မှန်ထဲမှ မြင်နေရသော မိန်းမသည် ကျမကိုယ်တိုင်မှ ဟုတ်ရဲ့လား.. ကျမ၏ အခြားသော စိတ်ခန္ဓာတစ်ခုလည်း ဖြစ်နိုင်သေးသည် မဟုတ်လား.. လှပသည်ဟု ထင်မြင်သော်လည်း ကြည့်လိုက်မိတဲ့အခါ အရုပ်ဆိုးအကျည်းတန်နေသော အချိန်အခါများတွင် ကျမ ထိုမိန်းမကို နားမလည်နိုင်.. ငါ့ရုပ်ဟာ ဒီလိုရုပ်မဟုတ်ပါဘူး.. ငါ့မျက်နှာဟာ ဒီလိုသုန်မှုန်နေတာမျိုး မဟုတ်ပါဘူးဟု အကျိုးမဲ့ငြင်းဆန်ခဲ့မိသော အခါတိုင်း ကျမ ထိုမိန်းမကို မမြင်ချင်ခဲ့.. ထို့နောက် ကျမ အသက်ရှူလို့ မရတော့ပါ..
ထိုသို့ခါးခါးသီးသီးတွေးမိတိုင်း မှန်ထဲမှ မိန်းမသည် မှန်စများနှင့်အတူ တစစီကွဲအက်လျက် ခြေထောက်နားမှာ နာကျင်လျက်ရှိပြန်သည်.. မှန်ကွဲစများ တစစီ.. အကောင်းအတိုင်းဖြစ်အောင် ပြန်ဆက်လိုက်ဖို့လည်းမလွယ်ကူလှဘဲ အမှုန်အစများအဖြစ် သေးကွေးကျဲပြန့်လျုက်ရှိ၏.. သို့သော် ကျမလက်များကို ကွဲအက်စူးရှကာ ကိုင်မိလိုက်တိုင်း သွေးစိမ်းရှင်ရှင်ကျစေလောက်ရုံတော့ဖြင့် ကြီးမားပါသည်.. ထိခိုက်စေပါသည်.. ထက်မြက်နေပါသည်.. မှန်ဆိုသည်မှာ ဘယ်လိုအရာဝတ္တုများပါလဲ..
ကျမကိုယ်တိုင်တောင် မသိသော နောက်ထပ် ကျမတစ်ယောက် ဒီခန္ဓာကိုယ်ထဲမှာ ရှိနေလိမ့်ဦးမည်ဟု တွေးမိသွားသော နေ့မှစ၍ မှန်များကို ကျမ မုန်းတီးလာမိသည်.. မှန်ကြည့်တိုင်း အင်အားကြီးမားသော.. ကောက်ကျစ်သော.. ဥာဏ်များသော.. မလိုမုန်းထားတတ်သော.. ဟန်ဆောင်တတ်သော.. ပရိယာယ်ကြွယ်သော မိန်းမတစ်ယောက်ကို မြင်နေရသည်မှာ စိတ်ချမ်းသာစရာ မကောင်းဘူးမဟုတ်လား.. ကျမကတော့ အားငယ်သော အားနည်းသော.. ပွင့်လင်းရိုးသားသော.. ချစ်စဖွယ်ကောင်းသော.. ကူညီတတ်သော.. ယဉ်ကျေးရိုင်းပင်းသော မိန်းမပျိုလေးတစ်ယောက်သာဖြစ်သည်ဟု ကိုယ့်ကိုကိုယ်မှတ်ထင် ခံယူထားဆဲ.. ကျမနှင့် မှန်ထဲမှ ကျမ၏ ပုံရိပ်တို့ယှဉ်ရမည်ဆိုလျှင် ဘယ်သူ့ကို သင် သဘောကျနှစ်သက်မှာပါလဲ..
