ဖုန်းကတ်ကလေးကို စက်ထဲသို့ ထိုးထည့်လိုက်သည်.. ပြီးတော့ ဂဏန်းပေါင်းများစွာကို နှိပ်ရပြန်၏.. ပြီးမှ အိမ်က ဖုန်းနံပါတ်လေးကို နှိပ်ခွင့်ရသည်.. 951+…. .. .. …. ဂဏန်းများနှိပ်ပြီးသည်နှင့် စက်က မိန်းကလေးသံဖြင့် သတိပေးပြီ.. `You have 26 Miniutes Left´.. သြော် ဒုက္ခပါလား.. ဖုန်းကဖြင့် ၀င်သည် မ၀င်သည် မသိသေး.. ဖုန်းကတ်က မိနစ်စဖြတ်နေပြီ..
ဖုန်းကတ်လေး တစ်ခုကို ၀မ် ၁ သောင်းပေးရသည်.. ဒေါ်လာအားဖြင့်ဆိုလျှင် ၁၀ ဒေါ်လာ.. ထိုကတ်လေးဖြင့် ထိုင်းကိုဆိုလျှင် ၁ နာရီကျော် စကားပြောလို့ရသည်.. အိန္ဒိယကိုတော့ မိနစ် ၉၀ ရသည်ဟုဆိုသည်.. အခန်းဖော်သူငယ်ချင်းဖြစ်သူ မွန်ဂိုသူလေးကတော့ ရောက်ကတည်းက သူ့ handset လေးထဲ ဖုန်းကတ်ဝယ်ထည့်ပြီး အသုံးပြုတာတွေ့သည်.. မြန်မာပြည်ကိုခေါ်လျှင်တော့ ဖုန်းကတ်တစ်ကတ်ကို နာရီဝက်ပဲ အသုံးပြုလို့ရသည်.. ဒါတောင် ရန်ကုန်ကုဒ်ရိုက်ထည့်ပြီးသည်နှင့် မိနစ်စဖြတ်ခြင်းဖြစ်သည်.. ဖုန်းခေါ်တာလာမကိုင်လို့ ကြာနေလျှင် ထပ်ဖြတ်.. ဖုန်းမ၀င်လျှင် မအားလျှင်ဖြတ်.. တကယ်တမ်း အိမ်က ဖုန်းကိုင်ပြီဆိုလျှင် စကားပြောချိန်က ၁၅ မိနစ် ၂၀ မိနစ်စာသာကျန်သည်.. အမေ့အသံ အဖေ့အသံ ကြားရရုံလေးတင်.. ဘာစကားမှ မပြောအားပါ.. မလွယ်ဘူးနော်..
Korea Asia Youth Camp အစီအစဉ်က အာရှ ၁၈ နိုင်ငံမှ လူငယ် ၂၀၀ ကို ၁ လတိတိ တွေ့ဆုံပွဲ camp လုပ်ခြင်းဖြစ်သည်.. မြန်မာတစ်နိုင်ငံလုံးရှိ လူငယ်များကို အင်္ဂလိပ်အက်ဆေးပြိုင်ခိုင်းပြီး စကာတင်ရွေး.. ထိုထဲကမှ လူတွေ့ထပ်ဖြေပြီး မြန်မာလူငယ် ၁၀ ယောက်ကို ကိုရီးယားသို့ ရွေးချယ်စေလွှတ်လိုက်သည်.. အက်ဆေးခေါင်းစဉ် ၅ ခုပေးထားသည့်ထဲကမှ Globalization and Youth ကိုရေးရမလား.. Cultural Exchanges in Asia ကို ရေးရမလား အတော်စဉ်းစားပြီးမှ Cultural Exchange ကိုရေးမည်ဟု ဆုံးဖြတ်ပြီး ရေးခဲ့တာ.. အရွေးခံရမယ်လို့တောင် မထင်ထား.. တကယ်တမ်း သွားရမည်လည်းဆိုရော အတော်လေး ပျော်သွားခဲ့သည်.. ကိုရီးယားသို့ တစ်လတိတိတောင် သွားနေရတော့မည်..
