မောင့်ကြောင့် ညစ်ညူးလေးလံနေသော စိတ်များကို ဖြေဖျောက်ဖို့အတွက် ဘယ်လိုမှ မတတ်နိုင်တော့သောအခါ ကျမ ဘတ်စ်ကားကျပ်ကျပ်ကို တိုးဝှေ့စီးပစ်လိုက်မိပါသည်.. မောင်ညာတာတွေ မောင်ဟန်ဆောင်တာတွေ မောင်ကျမအပေါ် မပွင့်လင်းတာတွေ မောင်ကျမကို မလှိမ့်တပတ်လုပ်တာတွေ.. “ဟန်ဆောင်တာတွေ ထားခဲ့ပါ.. ငါ့အသည်းကို မကစားနဲ့ ငါ့ဘဝနဲ့တော့ မကစားနဲ့ကွာ..” ဟူသော မျိုးကြီးသီချင်းက ကျမဒဏ်ရာများကို ဆွပေး၏..
ကားပေါ်မှာ ကျမအားတိုးဝှေ့နေကြသော လူများကို ဒေါနှင့်မောနှင့် ပြန်လည်တွန်းတိုက်ရင်း ကျမစိတ်က မောင့်ကို ခဏတော့မေ့သွားပါသည်.. ကျမရှေ့ကလူထသွားသောအခါ ထိုနေရာကို ကျမထိုင်ရမှာဖြစ်ပါလျက်နှင့် အဝေးကြီးမှ အတင်းတိုးကာနေရာလုထိုင်သွားသော မိန်းမကြီးကို ဒေါသဖြစ်စွာဖြင့် “shit” ဟု ခပ်တိုးတိုးဆဲရေးလိုက်မိသောအခါ ဆဲတာကိုလုံးဝမကြိုက်တတ်သည့် မောင့်မျက်နှာကို စေ့စေ့ကြည့်ရင်း မောင့်ကို ဆဲပစ်လိုက်ချင်စိတ်က ကျမကို ကြီးစိုးလာ၏.. ထိုသို့လုပ်နိုင်ဖို့ ကျမ သတ္တိတော့ အတော်မွေးရလိမ့်မည်ထင်သည်.. တချိန်ထဲပင် big bag ၏ တယ်လီပန့် သီချင်းတပိုင်းတစကို ကျမ သတိရသွားပါသည်.. “ဘယ်သူမှ ကြိုက်ကြိုက် မကြိုက်ကြိုက်ေ-ာက်ဂရုလုံးဝမစိုက်.. မင်းကြည့်လိုက်ဟေ့.. မကျေနပ်ရင် လစ်သွားလိုက်” … ပြီးတော့ ကျမ ပြုံးမိသွားပါသည်..
“အချစ်စစ်ဖြစ်ခဲ့လည်းပဲ ဘဝသစ်ထပ်စဖို့ရာ မဖြစ်တော့ဘူး တံတိုင်းတွေတစ်ယောက်တစ်ဖက်ခြား” ဟူသော သီချင်းကို ခုတလော ခဏခဏဆိုညဉ်းမိသောအခါ ဘယ်လိုတံတိုင်းတွေက ကျမတို့ နှစ်ယောက်ကို ခြားနားနေတာလဲဟု ကျမ သူငယ်ချင်းက သိချင်ပါသည်တဲ့.. သိပ်ခိုင်မာတဲ့တံတိုင်းကြီးတစ်ခု မောင်ကိုယ်တိုင်ပဲ တည်ဆောက်ထားတာပဲကွယ်.. မောင့်ဘာသာမောင် သတိထားမိသည်ဖြစ်စေ သတိမထားမိဘဲဖြစ်စေ အကာအရံအတားအဆီးများကိုတော့ မောင်တည်ဆောက်နေမိပြီ.. “ဘယ်လိုနည်းနဲ့မှ ပေါင်းစပ်ခွင့်မရှိမှန်း သေချာခဲ့တဲ့နောက်.. ငါ့ကို ချန်ရစ်ပြီးသွားတော့ အားလုံးအမှားများအောက် နောက်မကျသေးခင်” …
