မ်ု,သုင်ခ်ု;04-11-2009 | 09:39:56 | 15 Comments

တောင်ကြီးရောက်ရောက်ချင်း ငရှားရဲ့ အိပ်ချင်မူးတူးမျက်နှာကို မြင်လိုက်ရတော့ အတော်လေးကို ပြီးပြည့်စုံသွားခဲ့ပြီ.. တွေ့တွေ့ချင်း ဖက်နမ်းပစ်မယ်လို့ ကြုံးဝါးသွားခဲ့ပေမယ့် မနမ်းဖြစ်.. သိုင်းဖက်ရုံပဲလုပ်ဖြစ်တယ်.. မောင်နှမလည်းဟုတ် သူငယ်ချင်းတွေလည်းဟုတ် ညီအစ်ကိုလို့လည်း ပြောလို့ရတဲ့ ငရှား မယ်ညီနဲ့ မိလှိုင်.. ၃ ယောက်သား ငရှားရဲ့မွေးရပ်မြေမှာ ပြန်ဆုံကြရပြီ.. ၃ ယောက်လုံး ပျော်လို့ရွှင်လို့..

P1030834
(မိလှိုင်နဲ့ ငရှား)

ဆက်ပြီးဖတ်ရန်


အိမ်ရောက်ရောက်ချင်း တခါမှမရောက်ဖူးသေးတဲ့ ၄ ယောက်ကို တစ်အိမ်လုံးရှိသမျှ အိမ်သားတွေနဲ့ မိတ်ဆက်ပေးရတယ်.. ဒါက ကိုကြီး.. ဒါက အိဖူး.. ဒါက မိလှိုင်.. ဒါက မြတ်နိုး.. “ညီညီ ဘာပါလာလဲ” ဝိုင်းမေးကြတဲ့ ကလေးတွေကို ပါလာတဲ့ ကာတွန်းကားခွေတွေ မုန့်တွေထုတ်ပေးရင်း ဆူဆူညံညံ.. အရှေ့အိမ်သွားနှုတ်ဆက်လိုက်.. အနောက်အိမ် သွားနှုတ်ဆက်လိုက်.. “ညီညီ ဝလာတယ်.. ပိုလည်းလှလာတယ်” ဆိုပဲ..

ရေအရင်ချိုးကြမလား.. အရင်တရေးအိပ်မလား.. မအိပ်ကြတော့ဘူးလား.. ထမင်းစားမလား.. ဘာလုပ်ရမှန်း ဝေခွဲလို့ကမရ.. ရေချိုးသူကချိုး.. အိပ်ရာထဲ ထိုးဝင်သူကဝင်.. ငရှားအစ်ကို ကိုသဲကတော့ “လာစမ်း မယ်ညီ.. ဒါတွေ လာခေါက်ချည်”ဆိုပြီး သူလုပ်နေတဲ့ နေ့လွှတ်အရုပ်အတွက် လိုအပ်တာတွေ ခိုင်းတော့တာပါပဲ.. နေ့လည် ရေချိုး ထမင်းစားပြီးတော့ ဘုန်းကြီးကျောင်းဆီထွက်လာခဲ့တယ်.. “ပေါက်စမီး” ပြင်ဆင်နေကြတယ်လေ.. ငရှားက “ပေါက်စ”မှာ မီးပုံးပျံအရုပ်ဆွဲတာ.. ဝင်းထွဋ်၊ အယ်ကုလား၊ သားကြီး၊ ဇင်လင်း၊ ငဒီး၊ သအိ၊ ငပြေ၊ ကိုတာ၊ ငဖြိုး၊ ဆီချက် စသူတို့ စုံလင်စွာ.. မတွေ့တာကြာပေမယ့် သူတို့အပြုံးတွေ ချိုသာလတ်ဆတ်ဆဲ..

