ကော်ဖီဆိုင်ပုံပြင် (၂)08-12-2009 | 01:00:18 | 13 Comments

ဒီနေ့ ကြည်သာနဲ့ တွေ့ခဲ့သည်.. ထုံးစံအတိုင်း အာကာမပါဘဲ တစ်ယောက်ထဲ.. အမြွှာမောင်နှမတွေဖြစ်ပေမယ့် ဘာကြောင့်မှန်းမသိဘဲ ကြည်သာနှင့် အာကာသည် ဘယ်တော့မှ ကိစ္စတစ်ခုကို အတူတူတွဲမလုပ်ချင်တတ်.. သို့သော် ဖြစ်ချင်တော့ သူတို့ ၂ ယောက်က ဝါသနာတွေ အတွေးတွေကလည်းတူနေပြန်သေးသည်.. ကျောင်းကို ၄ နှစ်တိတိ ၂ ယောက်တူတူတက်ခဲ့ရတာတောင် မနည်းအောင့်အီးသည်းခံနေရသည့်ပုံ.. ကျောင်းမှာလည်း အတူတူတွဲလျက်နေတာကို သိပ်မတွေ့ရ.. ခုလည်း ကြည်သာတစ်ယောက်ထဲ ကော်ဖီဆိုင်တစ်ခုထဲက ထွက်လာတာကို မြင်လိုက်ရသဖြင့် လှမ်းနှုတ်ဆက်လိုက်တာ.. ကြည်သာက အားရဝမ်းသာ ပြန်နှုတ်ဆက်ပေမယ့် မတွေ့တာကြာသည့် လူတစ်ယောက်ကိုနှုတ်ဆက်ပုံနှင့်မတူ.. မနေ့တနေ့ကလူကို ပြန်တွေ့ရသလို မထူးခြားသလိုပဲ..

ကြည်သာသည် အရင်လိုပဲ ဖျတ်လတ်နေသည်.. တက်ကြွရွှင်လန်းလျက်ရှိသည်.. ကြည်လင်နေသည်.. ပြီးတော့ အရင်လိုပဲ ကလေးဆန်ဆန်စကားပြောတုန်းပဲ.. ကလေးဆန်လွန်းသော်လည်း လိမ္မာပြီး ချစ်စရာကောင်းသော မိန်းကလေး.. ကြည်သာ ဘယ်တော့မှ လူကြီးမဖြစ်တော့ဘူးလားလို့ မေးတော့ အရင်လိုပဲ ဟက်ဟက်ပက်ပက်ရယ်မောပြန်သည်.. “ကိုကိုကလည်း အမြဲဒါပဲမေးနေတော့မှာလား”လို့ ကိုယ့်ကိုတောင်ပြန်ပြီး လှောင်ရယ်ချင်နေသေး၏.. မတွေ့တာ ၂ နှစ်နီးပါးဖြစ်ခဲ့ပေမယ့် ကြည်သာသည် ကိုယ့်ကို ရင်းနှီးခင်မင်မြဲ.. ကိုယ်ကရော.. ကိုယ်ကလည်း ကြည်သာ့ကိုမြင်တိုင်း အရင်လို လှိုက်မောရင်ခုန်ဆဲပါပဲလား..

ကြည်သာအလုပ်တွေ အဆင်ပြေလားမေးတော့ သူ့ဘာအလုပ်လုပ်နေလဲ ကိုယ်သိလို့လားလို့ ပြန်လှန်မေးခွန်းထုတ်နေသေးသည်.. ကြည်သာတို့နှင့် ဝေးကွာသွားသည့်  ၂ နှစ်အတွင်း ဘယ်တုန်းကမှ ကြည်သာ့သတင်းကို မပြတ်ခဲ့ဘူးဆိုတာ ယုံမည်မထင်၍ ကိုယ်မပြောလိုက်တော့.. အာကာရော ကြည်သာပါ ဘွဲ့ရပြီးတော့ အလုပ်တူတူဝင်သေးတာ.. ၆ လမပြည့်ခင်ဘဲ အလုပ်ထွက်၍ အာကာက နိုင်ငံခြားသားပိုင်ကျောင်းတစ်ခုမှ ပန်းချီနည်းပြဆရာဝင်လုပ်နေတာ.. ကြည်သာက အွန်လိုင်းတွင် ကာတွန်း character လေးတွေရောင်းသည့် ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာ.. သူတို့ မောင်နှမ အရင်လိုပဲ တကျက်ကျက်ရန်ဖြစ် ငြင်းခုန်တတ်တုန်းပဲဆိုတာ.. အာကာ ကျောင်းတုန်းက ကောင်မလေးနဲ့ လမ်းခွဲသွားတာ.. ကြည်သာ အရင်လိုပဲ ကောင်လေးတွေကို မယုံတတ်သေးဘူးဆိုတာ.. .. ကြည်သာ မသိဘူးလား.. ကိုယ် ကြည်သာ့ကို ဘယ်တုန်းကမှ စိတ်ထဲကထုတ်မထားတတ်ခဲ့ဘူး..