ကားပေါ်မှာ ခြေထောက်များ တောင့်တင်းညောင်းညာလာသည်အထိ မတ်တပ်ရပ်လျက် ကျမ လိုက်ပါလာနေပါသည်.. မောင့်အကြောင်း မတွေးမိအောင် ကြိုးစားရှောင်ဖယ်ရင်း ပူလောင်အိုက်စပ်လာ၏.. နွေရောက်တော့မှာလား.. မောင်၏ အေးမြသော ချစ်ခြင်းနှင့်ဝေးကွာနေပြီဆိုမှတော့ ကျမအတွက် ဘယ်အချိန်မဆို နွေရာသီချည်းပဲ ဖြစ်နေတော့မှာပါ.. ကျမသိပါသည်.. “ဒီနွေအပူဆုံးလိုပဲ အတူနောက်ဆုံးအချိန်က နှင်းကိုလွမ်းတယ်.. အချစ်နဲ့ မြောက်ပြန်လေဟာ ခဏလေးနဲ့ ဖြတ်ကျော်သွား မတားနိုင်” ဆိုသည့် အငဲသီချင်းက ကျမစိတ်ထဲရောက်လာပြန်၏.. မောင်နဲ့တူတူရှိခဲ့တုန်းက နှင်းစက်နှင်းပွင့်များသည် မောင့်အချစ်နှင့်တူတူပင် ဖျတ်ကနဲ ကျမဘဝထဲက ထွက်သွားခဲ့ပြီ..
ကျမ ငယ်စဉ်ကတော့ နွေရာသီကို ချစ်ခဲ့ဖူးပါသည်.. ကျောင်းရက်ရှည်ပိတ်သောကြောင့် ကျမ စာမကျက်ရဘဲ အားလပ်နေတတ်သောကြောင့် ပျော်စရာကောင်းသော သင်္ကြန်ဆိုသည့်ပွဲတော်ရှိနေသောကြောင့်.. အင်းပေါ့လေ.. ငယ်တုန်းမှာတော့ အရာရာဟာ ဒဏ္ဍာရီဆန်စွာ လှပနေလေ့ရှိတတ်ကြတာပါပဲ.. “နှင်းများကျနေတဲ့လမ်းထဲ ကလေးလေးတစ်ယောက်အပူပင်မဲ့ အဝေးက အစိမ်းရောင် မြက်ခင်းထဲ ကြီးပြင်းရင်းနဲ့.. ဒဏ္ဍာရီလိုစိတ်ကူးများ ပီပြင်လာမယ် ယုံစားတတ်တဲ့ဘဝ.. လွင်ပြင်ကျယ်ရဲ့ တစ်ဖက်စွန်းက ဘယ်လိုနေမယ် ငါမသိရ အတွေးများ.. ကလေးလေးတစ်ယောက်ရဲ့ စိတ်ကူးနဲ့ စဉ်းစားလိုက်မမှီ အဖြေမရှိ အတွေးလေးထဲ မျှော်ကြည့်ဆဲ.. စူးစမ်းစိတ်က.. မိုးကုတ်စက်ဝိုင်းရဲ့ အစွန်းတစ်ဖက်မှာ ဘာတွေရှိမယ်” .. အယ်ဖြူရေးသော “လိပ်ပြာ” သီချင်းကို ကျမ နှစ်သက်စွဲလန်းမိတာ ဆန်းသည်ဟုတော့ မထင်ပါ..