(မယ်ညီလည်း မီးပုံးပျံလုပ်ကူခဲ့ပါတယ်)

ရောက်ပြီးနောက်နေ့ပဲ ဝိုင်ခြံကိုသွားဖြစ်ကြတယ်.. တောင်ကုန်းလေးပေါ်က သစ်ပင်အုပ်အုပ်ကြားမှာ ဝါးတဲလေးတွေနဲ့.. ဝိုင်လေးသောက်လိုက်တော့ ကိုယ်ခန္ဓာထဲမှာ ပူဆင်းပြီးသွား.. အား – အရသာရှိလိုက်တာဗျ.. ဝိုင်ခြံကထွက်လာပြီးတော့ မြစိမ်းတောင်ဘက်ကို ဆက်ထွက်လာကြတယ်.. ညနေစောင်းနေရောင်အောက်မှာ တောင်ကြီးမြို့ကို အပေါ်စီးကနေ ကြည့်ဖြစ်ကြ.. ရောက်တတ်ရာရာ စကားတွေပြောလို့.. တောင်ကြီးမြို့ခေါင်မိုးတွေ ဘာကြောင့်နီရတယ်ဆိုတာလည်းပါရဲ့..

မီးပုံးပျံဖွင့်ပွဲညက စပြီး နောက်ညတိုင်း ညတိုင်း မနက်နဲ့နေ့ ပြောင်းပြန်ခဏရွှေ့ထားကြတယ်.. ညဆို ၇ နာရီ ၈ နာရီမှာ ညစာစား.. အိမ်ရှေ့မှာလူစု.. ဆိုင်ကယ်တွေ တစီးပြီးတစီး ဝင်လာလိုက် ထွက်သွားလိုက်.. အားလုံးလူစုံပြီဆိုရင် ဘယ်သူကဘယ်မှာတက်.. ဘယ်သူက ဘယ်သူ့နောက်လိုက်.. ဟိုကောင်တအားမလှော်နဲ့ စောင့်မောင်းဦး.. အိုင်စီလက်ဘက်ရည်ဆိုင်အပေါ်နားက အိမ်မှာပဲ ဆိုင်ကယ်အပ်မယ်နော်.. မတွေ့ရင် အလံတိုင်ထောင့်နားပဲ လာရှာ.. အိမ်တိုင်းက လူငယ်တွေ ဆူဆူညံညံ တက်တက်ကြွကြွ.. ပွဲတွင်းဆိုတာ ဒါကိုခေါ်တာပဲထင်ရဲ့..

DSCF1323

(အိမ်လှေခါးမှာ အမှတ်တရ)

တောင်ကြီးအအေးက စံချိန်မမှီဘူးပြောရမယ်.. အင်္ကျီလက်ရှည်ပေါ်က ဂျင်းဂျက်ကက်လေးထပ်လိုက်ရင် အားလုံးပြီးပြည့်စုံသွားပြီ.. သာသာယာယာပဲ.. ကွင်းထဲရောက်မှာ ကိုယ်တွင်းအနွေးထည်တွေ မှီဝဲရတာကတော့ တပိုင်းပေါ့လေ.. ပိုက်ဆံသိပ်ရှိစရာမလို.. အရက်တံဆိပ်သစ်ပေါင်းများစွာက ကြော်ညာသောအားဖြင့် နမူနာတိုက်တာတွေ.. မာမီးခေါက်ဆွဲခြောက်ထုပ်ကလေးတွေ အလကားဝေတာတွေ.. ကော်ဖီမစ်တံဆိပ်သစ်က နမူနာတိုက်တဲ့ခွက်ကလေးတွေ.. နမူနာပေါင်းများစွာဖြင့် အိုကေ စိုပြေကြပါ၏..