မှန်များထက်စာလျှင် နံရံများက ပိုပြီးရိုးသားသည်ဟု ကျမ ထင်မြင်ပါသည်.. နံရံမှာပြန်၍ ထင်ဟပ်နေတတ်သော အရိပ်သည် ကျမ၏ အရိပ်မဟုတ်လား.. မည်သည့်လက္ခဏာ မည်သည့်သွင်ပြင်မှ မပြဘဲ ကျမလှုပ်ရှားသမျှ လိုက်လံလှုပ်ရှားနေတတ်သည့် အရိပ်.. သူ့ကို မုန်းတီးစရာ အကြောင်းအချက် ဘာတစ်ခုမှ မမြင်ပါ.. ကိုယ့်ထင်မြင်ချက်ကိုယ် ခိုင်မာစွာ မယုံကြည်ခြင်းကလည်း ဝမ်းနည်းနာကျင်ဖွယ်ကောင်းမှန်း သိကြပါရဲ့လား.. ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းတစ်မျိုးကို ကျမ ပြုလုပ်နေမိပါပြီ.. ကျမကို တားကြပါဦး..
မှန်ကွဲစများကြောင့် နာကျင်ဒဏ်ရာများဖြင့် ကျမ ကိုယ်ပေါ်မှာ သွေးများအလူးလူးဖြစ်နေပြီ.. အသက်ရှူရတာလည်း ခက်ခဲပြီးရင်း ခက်ခဲလာနေသည်.. ကျမကို ကယ်ကြပါဦး.. မှန်ထဲမှ မိန်းမက ကျမတစ်ကိုယ်လုံးကို ဒဏ်ရာများဖြင့် သေစေလျက် ကျမနေရာမှာ အစားထိုး ဝင်ရောက်ဖို့ ကြိုးစားနေပြီ.. မမြင်ကြဘူးလား.. မတွေ့ကြဘူးလား.. ကျမ ကိုယ့်ကိုကိုယ် မယုံကြည်တော့အောင်လည်း သူက သွေးထိုးနေတာကို မသိကြဘူးလား.. မတားကြဘူးလား.. ကျမဘက်ကဟု ယုံကြည်ထားသော နံရံပေါ်မှ ကျမ၏ အရိပ်ကလည်း လဲပြိုကျနေရာမှ ပြန်ထဖို့ မကြိုးစားဘဲ ကျမလိုပင် အားငယ်ထိတ်လန့်နေတော့ ဘယ်သူ့ကို ကျမအားကိုးရတော့မှာလဲကွယ်..
အသက်ရှူလို့မရတော့ပါ.. သွေးအလူးလူးဖြင့် မောမောပန်းပန်းဖြင့် ကျမသေရတော့မှာလား..
ဒါပေမယ့် တစ်ခုတော့ ကျမသိချင်နေသေးသည်..
ကျမနှင့် မှန်ထဲမှ ကျမ၏ ပုံရိပ်တို့ယှဉ်ရမည်ဆိုလျှင် ဘယ်သူ့ကို သဘောကျနှစ်သက်မှာပါလဲ..
ဒီမေးခွန်းကို မမျှော်လင့်ဘဲ အမေးခံလိုက်သည့်အတွက် အသက်ရှူလို့ မရဖြစ်သွားတယ်ဆိုလျှင်တော့ တောင်းပန်ခဲ့ပါရစေ..