ဆင်းရမည့် မှတ်တိုင်ရောက်တော့ မနည်းတိုးခွေ့ဆင်းလာခဲ့ရင်း ကျမခံခဲ့ရသည့် ဒုက္ခကို ပြန်စဉ်းစားမိတော့ ကိုယ့်ကိုကိုယ် ရယ်မိသွားပါသည်.. ကျမဟာ ခုထိ အဓိပ္ပါယ်မရှိသည့်အလုပ်များကို လုပ်နေတုန်းပဲ.. မောင့်အကြောင်း မစဉ်းစားချင်တာနဲ့ပဲ ကျမစိတ်ကို အလုပ်ပေးချင်တာနဲ့ပဲ ဘတ်စ်ကားကျပ်ကျပ်ကို ဒုက္ခခံတိုးစီးခဲ့ပေမယ့် မောင်ကဖြင့် ဘတ်စ်ကားတောင် သိပ်စီးလေ့ရှိတာမဟုတ်ပါ.. ခုတော့ကြည့်လေ.. ဘတ်စ်ကားဂိတ်မှ အိမ်သို့ရောက်အောင် လမ်းအဝေးကြီးကိုလည်း လျှောက်ရဦးမည်.. ကျမ သိပ်ရူးပါသည်.. အေးလေ ဒါကြောင့်လည်း ကျမရဲ့ အကြိုက်ဆုံး သီချင်းက အယ်နောင်းရဲ့ “အရူး”ဆိုတဲ့ သီချင်းဖြစ်နေရတာပေါ့.. သီချင်းကို ခပ်တိုးတိုး သို့သော် အယ်နောင်းအသံလိုပဲ ကြေကြေကွဲကွဲဖြစ်အောင် သီဆိုလျက် ကျမ၏ အိမ်အပြန်လမ်းကို စတင်လိုက်ပါသည်.. “ဒီမှာရဲရင့်မှုပြိုလဲ.. နေပူမှာလိုက်မှားခဲ့ အရူး တစ်ယောက်လို မျှော်လင့်ဆဲပဲ.. တံလျှပ်များရဲ့ နောက်လိုက်ဆဲ.. လိုချင်တာကို မရခဲ့.. ငါ့ရဲ့ဘဝဟာဆုံး.. အရူး .. ကံကြမ္မာရဲ့မီးတောက်ဝိုင်းလို့ရူး.. သောကများထဲလျှောက်ခဲ့ရူး.. အနိုင်လိုချင်ခဲ့တဲ့ အရှုံးနဲ့ရူး.. တံခါးများလည်း ဖွင့်ခဲ့ရူး…”.. လမ်းမှာ ဆုံတဲ့လူများကတော့ တစ်ယောက်ထဲ သီချင်းဆိုရင်း မျက်ရည်ကျရင်း လမ်းလျှောက်လာတဲ့ ကျမကို နားမလည်နိုင်စွာကြည့်လျက် ကျန်ခဲ့ကြပါသည်.. သို့သော် ကျမဂရုမစိုက်တော့ပါ.. ကျမက အရူးတစ်ယောက်မဟုတ်လား.. ….
x x x x x x x x x x x x x
ကိုဇောင်း တဂ်ထားတဲ့ ဆိုညဉ်းဖြစ်တဲ့ သီချင်းများ ဆိုတဲ့ ပို့စ်ပါ.. အမြဲတမ်း သီချင်းနားထောင် သီချင်းညဉ်းနေတတ်တော့ အများကြီးရေးနေရမှာ.. အဲ့ဒါနဲ့ပဲ ခုတလော အရမ်းကြိုက်နေတဲ့ သီချင်းတွေနဲ့ ဇာတ်လမ်းလေးဆင်ပြီးရေးဖြစ်သွားတယ်.. ဆက်ပြီးတော့ အိဖူးနဲ့ အဒေါ်ကြီးမေရာကိုပဲ တဂ်တော့မယ်.. ထုံးစံအတိုင်း ဒုက္ခနည်းနည်းပေးလိုက်တာပေါ့နော့.. ကိုဇောင်းရေ တာဝန်ကျေပြီ..