2006, August 7 တွင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Tower Hotel တွင် ကိုရီးယားအပါအ၀င် အာရှ ၁၈ နိုင်ငံမှ လူငယ်များ တွေ့ဆုံကြပြီ.. အိမ်ရှင်ကိုရီးယားလူငယ်များက ၅၀.. အားလုံးပေါင်း ၂၅၀ တိတိ.. စရောက်ရောက်ချင်းနေ့များတုန်းကတော့ ပျော်လိုက်သည့်ဖြစ်ခြင်း.. တစ်ခန်းထဲ အတူနေရသည်က ကိုရီးယားအစ်မကြီးတစ်ယောက်.. မွန်ဂိုအစ်မကြီးတစ်ယောက်.. ၃ ယောက်သား မိတ်ဆက်လိုက်..စကားတွေပြောလိုက်.. ရယ်လိုက်မောလိုက်ဖြင့် အိမ်ကို သတိမရအားသေး.. ဖွင့်ပွဲရက်.. လူအားလုံး ခန်းမကျယ်ကြီးထဲမှာ အချင်းချင်းမိတ်ဆက်.. စားကြသောက်ကြ.. သီချင်းဆိုကြ ကကြ.. ဂိမ်းတွေကစားကြနှင့်.. တီဗီစီးရီးတွေထဲတွင် မြင်ဖူးကြားဖူးခဲ့သည့် ကိုရီးယား အစားအစာတွေကိုလည်း တကယ်ပင် စားသောက်ရပြီ.. နိုင်ငံအချင်းချင်း ရင်းနှီးစေဖို့ လူတွေကိုခွဲကာ အဖွဲ့လုပ်ပေးသည်မို့ မြန်မာအချင်းချင်းပြန်လည် တွေ့ဆုံဖို့တောင် ခက်သွားပြီ.. နိုင်ငံအလိုက် activities တွေအတွက်သာ တွေ့ဖြစ်တော့သည်.. သို့သော် အဲ့ဒိတုန်းကတော့ ကိစ္စမရှိ.. Korea.. Kazakhstan.. Laos စသည့် တခြားတိုင်းပြည်ကလူတွေနှင့် အင်္ဂလိပ်လို ပြောရသည်ကိုက ပျော်စရာဖြစ်နေသေးသည်..
ပြင်ပလေ့လာရေးအနေဖြင့် ပထမဆုံး စသွားရသည်က ကိုရီးယားနောက်ဆုံးမင်းဆက်၏ Changdeok-gung နန်းတော်သို့.. အဲ့ဒိမှာ စပါပြီ.. ပြည်တော်လွမ်းချင်း.. နန်းတော်တဲ့.. ငါတို့ မန်းလေးက မြနန်းစံကျော်ကြီးလောက်လည်း မလှ.. မခမ်းနား.. ရှေးမှုလက်ရာတွေကလည်း ငါတို့လောက် မများပါဘူး.. ပြီးတော့ အရိပ်အာဝါသကလည်းမရှိ.. ပူလိုက်တာလွန်ရော.. ရှေ့ကရှင်းပြနေသည့် နန်းတော်ဧည့်လမ်းညွှန်ကလည်း အင်္ဂလိပ်စကားက မပီ.. ပြီးတော့ လူ ၂၀၀ ကျော်လုံးကြားအောင် သူ့ အော်လံလေးက မစွမ်း.. ဒီတော့ လူတော်တော်များများ သမိုင်းကိုစိတ်မ၀င်စားပါ.. ဟိုကြည့် ဒီကြည့်.. ခေါ်ရာနောက်သို့သာလိုက်နေရတာ.. ဖွင့်ပွဲနေ့ အဖွဲ့တွေခွဲတော့ တစ်ဖွဲ့ထဲအတူကျသည့် ထိုင်းမှ သူငယ်ချင်းကောင်လေး Sib က တီးတိုးအတင်းပြောသေးသည်.. `သူတို့သမိုင်း ငါတို့က စိတ်မ၀င်စားပေါင်ဟာ.. ပြီးတော့ ငါတို့နန်းတော်တွေလိုလည်း ကနုတ်တွေဘာတွေမရှိ´ တဲ့.. သူရော ကိုယ်ပါ ၂ ယောက်လုံးက ပန်းချီကျောင်းသားတွေမို့ ကိုရီးယားရှေးဟောင်းလက်ရာများတွေ့လျှင် ကူးဆွဲဖို့သာ စိတ်အားထက်သန်နေကြသည်..
နောက် တစ်ပတ်လုံးလုံး Congress တွေလုပ်.. အဖွဲ့လိုက်ဆွေးနွေးမှုတွေ.. ပြင်ပလေ့လာရေးတွေ.. နိုင်ငံအလိုက်လုပ်ရသည့် Presentation တွေဖြင့် အတော်လေးကို စိတ်မအားလူမအားဖြစ်နေရသည်.. မြန်မာစကားသံတွေကို လွမ်းစပြုလာပြီ.. မေကြီးချက်သည့် ဟင်းများကို သတိရနေပြီ.. သန်းခေါင်သန်းလွဲ ၂ နာရီလောက်မှအိပ်.. မနက် ၇ နာရီဆိုထ.. တစ်နေ့လုံး ပင်ပန်း.. ည ၁၀ နာရီဟိုတယ် ပြန်ရောက်လျှင်လည်း အိပ်လို့ နားလို့မရသေး.. မြန်မာအချင်းချင်း ပြန်တွေ့ပြီး နောက်နေ့အစီအစဉ်တွေအတွက် ပြင်ဆင် တိုင်ပင်ကြရသေးသည်.. နိုင်ငံတိုင်းမှ လူတိုင်း ပင်ပန်းလှပြီထင်ရ၏.. August 18 ရက်နေ့ကြတော့ တာဝါဟိုတယ်မှာ ပစ္စည်းတစ်ချို့ထားခဲ့.. တစ်ပတ်စာပစ္စည်းများသာ ထုပ်ပိုးကာ Gyeongju မြို့ကို ခရီးထွက်ကြရသည်.. ဘတ်စ်ကားကြီး ၇ စီး တန်းကာစီလျက်..