တောင်းပန်စရာမလိုပါဘူး ညီမငယ်…
ဒါပို့စ်မှ မဟုတ်တာ တစ္ဆေငါကိုယ်တိုင်ပါပဲလား .. ကြည်အေးကဗျာလေးလိုလေ
.. (မိညီမလေး တော်သည်… တွေးတောဆင်ခြင်ခြင်းပြဿနာကို ထည့်ရေးတတ်လာပြီ )
ကိုယ်တဦးတယောက်ထဲ ဒီလိုဖြစ်နေတယ်လို့ မထင်နဲ့ကွယ်… လူတိုင်းလူတိုင်းမှာ
မမြင်ရတဲ့ တဖက်ခြမ်းရှိတယ် … ဒါလူတော်တော်များများရဲ့ ပြဿနာပါ …
သီအိုရီတွေ ပြောပြရဦးမလား နောက်တာ
((လူတိုင်းလူတိုင်းမှာ
မမြင်ရတဲ့ တဖက်ခြမ်းရှိတယ် … ဒါလူတော်တော်များများရဲ့ ပြဿနာပါ))
သိတယ်လေ
ဒါမယ့် ဘာလို့သူများပြဿနာကိုရေးရမှာလဲ သူများအတွက်လည်းထည့်မစဉ်းစားဘူး.. ကိုယ့်ပြဿနာပဲ ကိုယ်ရှေ့တန်းတင်လိုက်မယ်
ဒါအတ္တပါကွယ်
ဟာဗျာ အက်ဆေးစာအုပ်သာထုတ်တော့ဗျာ……….
တော်တော်လေးကို
စဉ်းစဉ်းစားစားနဲ့ 
မန့် ရမယ့်
အက်ဆေးပါလားးး
ကျမရော
ကျမရဲ့ အခြားတဖက်ရောကို
သဘောကျတယ်..
ကျမတည်ရှိနေလို့ သာ
ကျမရဲ့ အခြားတဖက်
တည်ရှိနေတာမို့ လို့ ပါ။ ။
နံရံပေါ်က အရိပ်ဆိုတာ
ခိုကိုးရာအရိပ်လိုတော့
ဘယ်အားကိုးရပါ့မလဲလေ။
တခုပဲ သိတယ်.
ကိုယ်ယုံကြည်နေတာ မှားနေမှန်းသိတာနဲ့  ချက်ချင်းစွန့် လွှတ်လိုက်ရင် နာကျင်မှုကို ရရှိချိန်မှာ လက်ခံနိုင်သလို ကိုယ့်ယုံကြည်ချက်ကို ပြန်လည် တည်ဆောက်နိုင်ပါတယ်။
ကောင်းတယ်…ညီ
အမှန်တကယ်တမ်းတွင် …
ဤ အခြားတစ်ဖက်သည် အတ္တတစ်ခု ဖြစ်သောကြောင့်
ရွေးခြယ်စရာမလိုအပ်ဟု ထင်မိပါသည် …
အတူတူပင်ဖြစ်နေသည် မဟုတ်ပါလား …
မဖြစ်မနေ ရွေးချယ်ရမည်ဟု ဆိုခဲ့လျှင်တော့ …
မှန်၏ အခြားတစ်ဘက်မှ
အတ္တ၏ မူလပိုင်ရှင် နန်းညီကိုသာ ရွေးချယ်မိမည် ဖြစ်ပါကြောင်း … ။
ခင်မင်လေးစားမှုများစွာဖြင့်
ဟားဟားဟား
အတ္တကမှန်တယ်
အတ္တက ချွန်ထွက်သွားတာ မကောင်းဘူး
တရားလက်လွတ် ချွန်ထွက်တာ
တရားဆိုတာရှိတယ်
ကျင့်ဝတ်ဆိုတာရှိတယ်
အဲ့ဒါတွေကို လွန်ပြီး အတ္တကချွန်ထွက်နေရင် ဒါလူမဟုတ်တော့ဘူး မှန်ထဲကပုံရိပ်ဟာ ပုံရိပ်အနေထက် ဘာမှပိုမလာရင် ကောင်းတာပေါ့
အင်း အရိပ်နဲ့လူက တအားမှောင်တဲ့ အချိန်နဲ့ တအားလင်းတဲ့အချိန်နှစ်ချိန်ပဲ ကွဲတတ်တာဆိုတော့ တွဲနေတဲ့ အချိန်ကများတယ် လူကို လက်ခံမိထားရင်တော့ အရိပ်ကိုလည်း လက်ခံရတော့မှာပေါ့
ကိုယ့်အတ္တကိုယ်ချပြရုံသက်သက်ပါပဲ.. လူတိုင်းမှာ ဒီလိုအတ္တ ဒီလိုအတွေးတွေ ရှိတယ်.. ဒါမယ့် ညီက စာအဖြစ်ချရေးလိုက်တယ်.. လူတိုင်းမျှဝေခံစားနိုင်သွားပြီ
အကျိုးပြုပါတယ်
သတိထားမိတာကတော့ လူလောကထဲဝင်မိလေလေ မှန်ထဲကအရိပ်က ချွန်ထွက်လာလေလေပဲ။
ကျွန်တော့်ရဲ့ အမြင်အနေနဲ့လည်း မှန်တွေကို သဘောမကျတတ်ဖူး..