“ကိုကိုတို့ အိမ်ဘက်မှာ ခု ကြောင်ရှိနေတယ် သိလား.. ဒန်တီနဲ့ကတော့ တကယ့်ရန်ပဲပေါ့.. မနည်းဆွဲဆွဲထားရတယ်” လို့ ဆိုလာပြန်တော့ ခွေးကြီးကို မနိုင်မနင်းဆွဲပြီး ရန်ဖက်ဖြစ်နေဦးမယ့် ကြည်သာ့ပုံစံကို မြင်ယောင်လာမိပြီး ရယ်ရပြန်သည်.. ကိုယ်တို့ အရင်နေသည့်အိမ်ဘက်ကို ပြောင်းလာသည့် လူသစ်များကို ကြည်သာ သိပ်ကျေနပ်ပုံမရ.. မျက်နှာကလေး ရှုံ့မဲ့လျက် တစ်ခုပြီးတစ်ခု မကောင်းကြောင်းသာဆိုနေသည်.. ကြောင်မွေးထားသဖြင့် သူ့ခွေးကြီး ဒန်တီနှင့် မတည့်သည့်အကြောင်းက အများဆုံးဖြစ်မည်ထင်သည်.. ကြည်သာက ဒီလိုပဲ.. အကြောင်းအရာသေးသေးလေးတွေကိုပင် မညီးမညူနားထောင်ချင်အောင် ပြောတတ်သည်..

တစ်ခုတော့ ထူးဆန်းသည်.. ငယ်ငယ်ကတည်းက ခြံချင်းကပ်လျက်နေထိုင်ခဲ့ပြီး အင်မတန်ပင် ရင်းနှီးခင်မင်ခဲ့သော်လည်း အိမ်ပြောင်းသွားပြီး ဝေးကွာသွားသည့် ၂ နှစ်အတွင်း အာကာနှင့် ကြည်သာသည် ကိုယ့်ကို ဖုန်းတောင်မဆက်ခဲ့.. သူတို့ မိဘများနှင့် ကိုယ့်မေမေကတော့ အဆက်အသွယ် ရှိကြသေးသည်ထင်သည်.. ကိုယ်ကလား.. ကိုယ်ကတော့ ဝေးကွာချင်လို့ပင် တမင်ပြေးခဲ့သူဆိုတော့ ဆက်သွယ်ဖို့ကို ရှောင်ဖယ်နေခဲ့မိတာ.. ဝေးဝေးနေလျှင် ကြည်သာ့ကို မေ့နိုင်မည်ထင်ထားပေမယ့် ကိုယ့်မေမေဆီမှ.. ပြီးတော့ ပတ်သက်ရာနေရာများမှ တဆင့်သိရသည့် ကြည်သာ့အကြောင်းများစွာတို့က ကိုယ့်စိတ်ကို နွေးထွေးစေမြဲ.. ကြည်သာ့ကို မမေ့အောင်ပြုလုပ်ခဲ့ကြသည်.. တခါတလေတော့လည်း ကြည်သာနှင့်ဝေးရာကို ရှောင်ပြေးဖို့ မလိုဘူးထင်တယ်လို့ တွေးမိသားပဲ.. ဒါပေမယ့် အဲ့ဒါက တခါတလေသာဖြစ်ပြီး လူကတော့ အဆက်အသွယ်လည်းမလုပ်ဘဲ ရှောင်ဖယ်၍သာ နေခဲ့မိသည်..