အဲ့ဒိနေ့မှာပဲ ဆိုးလ်မြို့ပြင်မှာရှိသည့် ချန်ဂင်ရုပ်ရှင်ရိုက်ကွင်းမြို့တော်နှင့် EverLand ကစားကွင်းကို သွားရသည်.. Folk Village ရုပ်ရှင်ရိုက်ကွင်းက ရှေးဟောင်းအိမ်ပုံစံတွေ နန်းတော်ပုံစံတွေ ဈေးတန်းတွေ.. ရာဇ၀င်ကားများ ဒီထဲမှာပဲ ရိုက်ကြတာများသည်.. ငါတို့မြန်မာနိုင်ငံမှာလည်း ဒါမျိုးရိုက်ကွင်းတွေဘယ်တော့မှ ပေါ်လာမှာလဲ.. အားကျလိုက်တာ.. ဈေးတန်းမှာ ရောင်းသူတိုင်းက ရှေးဟောင်းဝတ်စုံများဝတ်ရောင်းခြင်းဖြစ်သည်.. ဒီတော့ ရိုက်မယ်ဆိုရင် ဈေးသည်တွေဘာတွေ သဘာဝကျအောင် ထည့်စရာမလိုတော့.. ခေတ်အ၀တ်အစားတွေဖြစ်နေသည့် တိုးရစ်စ်များကို ခဏဖယ်ခိုင်းလိုက်ရုံပဲ.. နေ့လည်စာစားပြီးမှ အဲ့ဒိကထွက်လာပြီး ညနေ ၃ နာရီခန့်တွင် အဲဗားလန်းသို့ရောက်သည်.. ရိုလာကိုစတာတွေ G5 သရဲအိမ် အစုံအစုံပဲ.. တကယ်တော့ အဲဗားလန်းက ည ၉ နာရီဆိုပိတ်သည်.. သို့သော် Youth Camp အဖွဲ့ကိုချွင်းချက်ထားပေးသည်.. ရေလည်ဗြောင်းဆန်အောင် သောင်းကျန်းပြီး အဲဗားလန်းက ထွက်လာတော့ ည ၁၁ နာရီ.. အဲဒီတော့မှ Gyeongju မြို့ကို ဦးတည်ပြီးသွားတော့သည်.. ပင်ပင်ပန်းပန်းနှင့် ကားပေါ်မှာ အိပ်ပျော်သွားရင်း ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် ခေတ်မှီကစားကွင်းဆိုသည့်ဟာကြီးထဲမှာ မောင်နှမတွေပျော်ခဲ့ဖူးတာကို အိပ်မက်မက်လိုက်သေး၏..
Gyeongju ဆိုတာက ရှေးဟောင်းအိမ်ပုံစံအများအပြားဖြင့် နန်းဆန်သောမြို့လေးဟု ဆိုရမည်.. ဘုရင်များ၏ သင်္ချိုင်းတွေလည်းရှိ၏.. အဲ့ဒိမြို့က အစီအစဉ်များက ပျင်းရိစရာအနည်းငယ်ကောင်းသည်.. မိုးကလည်း ရွာရွာနေတော့ အစီအစဉ်အတော်များများ ဖျက်လိုက်ရသေးသည်.. အဆောင်ထဲမှာပဲ ရုန်းစုရုန်းစုဖြင့် ပျော်စရာရှာကြရတာများနေတော့ အားရပါးရ အိမ်လွမ်းဖြစ်သည်.. ရောက်ကတည်းက နှစ်ခါပဲ ဖုန်းဆက်ဖြစ်သည်.. ဆက်ရခက်တာလည်းတကြောင်း ပိုက်ဆံလည်းသိပ်မရှိသဖြင့် ဖုန်းကတ်ထပ်မ၀ယ်ဖြစ်.. ခုမှ မိုးကရွာ ပျင်းကလည်းပျင်းနေတော့ အိမ်ကိုအတော်လေးလွမ်းမိသည်.. ကာရာအိုကေ ဆိုနေကြသည့် သူငယ်ချင်းများဆီသွားရင်း ငါလည်းဆိုမယ် ဆိုပြီး ထူးအိမ်သင်အခွေကို ပေးလိုက်ကာ အမေ့အိမ်သီချင်းကို အားရပါးရဆိုဖြစ်၏.. ~~ အိပ်မရတဲ့ ညများစွာထဲ ~~ ရထားဥသြသံလေးများကြားရင် ~~ အိမ်ပြန်ချင်တဲ့စိတ်လေး တားမရနိုင် ~~ .. ကိုယ့်ဘာသာစကားဖြင့် ကိုယ်ဆိုကြသူတွေကို သီချင်းအဓိပ္ပါယ်ကိုမေးကြတော့ အိမ်လွမ်းတဲ့ သီချင်းလို့ ဖြေရင်း မျက်ရည်ဝဲမိသေးသည်.. မြန်မာသနပ်ခါးတွေ တောင်းတောင်းလိမ်းတတ်တဲ့ Bum Oppa က လာချော့တော့မှ ပိုဆိုးသွားတော့တာပဲ.. တကယ်ကိုငိုမိသွားတော့ တခြားနိုင်ငံမှ သူငယ်ချင်းများပါ ဓာတ်ကူးသွားဟန်တူသည်.. အင်ဒိုနီးရှားက ကောင်မလေးကလည်း ငိုသည်.. မလေးရှားက ကောင်လေးကလည်း ငိုသည်.. စင်ကာပူက တရုတ်မလေးကလည်း မဲ့တဲ့တဲ့.. ကာရာအိုကေအဖွဲ့မှ ငိုချင်းအဖွဲ့ဖြစ်သွားတော့သည်..
