ဘယ်နှနာရီရှိနေပြီလဲ.. ညသည် အချိန်နာရီတို့ကို မသိနိုင်လောက်အောင်ပင် မှောင်ပြီးရင်းသာ မှောင်လျက်ရှိသည်.. လက်ကို ရှေ့ဆန့်တန်းထုတ်လိုက်လျှင်ပင် ပြန်၍ မမြင်ရနိုင်.. ပတ်ပတ်လည်ကို စမ်းကိုင်ကြည့်လျှင်လည်း ဘာကိုမှ တွယ်ညိမမိနိုင်ဘဲ လေဟာပြင်ကြီးထဲမှာ စမ်းတဝါးဝါးဖြင့် ကြောက်ရွံ့၍လာသည်.. ပကတိအမှောင်.. ခပ်မှုန်မှုန်ပင် ဖြစ်ပါစေဦး.. အလင်းတစ်ခုလောက်တော့ ခဏလေးမြင်ချင်နေပြီ.. လူသားအဖြစ် လူ့ဘဝလောကကြီးနှင့် ဆက်သွယ်နိုင်ဖို့ အလင်းတစ်ခုခုလောက်.. ခဏလေးဖြစ်ဖြစ်ပါကွယ်..
ညနက်တိတ်ဆိတ်မှာ မိုးစက်များကျသံသည် ပို၍ကျယ်လောင်နေသလို ချောက်ချားစရာလည်းကောင်းနေသည်.. ဘယ်နှနာရီရှိနေပြီလဲ.. နောက်ကျနေပြီထင်သည်.. အမောတကောစိတ်လောနေပြီး ချမ်းလည်းချမ်းလှပြီ.. မိုးစက်များ ကိုယ်ခန္ဓာပေါ်သို့ တစ်ပေါက်ပေါက်ကျနေခြင်းသည် အစပိုင်းတွင်တော့ နာကျင်ခံစားရစေကာ စိတ်အနှောင့်အယှက်ဖြစ်နေရသော်လည်း အခုတော့ ခံစားမှုမဲ့ကာထုံကျင်လာပြီး အေးစက်တုန်ရီနေခြင်းတစ်ခုသာ စိတ်မှာကျန်လျက် အခြားဘာကိုမှ မသိနိုင်တော့.. နွေးထွေးမှု တစ်ခုခုများ ရှေ့မှာတွေ့ရမလား.. ဆက်လျှောက်ရမည် ထင်သည်.. စမ်းတဝါးဝါး ယိုင်နဲ့သောခြေလှမ်းများဖြစ်သော်လည်း လျှောက်တော့လျှောက်ရဦးမည်.. နွေးထွေးမှု.. စိတ်သက်သာစေခြင်း.. တစ်ခုခုတော့ တွေ့လိုတွေ့ငြား..
စကားပြောသံတစ်ခုကို ကြားလိုက်ရသလို စိတ်မှာထင်မိသည်.. ရယ်မောလိုက်သလိုလိုပဲ.. ဟုတ်ရဲ့လား.. ကိုယ့်ကိုယ်ကိုယ်ပြန်ဆန်းစစ်ကြည့်တော့ မသေချာလှပြန်.. ဟုတ်ပါ့မလားကွယ်.. ကိုယ့်ကမ္ဘာမှာ ရယ်မောသံများ ကင်းဝေးနေတာဘယ်လောက်ကြာနေပြီလဲ.. ချောက်ခြားလွန်းသောစိတ်က တောင့်တလိုက်သော အသံကို နားက ပြန်ပြီးကြားယောင်ပေးနေတာများလား.. ဟာ- ဟင့်အင်း.. မဟုတ်သေးဘူး.. ရယ်သံ.. သေချာပါတယ်.. ကိုယ့်နားက ကြားလိုက်ရတာ ရယ်သံပါ.. တစ်ခုထဲတောင်မဟုတ်.. ရယ်သံတွေ အများကြီး.. ပြီးတော့ စကားသံတွေ.. လူတွေရဲ့အသံတွေ.. အားတက်သွားရပြန်သည်.. နီးလာပြီလား.. စကားသံများ ရယ်သံများကို မကြားရတာ နှစ်ပေါင်းများစွာချီပြီး ကြာနေပြီဟု ထင်ရသည်.. ၂ နှစ်လား ၃ နှစ်လား.. ဒါမှမဟုတ် ၁၀ နှစ် အနှစ် ၂၀ များလား.. ဒီထက်ပိုသေးလား.. မသိ.. မသိ..