ဟုတ်တယ်၊အရူး။
ကိုယ့်ကိုယ်လဲ သိတော့သိသားပဲ။
ဆိုညဉ်းတဲ့ သီချင်းတိုင်းရဲ့ ကိုယ်ပိုင်ခံစားချက် သရုပ်မှာ မောင် ဆိုတဲ့ စကားတွေ ထပ်တလဲလဲနဲ့ အမှတ်များနေတာ ဖြစ်တည်နေတဲ့ ဒီမောင် အချစ်ကကြောင်တောင်တောင်ဆို သီချင်းတစ်ပုဒ်က ဟင်းလင်းပြင်ထဲက ငှက်ငယ်တစ်ကောင်လို ဟိုဒီပျံဝဲလို ရှာကြံထိနေပြီ ထင်ပါ့ ..။
မချစ်နဲ့နန်းညီ။သိပူတယ်။မီးလိုဘဲ
ဒီလိုကျတော့လည်းနန်းညီက နုနေပြန်ရောဗျာ။
ကောင်းလှချည်လား အိုင်ဒီယာ… လန်းတယ် ညီ…
တစ်ခုပဲ…
`မောင်´ ဆိုတဲ့ သီချင်း ဘာလို့ မဆိုတာလဲ… အဟီး
အချစ်ဆိုသည်မှာ ဝမ်းနည်းတဲ့အခါ နေမင်းကဋေကဋာပေါ့
ကောင်းတယ် အချစ်နဲ့ ညစ်ညူးလေးလံနေတဲ့ မိန်းကလေး တစ်ယောက် ရဲ့ သီချင်းညည်းပုံလေးတွေ …..
ခင်မင်လျှက်
ရန်ကုန်သား
အချစ်ဆိုတာ နှစ်ယောက်သားညီညွတ်နေရင်သာ ပျော်ရွှင်စရာကောင်းတာ နန်းညီ …။ အပူဆိုတာတွေ့လို့ နှစ်ဦးသားပေါင်းပြီး မဖြေရှင်းနိုင်ရင် အဲဒီအချစ်ဆိုတာ မီးထွန်းရှာတောင်မတွေ့တော့ဘူး ညီမရေ…။ရှောင်နိုင်လေ ကောင်းလေပါပဲ…။
နာရေးတတ်တာကျ နာ့ မတက်ဂ်ဘူး။ မရေးတတ်တဲ့ အရောင်ဆိုတာကြီး တက်ဂ်ထားတယ်။ ဘာရေးရမှန်းလဲ မသိဘူး။
အရူးမှန်းသိနေသေးရင် မရူးသေးဘူးကွဲ့။
တယ်လီပန့်
ထားခဲ့ဦး
လိပ်ပြာ
လမ်းအဝေးကြီးလျှောက်ရတာပဲ ဒီထက်အများကြီး အော်ဆိုသွားဖို့ အခွင့်အရေး ညီညီ့မှာ အပြည့်…
အသားကုန်ဆို ညီညီ…
တူနေပြီ။ =)
ဟိုက်ရှားပါ (punker)ပန်ကာကြီးပါလား။
ဘီလိုပြောရမလဲသိဘူး ကောင်းတယ်
သိုင်းကြူးလည်းတင်တယ်
ဒါနဲ့
အရူးဆိုလို့
ညီညီတို့နားက ဘုန်းကြီးအရူး နဲ့ ညီညီ နဲ့ ရူးတာခြင်းအတူတူပဲ လား
{{{{{{{ ကိုဇောင်း !!!! }}}}}}}}
အဟုတ်ထင်လို့ အံ့သြပြီး ဖတ်လာတာ.. တော်တေးတောပေါ့ ဇာတ်လမ်းဆင်တယ်ဆိုလို့
အခုမှ အေးအေးဆေးဆေး ဖတ်ဖြစ်တယ်ညီညီ…စာရေးကောင်းတယ်…စိတ်ထဲမှာ ဂျူးဟန်တွေ ရောနေသလို ခံစားမိတယ်..။
အစ်ကိုလည်း ရေးရဦးမယ်.ဒီတဂ်ပိုစ့်ပဲ..ကိုဆောင်းယွန်းလ တဂ်ထားတာ..။ညီညီလို story ဆန်ဆန်လေးပဲ ရေးဖြစ်မယ် ထင်တယ်..။