Gyongju မြို့မှာ တစ်ပတ်လောက်နေပြီးမှ Pyeong-chang မြို့လေးဆီ ဆက်သွားကြသည်.. ဖျောင်ချန်းသွားသည့် အဓိကရည်ရွယ်ချက်က `အိုထဲချွန်း´ချောင်းတွင် Rafting Activity ခရီးကြမ်းလှေလှော်ခြင်းလုပ်ရန်.. ပြီးတော့ မီနီအိုလံပစ်ဟု ခေါ်သည့် အဖွဲ့လိုက် အားကစားပြိုင်ပွဲတွေ ပြုလုပ်ရန်ဖြစ်သည်.. ပြီးတော့ camp food festival လည်းလုပ်ကြမည်.. နိုင်ငံအလိုက် မိမိတို့ ဒေသစားစရာတွေကို ချက်ပြုတ်တည်ခင်းရသည့် ပွဲတော်.. မြန်မာနိုင်ငံမှ စားစရာအနေဖြင့် အသင့်စားမုန့်ဟင်းခါးထုပ်များကို ချက်ပြုတ်ကျွေးမွေးသည်.. ဆီထမင်းထိုးသည်.. နှမ်းထောင်းလေးက မွှေးမွှေး.. လက်ဖက်သုပ်လည်းပါသည်.. မုန့်ဟင်းခါးကို အတော်ကြိုက်ကြသည်.. ကိုယ်ကတော့ မုန့်ဟင်းခါးရော လက်ဖက်ရော မကြိုက်တတ်သူမို့ သူများနိုင်ငံတွေဆီသာ လိုက်စားဖြစ်သည်.. ထိုင်းမှ တုန့်ယမ်းဟင်းချိုက အတော်လေးကောင်းသည်.. ပြီးတော့ အင်ဒိုနီးရှားမှ ဆန်မုန့်တွေ.. ကိုရီးယားမှ ခေါက်ဆွဲအေး.. စုံစီနဖာလိုက်စားရင်း မြန်မာနိုင်ငံမှ ခေါက်မုန့်ကို မဆီမဆိုင်သတိရနေမိသည်.. ထန်းလျက်ရည်များများ.. ပဲစေ့လေးတွေနဲ့ အုန်းသီးဆံ နုနုလေးများနှင့်.. အားပါးပါး…
ဖျောင်ချန်းမြို့မှ အပြန် လမ်းမှာတော့ ဟွန်ဒိုင်းစက်ရုံကြီးကို ၀င်လေ့လာရသည်.. ကြီးမားခန့်ညားလိုက်တာ.. ပြန်ရောက်မှ မြန်မာ့စက်မှုဇုံထဲ သွားလည်ဦးမှလို့ မြန်မာမလေး ယဉ်မင်းနှင့် တိုင်ပင်လိုက်သေးသည်.. (ပြန်လာတော့လည်း မသွားဖြစ်ခဲ့ပါ).. ကားစက်ရုံထဲမှာ ဓာတ်ပုံမရိုက်ရလို့ တားမြစ်ထားပေမယ့် ပါကစ္စတန်က ဂျင်မီ ဓာတ်ပုံခိုးရိုက်နေတာတွေ့သည်.. မြန်မာတွေတင် စည်းကမ်းမရှိတာမဟုတ်ပါဘူးနော်လို့ စိတ်ထဲကနေ လှမ်းရန်ဖြစ်နေမိသေး၏.. ဟွန်ဒိုင်းကနေ ဆိုးလ်ကို အပြန်လမ်းမှာ အရှေ့ဘက်ပင်လယ်တစ်လျှောက်ဖြတ်ပြန်ခဲ့ရသည်.. တံငါရွာလေးတွေလို့ Juno Oppa က ပြောပြသည်.. ရွာတဲ့လား.. ကတ္တရာလမ်းမပြန့်ပြန့်ပြူးပြူး.. သင်္ဘောတွေအစီအရီ.. သပ်သပ်ရပ်ရပ်ခြံဝန်းများနှင့် အိမ်ကလေးတွေ.. အိမ်တိုင်းမှာ ဖုန်းရှိသည် မီးလာသည် တီဗီကြည့်လို့ရသည် အင်တာနက်သုံးနိုင်သည်.. မြို့တက်ချင်လျှင် အချိန်မရွေး ကားရှိသည်.. အော်.. တံငါရွာပါတဲ့..
