ကြည်သာ
ဆိုင်ထဲဝင်လိုက်တော့ ထိုကောင်လေး မျက်နှာက ပျော်ရွှင်မှုဖြင့် လင်းလက်သွားတာကို သတိထားလိုက်မိသည်.. ကြည်သာပျော်သွား၏.. အဲဒိကောင်လေး သိပ်ချစ်ဖို့ကောင်းသလိုပဲ.. ခပ်ပိန်ပိန် အသားညိုညိုဖြင့် ရော့ခ်သမားပုံစံကောင်လေး.. ကြည်သာ့ထက် အများဆုံးကြီးလျှင်တောင် ၁ နှစ်ပဲ.. ကြည်သာသူ့ကို သဘောကျနေမိပြန်သည်.. ကြည်သာ့ကို အထူးအဆန်းဖြစ်နေတတ်သည့်ကောင်လေး.. ကြည်သာပြုံးပြတာလေးကိုပင် လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်တတ်သည့်ကောင်လေး.. ခင်မင်ခွင့်ရခဲ့လျှင် သူကလည်း အထူးအဆန်းတွေကြုံရသဖြင့် ပျော်ရွှင်ရမည်ဖြစ်ပြီး ကြည်သာ့အတွက်လည်း စိတ်ကိုကြည်လင်စေမှာအမှန်ပဲ.. ပြီးတော့ သူ့အသံက သဘောကျဖို့ကောင်းသည်.. သြရှရှခပ်ချိုချို.. ကြည်သာကြိုက်တတ်သော သီချင်းအမျိုးအစားများကိုလည်း ဆိုလေ့ရှိသူ.. ကြည်သာတို့ သူငယ်ချင်းကောင်းများဖြစ်နိုင်ကြမည်ထင်သည်နော်..
ကြည်သာသည် ကောင်လေးများစွာကို အလွယ်တကူသဘောကျလေ့ရှိပြီး အလွယ်တကူချစ်ခင်တတ်သူတော့ မဟုတ်.. သူငယ်ချင်းအဖြစ် ပေါင်းသင်းဖို့ ဝန်မလေးသလောက် ချစ်သူရည်းစားဆိုသည်ကို စိတ်ထဲကပင် လက်ခံလို့မရ.. ကြည်သာ ချစ်တတ်ပါသည်.. သို့သော် တစ်သက်လုံးချစ်ခင်နှစ်သက်သွားလို့ရမည့် ယောက်ျားဟူ၍ ရှာလို့မတွေ့သေး.. တကယ်တမ်းမချစ်နိုင်ဘဲနှင့် ချစ်ပါ့မည်လို့လည်း မညာချင်တော့ ကြည်သာ့အတွက် ရည်းစားဟူ၍ မရှိခဲ့သည်မှာ ဆန်းသည်တော့မဟုတ်ဘူးထင်ပါသည်.. ပြီးတော့ အပြောင်းအလဲ မြန်လှသော ကြည်သာ့စိတ်ကို နားလည်နိုင်ဖို့ သည်းခံနိုင်ဖို့လည်း ထိုယောက်ျားများအတွက် ခက်ခဲမည်မှာအမှန်.. အာကာနှင့် ကိုကိုက လွဲလို့ပေါ့လေ..
ကြည်သာ့မှာ ဖြစ်သမျှ အကြောင်းအရာနှင့် ခံစားချက်အစုံအလင်ကို အာကာ့ကိုပြောပြလေ့ရှိပြီး အာကာကလည်း နားမလည်သည့်တိုင်အောင် ခွင့်လွှတ်လိုက်လျောပေးတတ်မြဲ.. သို့သော် အမြင်ကပ်စရာကောင်းလောက်အောင်ပင် အာကာသည် ကြည်သာ့စိတ်ကို သိလျက်နှင့် လျစ်လျူရှုတတ်ပြန်သေးသည်.. ကြည်သာက တွယ်တာကြင်နာသလောက် ကြည်သာ့ကို ချစ်ခင်ယုယမှု မပြတတ်သူ.. ကြည်သာက ဆိုးနွဲ့ချင်သလောက် သူက အလိုလိုက်ခြင်းမရှိတတ်သူ.. ကိုကိုကတော့ အကြောင်းအရာတိုင်းကို မပြောပြပေမယ့် ကြည်သာ့ အပြုအမူလေးတစ်ခု၊ ကြည်သာ့စကားလေး တစ်ခွန်းနှင့်ပင် ကြည်သာ့စိတ်ကို မှန်းဆနားလည်နိုင်သူ.. ပြီးတော့ ကြည်သာ့ အနွံတာကိုလည်း အခံဆုံးလူတစ်ယောက်ဖြစ်လိမ့်မည်.. ဒါပေမယ့် ကိုကို့ဆီက ကြည်သာလိုချင်သည်မှာ ထိုအရာများမဟုတ်ခဲ့ပါ..