သေချာစွာ နားစိုက်ထောင်ကြည့်လိုက်ပြန်တော့ ရယ်မောသံများသည် လိုလားချိုသာသော ရယ်သံများမဟုတ်ဘူးလိုလို.. လှောင်နေကြတာများလား.. ကပျက်ကချော်ရယ်သံတွေလား.. ရယ်သံများသည် လှိုက်လှဲစစ်မှန်မှု မရှိသလို.. ကြားနေရသော စကားသံများကလည်း စကားတင်းဆိုနေသံတွေလား.. ကဲ့ရဲ့ရှုတ်ချနေသော စကားများလား.. ကြိုဆိုသော ဝမ်းသာသော လှိုက်လှဲသော နွေးထွေးသော စကားသံများ မဟုတ်ပြန်ပြီ.. အို အို.. ကိုယ်လမ်းမှားလာပြန်ပြီလားကွယ်.. ကိုယ်ရှာဖွေနေတာက ဒါမဟုတ်သေးဘူး.. နီးလာပြီဟု အားတက်သော ခြေလှမ်းများ ရပ်တန့်သွားရပြန်သည်.. နောက်ပြန်လှည့်မှ ဖြစ်မည်ထင်သည်နော်.. ဒေါသသံများ ဆဲဆိုအော်ဟစ်မှုများ မကြားရခင် လာရာလမ်းအတိုင်း ပြန်လှည့်မှဖြစ်မည်.. အမှောင်ထဲမှာပေမယ့် နောက်ပြန်ကွေ့ချိန်မှာ နံရံများဖြင့် ဝင်တိုးမိပြန်သည်.. အနာတရဖြစ်ရပြန်ပြီလေ.. ထိုနံရံများဖြင့် ကပ်တွယ်လျက် လျှောက်လှမ်းမည်ကြံပြန်တော့ နံရံများရုတ်တရက်ဆုံးသွားကာ လေဟာနယ်ကြီးထဲ ပြန်လွင့်မျောနေရပြန်သည်.. အရပ် ၄ မျက်နှာကို လက်ဆန့်တန်းကာ အတွယ်အမှီရှာဖွေသော်လည်း မတွေ့ရပြန်…
လမ်းများမှားနေသလားဟု တွေးမိကာ အရပ်မျက်နှာများကို မှတ်သားဖို့ အရူးအမူး ကြိုးစားနေတာ မိုက်မဲလွန်းရာများ ကျနေမလားမသိ.. အရှေ့အရပ်လား.. ကိုယ့်ဝင်လေထွက်လေများ သက်ဆင်းရာ.. ပြီးတော့ ကိုယ့်နှလုံးသား ရှိတဲ့ဘက်ခြမ်း.. ပြီးတော့ ကိုယ့် ပါးပြင်ကိုလေတိုးနေတဲ့ဘက်.. ပြီးတော့ ကိုယ်မသိနိုင်သော ကိုယ့်နောက်ကွယ်.. ဒါကရော တောင်ဘက်လား.. ဒါက မြောက်လား.. အပေါ်လား အောက်လား.. ဓူဝံကြယ်ရှိရာအရပ်က မြောက်အရပ်တဲ့.. ဘယ်မှာလဲ ဓူဝံကြယ်.. အလင်းရောင်အစအနလေးပင်မမြင်နိုင်သော အသံတိတ်ဆိတ်လျက်ရှိသော ဟင်းလင်းပြင်ကြီးထဲမှာ ဓူဝံကြယ်ရှာဖွေနေရင်း မောပန်း၍သာ လာတော့သည်.. ကိုယ်ဟာ မရနိုင်တာကိုမှ အတင်းကြိုးစား ပိုင်ဆိုင်ချင်နေသူလား.. လိုချင်နေတာကဖြင့် ခိုင်ခိုင်မြဲမြဲကမ်းလိုက်မယ့် နွေးထွေးသော လက်တစ်ဖက်ရယ်ပါ..