ကားတစ်ထောက်ရပ်နားကွင်းမှာ နားကြတော့လည်း မြန်မာပြည်အဝေးပြေးလမ်းမများပေါ်ရှိ ထမင်းဆိုင်များနှင့် နှိုင်းယှဉ်ကြည့်ရင်း အားမလိုအားမရဖြစ်နေမိပြန်သည်.. တခြားနိုင်ငံမှလူများကတော့ ထိုသို့ဖြစ်သည့်ပုံမပေါ်.. သူတို့နိုင်ငံတွေက အဝေးပြေးကားရပ်နားစခန်းတွေကလည်း ဒီလိုခေတ်မှီမှီတွေပဲလား.. အိမ်သာ ရေချိုးခန်းတွေ သပ်ရပ်ကျယ်ဝန်းသည်.. သန့်ရှင်းနေသည်.. Food Court တွေက အကြီးကြီးတွေ ထိုင်စရာခုံတွေ စားပွဲတွေက ပုံစံအမျိုးစုံလေးတွေ.. သက်တောင့်သက်သာရှိလိုက်တာ.. အဲ့ဒိမှာတုန်းက ၁ တောင်လောက်ရှိသည့် ၅၀၀၀ တန်ရောင်စုံရေခဲမုန့်ကြီး ၀ယ်စားခဲ့သည်.. တစ်ယောက်ထဲတော့မဟုတ် ကိုရီးယားအစ်ကိုကြီး ဂျဂျွန်း.. ထိုင်းက sib.. ဗီယက်နမ်က ထန်.. Uzbekistan မှ အူစကာတို့နှင့် ၅ ယောက်ပေါင်းဝယ်စားခြင်းဖြစ်သည်.. ၅ နိုင်ငံ ချစ်ကြည်ရေး ရေခဲမုန့်လို့ပြောပြီး ရယ်ကြရသေး၏..
ဆိုးလ်ကိုပြန်ရောက်သည့် တစ်နေ့ကို အားလပ်ရက်အဖြစ်ပေးထားသည်.. ကြိုက်သည့်လူ ကြိုက်သည့်နေရာသွားနိုင်သည်.. ကိုယ့်ခင်ရာမင်ရာ တွဲကာ သွားကြသည်.. ကိုယ်တွေအဖွဲ့ ၅ ယောက်ကတော့ မနက်ခင်းတစ်ခင်းလုံး အိပ်ရာထဲပစ်ဝင်ကာ.. နေ့လည်စာ စားချိန်ရောက်မှ စထွက်ကြသည်.. ဘတ်စ်ကားစီးတော့ တစ်ယောက် ၀မ် ၉၀၀ ပေးရသည်.. အင်.. နှမျောလိုက်တာ.. ရန်ကုန်မှာဆို ၁၀၀ ပဲတန်တဲ့ခရီးနော်.. ဒုံထဲမွန်း.. နမ်ထဲမွန်း စသည့် အရှေ့ဂိတ်ဈေးကြီး အနောက်ဂိတ်ဈေးကြီးတွေဆီရောက်သည်.. အတော်အံ့သြစရာတစ်ခုလည်း ကြုံခဲ့ရသည်.. ဈေးထဲကထွက်လာပြီး လမ်းဘေးမှာ ရောင်းနေသည့်ဈေးဆိုင်လေးမှာ ရေသန့်ဗူးဝယ်သောက်ကြသည်.. သူတို့ဆီမှာ ရေသန့်ကဈေးကြီးသည် ပုလင်းသေးလေးတွေကိုတောင် ၁၂၀၀ ပေးရသည်.. အအေးဗူးတွေက လမ်းဘေးစက်တွေမှာ ၅၀၀ တန်အကြွေစေ့ထည့်သည်နှင့် ရနိုင်သည်.. ထားပါတော့.. ရေ၀ယ်ပြီးတော့ ကားငှားဖို့ လမ်းဘေးမှာရပ်စောင့်နေတုန်း ဆိုင်အရိပ်လေးမှာ ရပ်ပြီးနေကြတာ.. ဆိုင်ရှင်အဖွားကြီးက ထွက်ကာ ရေနှင့်ပက်ပါတော့သည်.. အရိပ်မခိုဖို့လည်း အော်ဟစ်နှင်ထုတ်၏.. မျက်လုံးအတော်ပြူးသွားသည်.. ခုနကပဲ သူ့ဆိုင်မှာ ရေတွေဝယ်ထားတာ.. ဆိုင်ဘေးက အရိပ်လေးခိုတာတောင် ခွင့်မပြုချင်ဘူးလား.. မြန်မာပြည်က ကွမ်းယာဆိုင်လေးများကို သတိရသွားတော့ အတော်တောင် စိတ်ပျက်သွားသည်.. ပြန်တောင်ပြန်ချင်လာပြီ..