အနေအထိုင် အေးဆေးတည်ငြိမ်ပြီး ထူးချွန်ထက်မြက်သော ကိုကို့ဆီမှ ဦးဆောင်လမ်းပြမှုများကို ကြည်သာမျှော်လင့်ခဲ့သည်.. မှားနေလျှင် တားမြစ်စေချင်သည်.. မှန်တာကို ပြောပြပေးစေချင်သည်.. ကြည်သာ့ကို လွှမ်းမိုးချုပ်ကိုင်မှာကို လိုလားခဲ့သော်လည်း ကိုကိုကတော့ “ကြည်သာ့ သဘောပဲလေ”လို့သာ အမြဲပြောလေ့ရှိခဲ့တော့ ကြည်သာ စိတ်ပျက်မိတာတော့ အမှန်ပါပဲ.. တခြားကိစ္စတွေမှာ တည်ငြိမ်ပြတ်သားလှသော ကိုကိုသည် ကြည်သာနှင့်ပတ်သက်လျှင် ဘယ်တော့မှ ပြတ်သားသောဆုံးဖြတ်ချက်မရှိခဲ့.. ကြည်သာ့ စိတ်ကြိုက်သာလုပ်.. ဖြစ်လာသမျှ အကောင်းအကျိုး အကောင်းအဆိုးတိုင်းကို လက်သင့်ခံမည်ဟူသော ပုံစံဖြင့်သာ ကိုကိုနေထိုင်ခဲ့သည်.. နောက်ဆုံး ပြောရမည်ဆိုလျှင် ကြည်သာ့အပေါ်မှာ ထားသောစိတ်သဘောကိုတောင် ပွင့်လင်းစွာ ပြောပြဖို့ နှုတ်နှေးခဲ့သူ မဟုတ်လား..
ပိုက်ဆံရှင်း၍ ကော်ဖီခွက်ကိုယူပြီး လှည့်အထွက်မှာ ကောင်တာထောင့်နားမှာထိုင်နေသော ကောင်လေးကို တစ်ချက်ပြုံးပြလိုက်မိပြန်သည်.. သူကလည်း ထုံးစံအတိုင်း လက်တစ်ဖက်သာအသာမြှောက်ပြ၏.. မျက်လုံးများ တောက်ပပျော်မြူးလျက်.. အပြုံးက ရွှင်လန်းချိုမြလျက်.. အပြစ်ကင်းစင်စွာ ချစ်ဖို့ကောင်းနေသလိုပဲ.. ထိုကောင်လေးမျိုးနှင့် ချစ်သူရည်းစားဖြစ်ရလျှင်လည်း ကြည်သာ စိတ်ရှုပ်ရဦးမည်ထင်သည်.. ကြည်သာ့အပြုအမူ အနေအထိုင် အပြောအဆိုများကို နားလည်ပေးနိုင်ဖို့ သူ့အတွက် ခက်ခဲမည်မှာအမှန်.. ကြည်သာသည် သွားချင်ပြီဆိုလည်း ဘယ်သူ့ကိုမှ စောင့်ဆိုင်းအဖော်ပြုတတ်သူမဟုတ်.. ဘယ်သူ့ကိုမှ ပြောဆိုခွင့်တောင်းနေတတ်သူမဟုတ်.. တော်ကြာ ရည်းစားဖြစ်ပြီးမှ တစ်ယောက်ထဲ လုပ်ချင်ရာတွေ စိတ်ကူးတည့်သလိုလုပ်နေမိလျှင် ပြဿနာတက်ကြရဦးမည်.. ပြီးတော့ ကြည်သာသည် စကားများ ရန်ဖြစ်တတ်သူလည်းမဟုတ်ချေ.. အထင်လွဲမှားနေမှုများကို ချက်ကျလက်ကျ ချေပပြောဆိုတတ်သူလည်း မဟုတ်ဘဲ ထင်သည့်လူက ထင်ချင်ရာထင်ပြီး ကြည်သာကလည်း လုပ်ချင်ရာလုပ်နေတတ်သူသာဖြစ်သည်..