ကိုသဲရဲ့နေ့လွှတ်အရုပ် သွားလွှတ်ကြတဲ့နေ့မှာတော့ တဖွဲ့လုံးတက်ကြွပျော်ရွှင်စွာ.. သို့သော် အရုပ်ကမအောင်မြင်လိုက်ပါ.. အပေါ်သိပ်တောင် မမြင့်သေးခင် ခေါင်ပွင့်ပြီးလောင်ကျလာခဲ့.. ဒါလည်း ဝမ်းနည်းဖွယ်.. အဲ့ဒိကအပြန် တချို့သူငယ်ချင်းများနဲ့ စူဠာမုနိဘုရားကို ဝင်ဖြစ်တယ်.. ရန်ကုန်က လာတဲ့ သူငယ်ချင်းတွေကို ဒေသခံသူငယ်ချင်းများက တချိန်လုံးဟိုဒီတွေ လိုက်ပို့ပေးနေတတ်တာ ချစ်စရာလည်းကောင်းကြပါရဲ့.. နေခဲ့တဲ့ ၁၀ ရက်အတွင်း ဟို ၄ ယောက်ကို နေရာစုံစုံ ပို့်ဖြစ်ခဲ့တယ်.. တစ်ခါတလေ ကိုယ်က အိပ်ရေးမဝသေးဘူး.. သူတို့က “သွားမယ် သွားမယ်” အတင်းလာနှိုးနေကြ.. သူတို့ ဒေသ သူတို့ အလှ သူတို့ ဓလေ့တွေကို သိစေချင် မြည်းစမ်းစေချင်ကြတာ.. ဝတ်ဆင်ပုံ နေထိုင်ပုံ ဘယ်လိုကြီးတွေပဲ ဖြစ်နေပါစေ၊ ဒေသစွဲ လူမျိုးစွဲ ရိုးရာစွဲစိတ်ကတော့ အင်မတန်ကြီးကြတဲ့ တောင်ပေါ်သားတွေပါ..

DSCF1499

(စူဠာမုနိမှာ ပျော်ပျော်ပါးပါး)

မပြန်ခင် ညကျမှ ငရှားနဲ့ သေသေချာချာစကားပြောဖြစ်တယ်.. ၂ ယောက်စလုံးရဲ့ ရင်ကျပ်စရာကိစ္စတွေ တပုံတပင်.. တခါတရံ ငိုကြွေးလိုက်တာကလည်း စိတ်ပေါ့ပါးစေသတဲ့.. သူငယ်ချင်းရဲ့ပုခုံးဟာ သူငယ်ချင်းအတွက် ဝန်ထုပ်ဝန်ပိုးများ လျှော့ချရာနေရာ.. ပြန်မယ့်နေ့ကြတော့ လိုက်ပို့မယ့် သူငယ်ချင်းများက ဆိုင်ကယ်ကိုယ်စီနဲ့ အိမ်မှာရောက်နေကြပြီ.. အထုပ်တွေ ဆွဲ.. လူတွေမျှတင်.. ကားဂိတ်ကိုချီတက်ခဲ့ပုံက တသီတတန်းကြီး.. မိလှိုင်နဲ့ ညီညီ ကားပေါ်တက်တော့ ငရှားက အောက်မှာ လက်ပြလို့ ကျန်ခဲ့ရင်း.. နောက်တစ်ခါဆို မိလှိုင်ရဲ့မြို့ကို ငါတို့ သွားလည်ကြမယ်နော် ငရှား.. ရှမ်းရိုးမတောင်တန်းတွေကို မြင်ရင်တောင် “ငရှားရေ”လို့ ခပ်တိုးတိုး ခေါ်ငင်နှုတ်ဆက်တတ်တဲ့ ညီညီ.. အေးအေးချမ်းချမ်းမြို့ကလေးကနေ ထွက်လာခဲ့ရပြန်တော့ ငိုချင်လာသား.. ဒါပေမယ့်လည်း “ငရှားနဲ့ မိလှိုင် ငါ့မှာ ရှိနေတယ်” ဆိုတဲ့အသိက နွေးထွေးလုံခြုံစေမှန်း သေချာစွာသိခဲ့ပြီ..