ပြန်မည့် တစ်ပတ်မှာ Home Stay Program လုပ်ပေးသည်.. Camp ထဲမှ လူငယ်များကို ကိုရီးယားမိသားစုများမှ အိမ်အလည်ခေါ်သည့် အစီအစဉ်.. ဒီတွေ့ဆုံပွဲကြီး စစီစဉ်ကတည်းက မိန်းကလေး ဘယ်နှယောက်ခေါ်ချင်သည်.. ယောက်ျားလေးဘယ်နှယောက်ခေါ်မည် စသည်ဖြင့် လာပြီး စာရင်းပေးထားရသည်ဟုပြောသည်.. စီစဉ်သူများက စာရင်းပေးသည့် မိသားစု၏ ငွေကြေးအခြေအနေ.. လူမှုရေး..မိသားစုအခြေအနေများကို စိစစ်ပြီးမှ လူခေါ်ခွင့်ပြုမပြု အကြောင်းပြန်သည်တဲ့.. မိသားစု ၅ ယောက်ရှိသော အိမ်လေးတစ်အိမ်မှာ နေခွင့်ရလိုက်သည်.. အာပါးရယ်. အိုမားရယ်.. ပြီးတော့ သမီးအကြီးဆုံးက ၁၅ နှစ်အရွယ်.. သမီးလတ်က ၁၂ နှစ်နှင့် သားအငယ်ဆုံးလေးက ၈ နှစ်.. အင်္ဂလိပ်စကားကို အပြောနိုင်ဆုံးက သမီးလတ်ဖြစ်သည်.. သူ့ကိုပဲ အဓိက ထားကာ communicate လုပ်ရ၏.. သူတို့နေသလိုနေ သူတို့စားသလိုစား.. အိုမားနှင့် ကူပြီးအိမ်အလုပ်တွေလုပ်.. အလတ်မလေးနှင့်တူတူ တီဗီကြည့်.. အကြီးမလေးနှင့် ဈေးလိုက်ဝယ်.. မောင်ငယ်လေးနှင့် ဂိမ်းပြိုင်ဆော့.. သူတို့လိုက်ပို့သည့် နေရာတွေသွား.. မိသားစုတစ်ခု ရလိုက်တော့ အိမ်လွမ်းတာ နည်းနည်းသက်သာသွားသည်… အတော်ကောင်းတဲ့ အစီအစဉ်ပဲ.. အရမ်းကို သဘောကျမိသည်.. လူလတ်တန်းစား ကိုရီးယားမိသားစုဘ၀ကို မြည်းစမ်းခွင့်ရလိုက်သည်..
မိသားစုများဆီမှ ပြန်ရောက်လာကြတော့ Tower Hotel မှာ နှုတ်ဆက်ပွဲအစီအစဉ်သာ ကျန်တော့သည်.. နှုတ်ဆက်ပွဲညက အချင်းချင်း လက်ဆောင်တွေလဲကြ.. လိပ်စာတွေ အပြန်အလှန်ပေးကြ.. မျက်ရည်လည်ရွှဲဖြင့် ပွေ့ဖက်နှုတ်ဆက်ရင်း ဓာတ်ပုံတွေရိုက်ကြ.. Heal the World သီချင်းကို အားလုံးတူတူသီဆိုကြတော့ အိမ်ကိုတောင် မပြန်ချင်တော့ဘဲ ဒီသူငယ်ချင်းများနှင့် မခွဲနိုင်မခွာရက်ဖြစ်လာပြန်သည်.. ~~ Heal the World .. Make a better place.. For you and for me and the entire human race ~~ .. ဘာသာစကားနဲ့ ယဉ်ကျေးမှုကွဲပြားတာဟာ လူသားတွေရဲ့ချစ်ခင်မှုကို အဟန့်အတားမဖြစ်စေနိုင်ပါဘူးနော်.. စင်ကာပူမှ တရုတ်မလေးနှင့် ဘရူနိုင်းမှ ခေါင်းမြီးခြုံကုလားမလေး တစ်ယောက်နဲ့ တစ်ယောက်ဖက်ပြီးငိုနေကြတာ.. မွန်ဂိုကောင်လေးနဲ့ အင်ဒိုနီးရှားကကောင်လေး ပုခုံးချင်းဖက်ကာ နှုတ်ဆက်နေကြတာ.. ကိုယ် ကိုယ်တိုင်လည်း ထိုင်းက သူငယ်ချင်းများနှင့် စကားလက်ဆုံပြောမကုန်တာ.. ကမ္ဘာသူ ကမ္ဘာသားအားလုံး တစ်ယောက်နဲ့ တစ်ယောက်ချစ်ခင်စရာပါ.. တရားဝင်နှုတ်ဆက်ပွဲကြီးပြီးတော့ ည ၁၁ နာရီထိုးပြီ.. အချင်းချင်း ခင်ရာမင်ရာတွေ လမ်းဘေးအရက်ဆိုင် ဘီယာဆိုင်လေးတွေဆီ ချီတက်ကြပြန်သည်.. မနက် ၆ နာရီ ဖလိုက်နဲ့ပြန်ရမယ့် လူတစ်ချို့ကတော့ နှုတ်ဆက်အိပ်ရာဝင်သွားကြပြီ..
