဘက်ကိုကြည့်လျက်.. ဘာတဲ့ ဘာတဲ့.. “ရင်ထဲအချစ်တွေလည်း ပြောလိုက်ချင်လည်း မလွယ်ဘူး.. ပျော်ရွှင်မှုများစွာလည်း ခဏလေးပါလား မယုံဘူး” ဆိုပါလား.. ဝင်ဝင်ချင်းမှာပင် ကြားလိုက်ရသည့် သီချင်းစာသားကြောင့် လမ်းမှာဖြစ်လာသည့် ဦးတည်ရာမဲ့ဒေါသက ကြည်သာ့အပေါ်ပုံကျသွားသည်.. အနားရောက်ရောက်ချင်းပင် အပြင်ထွက်စောင့်မနေသည့်အတွက် အပြစ်တင်လိုက်မိ၏.. “နောက် နင် ဒီကော်ဖီဆိုင်မှာမထိုင်နဲ့”.. ကြည်သာက နားမလည်နိုင်စွာ အထွန့်တက်ပါသည်.. “ဒါဖြင့် နာရီဝက်လုံးလုံး ငါက ဘယ်နားသွားနေရမှာလဲ”.. သူ စိတ်တိုတောင်းစွာ ကြည်သာ့ကို ကားနားသွားနေဖို့ ပြောလိုက်မိ၏.. “ငါ ဝယ်စရာရှိလို့ အပေါ်တက်ဦးမယ်.. အော်.. ပြီးတော့ နင်ထွက်သွားရင် ကိုကိုနဲ့ တွေ့မလားမပြောတတ်ဘူး.. ငါ ကားရပ်ထားတဲ့နားက ဆိုင်တစ်ခုမှာ သူ့ကို ခုပဲမြင်ခဲ့တယ်”.. ကြည်သာ မျက်နှာတည်သွားလျက် ဘာမှမပြောဘဲ ဆိုင်အပြင်ထွက်သွားပါသည်..

ကြည်သာ ကိုကို့အပေါ်မှာ ဘယ်လိုသဘောထားလည်း သူသိပ်မသေချာ.. ကော်ဖီဆိုင်မှာ သီချင်းဆိုသည့်ကောင်ကိုရော သဘောကျနေသလား သူမသေချာ.. ကြည်သာနှင့် ကျောင်းတုန်းကတည်းက သူငယ်ချင်း.. ခုလည်း အလုပ်တူတူ လုပ်နေသည့် ကာတွန်းရေးဖော် စည်သူကိုရော သဘောကျသလား သူ မသေချာ.. တကယ်တမ်းပြောရမည်ဆိုလျှင် ကြည်သာ၏ ယောက်ျားလေးများနှင့် ဆက်ဆံရေးတိုင်းကို သူမသေချာ.. ကြည်သာ၏ ယောက်ျားလေးများအပေါ်အမြင်.. အချစ်ရေးကိစ္စတွေအပေါ်အမြင်.. အချစ်ဆိုတာကိုမြင်သည့်အမြင်တွေကိုလည်း သူ မသေချာပါ.. သူ့အချစ်ရေးကိစ္စများကို တိုင်ပင်လျှင် ကြည်သာက နားလည်စွာအကြံဥာဏ်ပေးတတ်ပေမယ့် ကြည်သာပြောသည့် “ငါယောက်ျားတွေကို သဘောကျတတ်ပါတယ်.. အချစ်ဆိုတာကိုလည်း ယုံတယ်.. ဒါပေမယ့် ယောက်ျားတစ်ယောက်ယောက်နဲ့ အချစ် စပ်ဆက်ကြည့်ဖို့ကိုတော့ ခုထိမတတ်သေးဘူး”ဆိုသော စကားကို သူ နားမလည်နိုင်ခဲ့..