ခြေလှမ်းများ ပို၍ ယိုင်နဲ့လာပြီ.. မျက်ရည်ပူများကျလျက်ရှိသော မျက်လုံးများကလည်း သေချာစွာမမြင်နိုင်တော့.. တကယ်တော့လည်း ဘာကိုမှ မြင်နိုင်သည်လည်း မဟုတ်.. ရုတ်ခနဲ.. ဟို ခပ်ဝေးဝေးမှာ လက်၍ လက်၍ အလင်းလေး တစ်ခုကို မြင်လိုက်ရသလိုထင်ပြန်သည်.. ဟုတ်မှဟုတ်ရဲ့လား.. စူးစမ်းစိတ်ဖြင့် ထိုနေရာကို ဦးတည်လှမ်းလိုက်သော ပထမခြေလှမ်းမှာပင် အလင်းရောင်လေးက ဖျတ်ကနဲပျောက်သွားပြန်သည်.. ဦးတည်ရာ.. ကိုယ်ဘယ်ကို ဦးတည်၍ အချိန်မှီအောင် သွားနေသည်လဲ.. တွေးတော၍မရတော့.. ဦးနှောက်များပါ ထုံထိုင်းလျက်ရှိနေပြီထင်သည်.. မိုးစက်များပို၍ သိပ်သည်းစွာ ကျလာပြန်၏.. ထုံကျင်ခြင်း၏အစွန်းတစ်ဖက်၌ ဘယ်အရာကို ခံစား၍ ရနိုင်ပါသေးလဲ.. ထုံကျင်အေးစက်လွန်းလျှင် ခံစားမှုမဲ့သွားမည်ဟု မှားယွင်းစွာတွေးခဲ့မိပြီး အခုတော့ ထုံကျင်ခြင်းကလည်း သပ်သပ် ခံစားနာကျင်နေရခြင်းကလည်း သပ်သပ်သာဖြစ်လျက် ဝေဒနာသည် အဆုံးမဲ့နေတော့၏..
လဲပြိုကျသွားတော့မည်လား.. ခန္ဓာကိုယ်သည် မတ်မတ်ရပ်တည်ဖို့ကို မတတ်နိုင်တော့.. မိုးစက်များကလည်း မညှာမတာကျဆဲ.. အေးလှပြီ.. မောလှပြီ.. အချိန်မမှီတော့ဘူးဟု လက်လျှော့ချင်လာသည်.. နွေးထွေးချင်လှပြီ.. မြဲမြံစွာ ဆုပ်ကိုင်နိုင်သော လက်တစ်ဖက်ကို ပြင်းပြင်းပြပြ တောင့်တမိနေပြီ.. ကမ်းလိုက်ပါတော့.. ကူပါတော့.. အလင်းတစ်ခုခုဖြစ်ဖြစ် ပြလှည့်ပါတော့ကွယ်..
အက်ဆေးလိုလို ဘာလိုလိုများ ဆိုတာကို ဖတ်မိတော့ ဇော်ဝင်းထွဋ်ရဲ့ ဘာလိုလိုကို ဘာရယ်မဟုတ် သတိရသွားတယ်….
အမှောင်ထဲမှာပေမယ့် နောက်ပြန်ကွေ့ချိန်မှာ နံရံများဖြင့် ဝင်တိုးမိပြန်သည်.. အနာတရဖြစ်ရပြန်ပြီလေ..
ညီရေ အဲ့ဒါပဲ လျှောက်ပြီးတဲ့လမ်း နောက်ပြန်မလှည့်နဲ့ သိလား
ဆက်လျှောက်..
ငါ …. အလင်းတစ်ခုလောက်ရချင်မိ ခဏလေး … ဆက်သွယ်ဖို့
အဲ့စာသားလေးတစ်ကြောင်းကနေ ခွဲထွက်လာတယ်လို့ ထင်တာပဲ
မုန်တိုင်းထန် မိုးသည်တဲ့ည ငါ့မျက်လုံးတို့ကွယ်ပြီး ကန်းသွားလား…
ဖတ်ရတာမောလိုက်တာ
ကြည်အေး ရဲ့ နွမ်းလျအိမ်ပြန်နဲ့
နေဝင်းမြင့်ရဲ့ အတောင်ကျွတ်ငှက် တွေကို သတိရမိတယ်
စကားမစပ် ညီ့ ဝတ္ထုကလဲ ရှမ်းဘာသာ က ဝတ္ထု ကိုခိုးထားတာတော့ မဟုတ်ဘူးမှလား
စတာ
နော်
စိတ်
မ
ဆိုး
နဲ့