ပလက်ဖောင်းပေါ်မှာရပ်ပြီး စကားပြောနေရတာမို့ ကော်ဖီဆိုင်ထဲသွားမလားလို့ မေးတော့ ဆိုင်ထဲက ခုမှထွက်လာသည့်ကြည်သာက မသွားချင်ဟု ငြင်းသည်.. အိမ်ပြန်မှာလား ကိုယ်လိုက်ပို့မယ် ဆိုပြန်တော့လည်း မပို့နဲ့ဟု ငြင်းသည်.. တခြားမုန့်တခုခု စားမလား လိုက်ကျွေးမယ်ပြောပြန်တော့လည်း မစားချင်ဟု ငြင်းသည်.. ဘယ်တော့မဆို စားဖို့သောက်ဖို့ တက်ကြွနေတတ်သည့် ကြည်သာက အနေဝေးသွားပြီဖြစ်တဲ့ ကိုယ့်ကို မခင်မင်တော့လို့ ငြင်းပဲငြင်းနေတာလားလို့ စကားနာထိုးပြန်တော့လည်း မဟုတ်ပါဘူးဟု ငြင်းပြန်၏.. ဒီနေ့အဖို့ ကြည်သာက ငြင်းပဲငြင်းနေတော့မည်ထင်သည်..

အရင်ကဆိုလျှင် ဘာစားချင်စားချင် “ကိုကိုလိုက်ဝယ်ကျွေး”ဟု ကြည်သာက ပူဆာတတ်သည်.. သိပ်ကြိုက်သည်ဆိုသော ဂျယ်လီပင်လျှင် အာကာဝယ်လာတာဆို မကောင်း.. ကိုယ်ဝယ်လာပေးတာကမှ အကောင်းစား.. အရသာကောင်းသည် ဖြစ်ရတတ်သည်.. သူ့ အိမ်မှာလုပ်ကျွေးသည် ရှမ်းခေါက်ဆွဲသည် မကောင်း.. ကိုယ့်မေမေလုပ်ကျွေးသည်ကမှ စားကောင်းသည်ဟု ချွဲတတ်သေးသည်.. အမေတစ်ခု သားတစ်ခု ကိုယ်တို့အိမ်သည် ကြည်သာတို့မောင်နှမကြောင့် စိုစိုပြေပြေပျော်ရွှင်ခဲ့ရသည်ကတော့ အမှန်ပါပဲ.. မတည့်အတူနေ သူတို့မောင်နှမသည် တစ်ယောက်က ကိုယ်တို့အိမ်ရောက်နေလျှင် နောက်တစ်ယောက်ကပါ ဟိုဘက်အိမ်မှာမနေဘဲ လိုက်ကူးလာတတ်သည်.. သမီးမရှိသော ကိုယ့်မေမေက ကြည်သာ့ကို အရေးပေးလွန်းပြီး ဘက်လိုက်တတ်ပြန်တော့ ကိုယ်က အလိုလိုပင် အာကာ့ဘက်တော်သား ဖြစ်သွားရတတ်၏.. တစ်ခါတလေ အိမ်နှင့် စိတ်ကောက်လာတတ်သောအခါ အာကာက “လာ ကိုကို လက်ဘက်ရည်ဆိုင်သွားမယ်”လို့ ခေါ်တတ်ပြီး ကြည်သာကတော့ ကိုယ့်မေမေရင်ခွင်ထဲ ခေါင်းတိုးဝင်ရင်း ခပ်တိုးတိုး ငိုရှိုက်တတ်လေသည်..