ဒါပေမယ့် နံရံပေါ်ကအရိပ်ကိုလဲ မကြိုက်ပြန်ဖူး
ဒါပေမယ့် ကို့ကိုကို ဆင်ခြင်သုံးသပ်နိုင်ဖို့နဲ့
မညှာတမ်းဝေဖန်နိုင်ဖို့တော့ မှန်ကြည့်ဖို့လိုလိမ့်မယ်ထင်တယ်
Nice Essay!
မြောင်းကောင် ကိုယ့်စာကိုယ်ရေး
စာတွေသိပ်မဖတ်နဲ့
အမြင်ကပ်စရာ စကားတွေပိုပိုပြောတတ်လာတယ်
ပြီးတော့
၈ျီမှာ မတွေ့လို့
ဒီမှာ ပဲရေးခဲ့မယ်
(ဆော်တီး မိညီမ)
တီ့အကြွေးတွေ လာဆပ်အုံး
၁) ပုံ
၂) ဗေဒါ ကဗျာများ
ဂျူးရဲ့အရေးအသားဆန်တယ်လို့ခံစားမိတယ်။မဟုတ်ရင်လည်းမပြောတတ်ဖူးနော်၊အဲ့
လိုအရေးအသားမျိုးရင်းနှီးနေလို့။ခင်နှင်းယုမဟုတ်တာတော့သေချာပါတယ်။မိုးမိုးအင်းလျားလည်းမဟုတ်ဘူး။သေချာတာကတော့ နန်းညီဆိုတာပါပဲ။
အရာရာတိုင်းမှာ အခြားတဖက်ကဆင်ခြင်ကြည့်ပေးမယ်ဆို၇င်တော့
မပြေလည်မှုတွေ နည်းသွားမှာအမှန်ပါပဲ။
အိမ်က ဟိုပြောင်းလိုက်ဒီပြောင်းလိုက်နဲ့
အာရုံနောက်လာပြီနော်
ငါဟိုဘက်မှာ ဖတ်နေတုန်း.. သူဒီဘက်လာရေးတယ်.. ဟင့်..
အဲဒီကျမကိုရော. ကျမရဲ့ အခြားတဖက်ကိုရော ချစ်တယ်ဟာ..
တော်တော်ကို နက်နက်နဲနဲ တွေးပြီး လေးလေးနက်နက် ရေးထားတဲ့စာမို့ ကျေကျေနပ်နပ် ဖတ်လိုက်တယ်…
“မှန်များထက်စာလျှင် နံရံများက ပိုပြီးရိုးသားသည်ဟု ကျမ ထင်မြင်ပါသည်.. နံရံမှာပြန်၍ ထင်ဟပ်နေတတ်သော အရိပ်သည် ကျမ၏ အရိပ်မဟုတ်လား…”
အဲဒီအရိပ်မည်းက တစ္ဆေလိုလည်း ခြောက်လှန်တတ်သတဲ့…
းဝ)
(တီချမ်းရဲ့ ကဗျာဖတ်ပြီး လိုက်လာတာ မိညီရေ…)
မှန်ကိုဘယ်လောက်သေချာကြည့်ကြည့်မှန်ကိုမမြင်ရဘူး အဲ့ဒါမှန်ပဲ