နောက်နေ့မနက်ကျတော့ ထိုင်းကလူငယ် ၁၅ ယောက်နဲ့ မြန်မာက ၁၀ ယောက်ကို အိမ်ရှင်ကိုးရီးယား ၈ ယောက်က အင်ချွန်းလေဆိပ်ကို လိုက်ပို့ပေးကြသည်.. အလာတုန်းကတော့ Korean Air ကိုစီးရတော့ ရန်ကုန်-အင်ချွန်း တိုက်ရိုက်ပဲ.. အပြန်မှာတော့ ထိုင်းနိုင်ငံ၏ သုဝဏ္ဏဘူမိလေဆိပ်မှာ Transit.. လေဆိပ်ရောက်ပြန်တော့လည်း ပြန်ချင်တာပဲ သိတော့သည်.. အိမ်ကိုလွမ်းလှပြီ.. အမေ အဖေတို့နှင့် တွေ့ချင်လှပြီ.. အတွေ့အကြုံတွေကိုလည်း စည်စည်ညံညံ ပြောပြချင်နေပြီ.. မြန်မာ ထမင်းဟင်းတွေလည်း စားချင်လှပြီ.. ထိုအချိန်မှာတော့ ဘယ်နိုင်ငံ ဘယ်သူငယ်ချင်းကိုမှ မတွယ်တာနိုင်တော့.. ပြန်မည်.. အိမ်ကိုပဲ ပြန်မည်.. လေယာဉ်ပေါ်တက်ပြီး နေသားတကျ ထိုင်ပြီးသည်နှင့် စိတ်က အင်မတန်ကို တက်ကြွနေသည်.. မြန်မြန်သာရောက်လိုက်ပါတော့.. Transit time က ၁၀ နာရီလောက်ကြာမည်ဆိုတာသိတော့ ထိုင်းက သူငယ်ချင်းများက ပြည်တွင်းဝင်လည်ရန် အကြံပေးနေသေးသည်.. သို့သော် အဆင်မပြေလှ.. ကိုရီးယားကနေ နေ့လည် ၁၁ နာရီထွက်သည့်လေယာဉ်သည် ထိုင်းကိုတော့ မနက်ကြီး ၂ နာရီလောက်မှာ ရောက်သွားမှာ.. လေဆိပ်ထဲမှာပဲ ၁၀ နာရီကို ဖြုန်းတီးပစ်လိုက်ကြသည်.. ၁၀ ယောက်သား မြန်မာစကားတွေပြော.. ဟိုကလူတွေကို သတိရလိုက်.. အိမ်ကို သတိရလိုက်နှင့် ဂယောက်ဂယက်အတော်ထပြီးတော့ MAI ပေါ်ရောက်သည်.. `မင်္ဂလာပါ´လို့ ပီပီသသနှုတ်ဆက်သည့် လေယာဉ်ဝန်ထမ်းအားလုံး ချစ်ဖို့ကောင်းနေ၏..
ရန်ကုန်လေဆိပ်ရောက်တော့ လူတိုင်း ခုန်ဆွခုန်ဆွဖြစ်နေပြီ.. ပြည်တွင်းအ၀င်စစ်ဆေးသူများကလည်း စပ်ဖြဲဖြဲ မြောက်ကြွကြွဖြင့် ဆင်းလာကြသည့် လူငယ်လေးများဆီမှ အပျော်ကူးစက်သွားလားတော့မသိ.. သိပ်ပြီး စစ်စစ်ဆေးဆေးမရှိလှဘဲ ပြည်တော်ပြန်ဝင်ခွင့်ရခဲ့သည်.. ပြန်ရောက်ပြီ.. ပထမဆုံး အမေ့ကိုမြင်သည်.. ပြီးတော့ အစ်ကို.. ပြီးတော့ ညီမလေးနှင့် အဖေ.. `ကိုရီးယားသွားတာလား.. ဘဂ္ဂဒက်သွားတာလား´လို့ မြင်သူတိုင်း နောက်ကြ၏.. နေပူထဲတွေ သွားရလာရ.. ပင်လည်းပင်ပန်းသောကြောင့် အသားတွေမည်းပြီး ၁၀ ယောက်လုံး ပိန်ညှောင်ကာပြန်လာကြတာကိုး.. အိမ်ကလူတွေနှင့် ပြန်တွေ့တော့လည်း ဘာကိုမှ သတိမရနိုင်တော့ဘဲ အတူသွားသည့် သူငယ်ချင်းတွေကိုတောင် ဖြစ်သလိုလေး နှုတ်ဆက်ကာ.. ကားပေါ်ရောက်သည်နှင့်… `ဘယ်လိုလဲ ပျော်ခဲ့လား.. ဖုန်းတောင် ၃ ခါလေးပဲဆက်တယ်.. ပျော်လာမှာပါ´ .. စသည့် စကားသံများကို တုန့်ပြန်ရတော့သည်.. `ဒါလောက်ကြီးလည်း ပျော်တယ်ရယ်မဟုတ်ပါဘူး.. အိမ်ကိုပဲ လွမ်းတာ´လို့ ပြောတော့ အစ်ကိုက ချွဲသည်ဟု ထအော်၏.. မချွဲပါဘူးနော်.. အမှန်အတိုင်းပြောတာပဲ မဟုတ်လား.. ဒါပေမယ့် တုန့်ပြန်ပြီး ရန်မဖြစ်မိ.. ပြောချင်သည့် စကားတွေက ပါးစပ်ဖျားမှာ စီနေသဖြင့် အလျင်အမြန် တရစပ်ထုတ်ပစ်ရသည်..