“ကိုကို ကိစ္စရှိရင် သွားလေ.. နောက်မှ ဖုန်းဆက်မယ်” လို့ ကြည်သာက နှုတ်ဆက်ချိန်ထိ ကိုယ့်အလုပ်ကိစ္စကို သတိမရတာအမှန်ပင်.. တကယ်တော့လည်း အလုပ်များကို ခဏမေ့ပြီး ကြည်သာ့ကို အိမ်ပြန်လိုက်ပို့ပေးချင်သေးသည်.. ကိုယ် မော်ဒယ်သိပ်မမြင့်လှသော စလွန်းကားလေးတစ်စီး ဝယ်လိုက်နိုင်ပြီဆိုတာ ကြည်သာသိလားမသိ.. ကိုယ် ကိုယ်တိုင်မောင်းသော ကားလေးဖြင့် ကြည်သာ့ကို လိုက်ပို့ပေးချင်သေးတာ.. အိမ်မှာ အာကာရှိနေလျှင် တူတူလက်ဘက်ရည်ဆိုင်ထိုင်ချင်သေးသည်.. နောက်ဆုံးတစ်ခေါက်ကလို အတူတူ ဘီယာသောက်ချင်သေးသည်.. မူးလာရင် အာကာ ဘာတွေပြောဦးမည်လဲ.. ပြီးတော့ သူတို့ ဖေဖေ မေမေကို နှုတ်ဆက်ချင်သေးသည်.. “မင်းကလည်းကွာ နေနိုင်လိုက်တာ”လို့ အပြစ်တင်ကြမည်လားမသိ.. အဲလိုသာဆို အရင်လိုပဲ ၂ အိမ့် ၁ အိမ် ပြန်ပြီး ရင်းနှီးဆက်ဆံဖြစ်ကြမည်ထင်သည်.. သို့သော် အဲ့ဒီအကြောင်းတွေ ပြောမထွက်.. “အေးကွာ.. ကိုကိုလည်း အလုပ်ကိစ္စ ရှိနေသေးတယ်.. နောက်မှတွေ့တာပေါ့”လို့သာ ခပ်လောလောနှုတ်ဆက်ရင်း ပြန်ခဲ့မိသည်..

အိမ်ရောက်တော့မှ ဖုန်းနားထိုင်ရင်း ကိုယ်နောင်တ ရနေ၏..  ပြီးတော့ ဖုန်းဆက်ရကောင်းနိုး မဆက်ရနိုး ဝေခွဲမရဘဲ စိတ်လည်း ရှုပ်ထွေးလာပြန်သည်.. ဖုန်းဆက်ပြီး ဘယ်လိုပြောရပါ့.. ဘယ်သူနဲ့ စပြီးပြောရပါ့.. သူတို့အိမ်မှာကတော့ ဖုန်းဘယ်သူကိုင်ကိုင် ကိုယ်နဲ့ ပြောလို့ဖြစ်သည့်သူချည်းပင်.. အာကာ့ကိုပဲ ခေါ်တွေ့စကားပြောရမလား.. ကြည်သာ့ကိုပဲ ညနေကစကားတွေ အဆက်ပြောရမလား.. သို့မဟုတ် အိမ်ကိုပဲ သွားလိုက်ရမလား.. မေမေ့ကိုပါ ခေါ်ပြီးတော့လေ.. မဟုတ်သေးဘူးထင်သည်.. ဘာလုပ်ရမည်မသိဘဲ နောက်ဆုံးတော့ စိတ်ငြိမ်အောင်ဟူ၍ ဖတ်မိဖတ်ရာ ကောက်ဖတ်လိုက်မိသည့် စာအုပ်က ကြည်အေးကဗျာများ စာအုပ်ဖြစ်နေသည်.. အရှေ့ဆုံးစာမျက်နှာတွင် “အာကာ့စာအုပ်”ဟု ရေးထားသည့် ကြည်သာ့လက်ရေးကိုတွေ့ရသည်.. ကိုယ် ငှားဖတ်မိသည်လား.. သူတို့တွေ အိမ်လာတုန်းက ယူလာတာပဲလား.. ပြန်လည်းမပေးမိဘဲ အိမ်ပြောင်းချိန်အထိ ပါလာသောစာအုပ်.. ကိုယ်တို့ ၃ ယောက်လုံး သဘောကျမိသော “နှုတ်နှေးမိသည်” ဆိုသည့် ကဗျာလေးကို ထိုင်ရွတ်နေမိ၏..

မောင်နှင့်တွေ့လျှင်၊ ချမ်းမြေ့ပျော်လည်း၊ သူဝမ်းနည်းပြန်
မသဲမကွဲ၊ နှစ်ယောက်တည်းပင်၊ မိုးဖွဲ့နုညက်၊ ဆံနွယ်ခက်ကြားတစ်စက်တစ်စက်၊ လျောသက်တွယ်ခို၊ ညို့ညို့လဲ့မှောင်၊ ကော့မျက်တောင်မှ
ဝေ့ယောင်သီဝဲ၊
မျက်ရည်ပဲလား၊ မသဲမကွဲ၊ မိုးရေပဲလား
ဆိုရဲခက်ခက်၊ မမေ့ရက်လို့၊ ပင့်သက်ပူနွေး၊ မှိုင်မောငေးဆဲ

နွဲ့ထွေးနှမ၊ ပြုံးအေးမြတော့၊ နောင်တ နောက်ကျရပြန်သည်။ ။


အပိုင်း(၁) ဖတ်ရန်
အပိုင်း(၃) ဖတ်ရန်

13 Responses to “ကော်ဖီဆိုင်ပုံပြင် (၂)”

  1. ဆက်ရေးပါညီ..
    သိပ်တော့ ဇတ်ရည်မလည်သေးဘူး..
    ဇတ်ကောင်ဘယ်နှစ်ယောက်မှန်းမသိရသေးသလိုဖြစ်နေတယ်..