15 Responses to “မ်ု,သုင်ခ်ု;”

  1. ပျော်စရာကောင်းမှာပဲနော်။
    ကိုယ်လိုလူတွေ ရှိတဲ့နေရာမှာ…

  2. အိမ်လှေခါးကိုကြိုက်သာပဲ
    သစ်သားတွေအများကြီးနဲ့လေ
    တယ်မိုက်သာပဲ

  3. ပြန်တဲ့အချိန်ကို ဖတ်ပီး
    စိတ်မကောင်းဘူးးး
    ငရှားရယ်
    တယောက်တည်း
    ကျန်ခဲ့တယ်..

  4.း) အတွေးတွေကတော့ ချစ်စရာကောင်းနေတယ်နော်လို့ ငါကပြန်ပြောရမယ် မိညီမရဲ့ …

  5. နန်းညီ ရေ….မ်ု,သုင်ခ်ု;။
    အရမ်းကိုပျော်စရာကောင်းတဲ့ ပိုစ့်လေးပါပဲ။ တောင်ကြီးမှာနေခဲ့ပေမဲ့ နန်းညီတို့လောက် ပျော်စရာကောင်းတာမျိုး မကြုံခဲ့ရဘူး။ မီးပုံးပျံ လုပ်တာတွေ ကူတာတို့ ဘာတို့ပေါ့လေ။ သူများလုပ်တာတော့ ကြည့်ဖူးတယ်။

  6. မ်ု,သုင်ခ်ု; ဆိုတာဘာလဲဟင်??

  7. ပြန်တဲ့သူနဲ့ ကျန်ခဲ့တဲ့သူ ဘယ်သူကပိုပြီးငိုချင်မလဲ သိချင်တယ်

  8. မ်ု,သုင်ခ်ု; ဆိုတာ မင်္ဂလာပါတဲ့ အန်ဒီ..
    စီဘောက်မှာမေးပြီး ဆရာပြန်လုပ်တာ..ဟိဟိ

    ပျော်စရာကြီး ညီ တောင်ကြီးတန်ဆောင်တိုင် ထပ်သွားချင်သေးတယ်..

  9. ညီေ၇းလိုက်မဘယ် မျက်ရေတောင်လည်ချင်လာပီဗျာ….

  10. စာတော့ အစအဆုံးဖတ်ပြီးသွားပြီ…
    ခေါင်းစဉ်ကို ဖတ်လို့မရဘူး..ဖောင့်မရှိတာဖြစ်မယ်
    (ကွန်ပျူတာမှာ မဟုတ်…ဦးနှောက်ထဲမှာ..:P)

  11. ခရီးတခု သွားပြီးရင် အဲဒီလို အသေးစိတ် မမှတ်မိဘူး။ မှတ်မိပြန်တော့လည်း ပြန်ချမရေးတတ်ဘူး။

    နန်းညီရေးထားတာလေးက ဖတ်လို့ ကောင်းတယ်။ ကိုယ်တိုင် ရောက်သွားသလိုပဲ။ တောင်ကြီးကို တခါမှ မရောက်ဖူးသေးဘူး။

  12. မီးပုံးပျံလုပ်တာ ပျော်စရာကြီး…..

းဝ)

  13. ပျော်စရာကြီး… ငါလဲ ရောက်ဖူးချင်လိုက်တာ… ၀_0 လှေခါးပေါ်က ပုံမိုက်တယ်…. :D

  14. မိုက်ရမယ်လေ အဲ့ပုံက မောင်ကြီးလစ်တဲဘရွတ်ခ် ရိုက်ပေးထားတဲ့ဟာ .. :P

  15. အယ်ရှားက ဘယ်ပုံကြည့်ကြည့် အိပ်ချင်တဲ့ရုပ်လေးနဲ့.. ဟိ.. ထင်တာပဲ.
    ပျော်စရာကြီးနော.. ငါလည်း အိမ်ပြန်ချင်သွားပြီ..

Leave a Reply