`ကိုရီးယားမှာလေ.. သိလား.. .. .´
နေ့အိပ်မက် တဂ်ထားတဲ့ အိမ်လွမ်းသူ ပို့စ်လေးပါ.. အိမ်နဲ့က သိပ်ပြီးခွဲမနေဖူးတော့.. ဒီခရီးစဉ်ကိုပဲ ရေးဖြစ်သွားတယ်.. Camp အကြောင်းလည်း ရေးမယ်စိတ်ကူးပြီး မရေးဖြစ်တော့ ခုတစ်ခါထဲ ရောချလိုက်ပါတယ်
ညီ
ရက်တိုလေးတောင် အဲ့လောက်လွမ်းနေရင်
ပြင်ပမှာ အလုပ်တွေလုပ်ပြီး ပြန်ချင်ပေမယ့် ပြန်ခွင့်မရနိုင်
ငွေရေးကြေးရေး အဆင်မပြေမှုတွေနဲ့
အင်း
လွမ်းရေးထက် ၀မ်းရေးခက်တယ်ကွာ
အိမ်ပြန်ချင်တယ်
တို့ များကိုကိုယ်ချင်စားပေါ့ အေ …………….
ခုတစ်ခေါက်မပြန်ခင် မေမေ့ ကိုပြောမိသေး မေ လို့ ဒီရန်ကုန်အိမ်ကနေပြီး စလုံးအလုပ်ကို သွားတက်လို့ ရရင်ကောင်းမယ်နော်လို့  ..ဟိ
မိုက်ပါ့ တစ်ချက်ခုတ် နှစ်ချက်ပြတ်.. နေ့အိပ်မက်လည်း fbမှာ ဓာတ်ပုံတွေကြည့်ပြီး အဲဒီအကြောင်းဖတ်ချင်နေတာ.. ကျေးဇူး နှစ်မျိုးလုံးရေးပေးလို့…
ပြန်ရောက်ရောက်ချင်းတစ်လလောက်မှာ ငါစိတ်အညစ်ဆုံး မကြားချင်ဆုံးက အဲ့ကိုးရီးယားမှာလေ ဆိုတာပဲ .. အရူးမ .. ငါတော့ နင့်သူငယ်ချင်းလေး ဂျိမ်းကိုပဲ လွမ်းတယ် .. ဟီဟိ အဲ့ကောင်မလေးက အရပ်ပုပုနဲ့ ချစ်ဖို့ကောင်းမှကောင်း
မပုရှာပါဘူး..
ဖတ်လို့ ကောင်းတယ်ဗျ…..း)
ဖတ်လို့ကောင်းပါသည်။ ကိုးရီးယားတစ်ခေါက်ရောက်သွားသလိုပဲ။
မြန်မာလူငယ်တစ်ယောက်အနေနဲ့သွားရတဲ့အတွက်လည်း
ဂုဏ်ယူမိပါတယ် ဒေါ်ညီရေးး)
နညလေး အိမ်ကိုလွမ်းတာကတော့ ပြောမနေပါနဲ့တော့ဟယ် ပျော်ရာမှာမနေရ တော်ရမှာနေရတဲ့ စကားကိုခုဒီရောက်မှ ကောင်းကောင်းနားလည်တော့တယ် ။
ဒါဆို ငါကံကောင်းတာပေါ့..နော အယ်လ်ဘီ ရယ်..
၂၀၀၈ လောက်မှ သိတာ သိပ်ကံကောင်းပဲ..ဟာ..
မဟုတ်ရင် အဲ့ ကိုရီးယားမှာလေ …နဲ့…`
kat kywar tar pae byar :p
ဒါလေးပဲ ကြွားစရာရှိတာပါဗျာ
gone yu par tal lay.
arrga lu nge chay tat tway pae
အိမ်ကိုများ
လွမ်းပါဘူးးးးးးး
ပြန်ပဲပြန်ချင်တာ..
ဒါဆို မမ ဆီဘဲ ဆက်နော်
မမ