ကြည်သာ့မှာ ယောက်ျားလေး သူငယ်ချင်းတွေ အများကြီးရှိပါသည်.. သူတို့ နှစ်ယောက်စလုံးနှင့် ခင်သူတွေအပြင် ကြည်သာနှင့်သာ သီးသန့် သူငယ်ချင်းဖြစ်နေပြီး သူနှင့်မသိသည့် ယောက်ျားလေးတွေလည်း ရှိပါသည်.. သူတို့ နှစ်ယောက်လုံးသည် တကွဲတပြားစီနေတတ်ပေမယ့် သူငယ်ချင်းပေါင်းရာမှာတော့ အမြဲတမ်း တစ်အုပ်စုတည်းဖြစ်ဖြစ်နေတတ်၏.. နှစ်ယောက်စလုံးမှာ မိန်းကလေး သူငယ်ချင်းနည်းပါးလှသည်.. သူသည် မိန်းကလေးများကို သူငယ်ချင်းလိုမပေါင်းတတ်သူ ဖြစ်ပါသည်.. ကြည်သာကတော့ မိန်းကလေးစရိုက်သိပ်မရှိသောကြောင့် မိန်းကလေးများနှင့် ပေါင်းသင်း၍ မဖြစ်သူဟု သူ့ကိုယ်သူ သတ်မှတ်ထားသူ.. ပြီးတော့ ကြည်သာ တစ်ခါမှ ရည်းစားမထားဖူးသေးပါ.. တကယ်ဆိုတော့လည်း သူ့ထက်စာလျှင် ကိုကိုကမှ ကြည်သာ့ကို နားလည်နိုင်သေးသည်.. သူသာ ဝင်မရှုပ်ခဲ့မိဘူးဆိုလျှင်.. သူသာ သူ့နှမကို အူမတိုခဲ့မိဘူးဆိုလျှင် ကိုကိုနှင့် ကြည်သာ ခုချိန်မှာ ချစ်သူရည်းစားတွေဖြစ်နေကြမည်လားမသိ.. ကြည်သာလည်း ပုံမှန်မိန်းကလေးတွေလိုပဲ ရည်းစားနှင့် ထွက်လည် ရန်ဖြစ် စိတ်ကောက် ဆိုးနွဲ့တတ်နေမည်လား.. ခုတော့ ကြည်သာက ထူးထူးဆန်းဆန်းတွေတွေးပြီး ထူးထူးဆန်းဆန်း နေထိုင်တတ်သူ မိန်းကလေးတစ်ယောက်ဖြစ်နေသည်.. သူ့ အပြစ်တွေများလား.. ဒါမှမဟုတ် ကြည်သာ ဖတ်သော စာအုပ်များကြောင့်လား.. သူလည်း စာတော့ ဖတ်သည်ပင်.. သို့သော် သူက စာအုပ်တိုင်းကို ဖတ်ပြီး အားလုံးကိုသိရုံလောက်သာ အားထုတ်သူဖြစ်သည်.. ကြည်သာ စာဖတ်ပုံက တမျိုး.. သူက သူနှင့်အတွေးအခေါ် ခံယူချက်တူသော စာများကိုသာရွေးဖတ်တတ်လျှက် ထိုခံယူချက်များအတိုင်းသာ တရားသေနေထိုင်တတ်သူ..

စာအုပ်များအကြောင်းစဉ်းစားနေရင်း ခြေထောက်ကလည်း စာအုပ်များရောင်းသည့်စင်အနီးရောက်သွားမိသည်.. ကြည်အေးစာအုပ်တွေတွေ့တော့ သူ့ ကြည်အေးကဗျာစာအုပ်ပျောက်သွားတာ ပြန်မဝယ်ရသေးဘူးဟု သတိရသွားရင်း ပြန်ရှာရပြန်လေသည်..

အပိုင်း(၄) ဆက်ရန်

အပိုင်း(၁) ဖတ်ရန်

အပိုင်း (၂)ဖတ်ရန်