“ကြည်သာ အဲလို ထင်ရာတွေလျှောက်လုပ်နေရင် တစ်နေ့ဒုက္ခတွေ့လိမ့်မယ်”.. တစ်ယောက်ထဲ ထောက်ကြံ့ဘက်ကို ကားမောင်းသွားပြီး ဖရဲသီးတွေဝယ်စားခဲ့သောနေ့က အိမ်ပြန်ရောက်တော့ မေမေက ထိုသို့ ဆူပြောခဲ့ဖူးသည်.. မေမေဆူသည်ကို ကြည်သာ မငိုခဲ့ချေ.. ဖရဲသီးတွေအများကြီးကို စိတ်ထင်တိုင်းစားလာသဖြင့် ဗိုက်ထဲပြည့်အင့်နေတာတစ်ခုသာ ခံစားလို့ရနေသည်.. မထုံတက်တေးနှင့် သမီးငယ်ကို မေမေနှင့်ဖေဖေ စိတ်ပျက်စွာ ကားပေးမမောင်းတော့ဘူးဟု ပိတ်ပင်ပြန်တော့လည်း ဘယ်လိုမှ မခံစားရ.. လုပ်ချင်ရာလုပ်လာပြီးသဖြင့် ကျေနပ်ခြင်းသာ စိတ်မှာရှိနေသည်.. အာကာကတော့ “ဘာကိစ္စ အဲ့အထိ အဲ့လိုတွေသွားလုပ်နေရတာလဲ”ဟု မေးခဲ့သေးသည်.. တကယ်တော့ ဘာရယ်မှမဟုတ်ဘဲ စိတ်ကူးပေါက်သလို လုပ်ခဲ့ခြင်းသာဖြစ်သည်.. “ပျော်စရာကောင်းလား နောက်တစ်ခါ ငါနဲ့သွားကြမယ်ဟာ”တဲ့..
လှိုင်ဦးမော်သီချင်းကိုဆိုသံကြားတော့ ဘယ်လိုမှ မနေနိုင်ဘဲ စာဖတ်နေရာမှ ကောင်လေးကို မော့ကြည့်မိပြန်၏.. သူနှင့်ကြည်သာ နှစ်သက်သောသီချင်းများလည်း တူလွန်းလှသည်.. စည်သူနဲ့လိုပဲ.. ဒီကောင်လေးကတော့ စာဖတ်ရဲ့လားမသိ.. စည်သူကတော့ စာတွေလည်း အတော်များများဖတ်ပြီး အငြင်းအခုန်လည်း သန်လှသည်.. ဒုတိယနှစ်မှာ အာကာ ရည်းစား စထားတော့ ကြည်သာက စည်သူနှင့်ခင်ကာစ.. အဲ့ဒိတုန်းက စည်သူ့ကို သဘောကျခဲ့မိသေးသည်ထင်သည်.. သိပ်တော့မမှတ်မိတော့.. ကြည်သာသည် လူများစွာကို သဘောကျလိုက် မေ့လွယ်လိုက်နှင့်တစ်သက်လုံးနေလာသူမို့ စည်သူ့ကိုလည်း သဘောတော့ကျခဲ့ဦးမှာအမှန်ပင်.. ရင်ခုန်ပျော်ရွှင်ခြင်းတော့ မရှိခဲ့တာသေချာ၏.. ကမ္ဘာပေါ်မှာ ကြည်သာရင်ခုန်မက်မောရသူဟူ၍ တစ်ခါမှမကြုံဖူးသေး.. ကြုံရောကြုံလာပါဦးမည်လား..
တံခါးမှ တောင်ကနဲ အသံလေးကြားလိုက်ရသည်..
အာကာ၊ ကိုကို၊ အဆိုတော်… ခု.. စည်သူ… ဟုတ်တော့ ဟုတ်နေပါပြီ…
ဘယ်သူ့ကြိုက်တာလဲ..ဟင်
အပိုင်း (၅) မြန်မြန်လေးတင်ပေးပါဗျို့
ဘယ်သူနဲ့ အဆင်ပြေမလဲ တောင် မမှန်းတတ်တော့ပါဘူး…
ဇတ်ကောင်တွေများတယ။်
ခေါင်းတွေထူနေပြီ
Zကောင်များတာ ဟုတ်ဖူး.. တပိုင်းကို တစ်ယောက်စီဘက်က အမြင်ပုံစံနဲ့ ရေးလို့ အဲလိုဖြစ်သွားတာ.. အဟီး…
မူးနောက်နေတာပဲအေ..
[...] အပိုင်း(၄) ဖတ်ရန် [...]
အဟွန့် နောက်တစ်ခုရောက်ဖို့ နောက်တစ်ခါ ကလစ်ရဦးမယ်…… နံပါတ်၅ သို့ဆိုပြီး လင့်ပေးထားပါလားဗျာ………. ၁ ၂ ၃ တို့လိုမျိုးလေ…..