  2. နောက်ထပ်ဆက်ရန် မြန်မြန်လေးဗျို့………..

  3. ဖတ်ပြီးမှ နောင်တရနေတယ် .. ဆန့်ငင်ဆန့်ငင်ဖြစ်နေလို့ .. =)
    ကျနော်က တစ်ခါတည်း တပြိုင်တည်း ဖတ်ချင်တာဗျာ .. အခုက ဆန့်ငင်ဆန့်ငင်ဖြစ်နေတယ် ..
    ဒီလိုမှန်းသိ ပြီးတဲ့အထိ စောင့်ပြီးမှ အားလုံးကို ပေါင်းဖတ်လိုက်ပါတယ် .. =)
    ဒါပေမယ့် ဖတ်ပြီးသလောက်ကတော့ တကယ်ကောင်းတဲ့ ဒီဇင်ဘာအတွက် ၀တ္တုတစ်ပုဒ်ဖြစ်လာလိမ့်မယ်လို့ ထင်နေမိတယ် ..

  4. လာပြီ လာပြီ
    အယ်ရှားတော့ ပါလာပြီ
    ရင်နွေးလဲတွေ့ပြီ

    စကားမစပ် ဒန်တီလား
    တီ က ဘရောင်နီ မှတ်နေတာ

  5. ဒီလောက်ထိလည်း ကောင်းတယ် မကောင်းဘူးပြောမရသေးဘူး
    (ကြည်သာ အရင်ကလို ကောင်လေးတွေကို မယုံတတ်သေးဘူးဆိုတာ … ကြည်သာမသိဘူးလား … ကိုယ်ကြည်သာ့ကို စိတ်ထဲကဘယ်တော့မှ ထုတ်မထားတတ်ဘူးဆိုတာ ) တဆက်ထည်းဖတ်ကြည့်လိုက် … ကြည်သာအရင်ကလို ကောင်လေးတွေကို မယုံတတ်သေးဘူးဆိုတာ ကြည်သာမသိဘူးလား … ပုဒ်မချဟ ။ နင်ပြန်ဆင်ခြေတက်မှာငါသိတယ် ဒါ ..အတွေးလေလို့ .. :P

  6. ဘာလိုလိုနဲ့ ငါတောင် အပိုင်းသုံးကို မျှော်နေမိပါပေါ့လား……

  7. ကျေးဇူးပါ.. တီမြိုး.. လေတံခွန်.. မမဇော်.. တီချမ်း.. ကိုကြီးနဲ့ ကိုနွယ်ရိုး

  8. ဇာတ်လမ်းဆုံးမှ မန့်မလို့ဟာ.. မနေနိုင်အောင်လုပ်တယ်.. မြန်မြန်ရေးပါ မမနီညန်း…

  9. မြောင်းပြောမှကြည့်မိတယ်
    တပုဒ်လုံး ပုဒ်ထီး ပုဒ်မ တခုမှမပါဘူး
    တီစာရေးသလိုပဲ
    အဲ့တာ မော်ဒန် မောင်မြောင်းရဲ့
    နာမည်ကျော်တွေက ဒီလိုပရြေးတယ်
    နောင်ကျရင် အဲ့လိုပဲလိုက်ရေးကြတော့မှာ
    ခေတ်ပဲ

  10. တီချမ်း >> ရယ်ရပါသည်

  11. [...] အပိုင်း (၂) ဖတ်ရန် အပိုင်း (၃) ဖတ်ရန် [...]

  12. [...] ဖတ်ရန် အပိုင်း(၂) ဖတ်ရန် အပိုင်း(၃) [...]

  13. [...] အပိုင်း(၁) ဖတ်ရန် အပိုင်း (၂)ဖတ်ရန် [...]

Leave a Reply